..............................

Tuesday, August 25, 2009

နအဖ လက်အောက်ခံ မရာ တပ်မတော်ဖွဲ့စည်း

ဇာနည်မာန်
Monday, 24 August 2009

ချင်းမျိုးနွယ်စုဝင် မရာ တိုင်းရင်းသားတို့၏ ဒေသတွင် စစ်အစိုးရ၏ လမ်းညွှန်မှု၊ စစ်မှုထမ်း ဟောင်းများ ပူးပေါင်း ဆောင်ရွက်မှု တို့ဖြင့် မရာ တပ်မတော် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အိန္ဒိယ - မြန်မာနယ်ခြားဒေသကို စောင့်ရှောက်ကာကွယ်ရန်နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွင်း မငြိမ်မသက် ဖြစ်ပါက မြန်မာ စစ်တပ်နှင့် ပူးပေါင်း၍ ကူညီဖြေရှင်းရန် မရာ တပ်မတော်ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရရဲ့ လမ်းညွှန်မှုနဲ့ ၂ဝဝ၉ ဇွန် ၁၅ ရက်နေ့မှာ စစ်တပ်ကနေ အနားယူတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေက ပြည်သူ့ တပ်မတော် ဖွဲ့ပေးတာပါ” ဟု ဒေသခံ ချင်းတိုင်းရင်းသား တဦးက ဧရာဝတီသို့ ပြောသည်။

မရာ တိုင်းရင်းသားများသည် ချင်းပြည်နယ် မတူပီ၊ ပလက်ဝနှင့် ထန်တလန် မြို့နယ် တို့တွင် ပျံ့နှံ့ နေထိုင်ကြသူများ ဖြစ်ပြီး လူမျိုးစု တစုတည်း ဖြစ်ရေးနှင့် မရာ သီးခြားမြို့နယ် ထားရှိပေးရန် စစ်အစိုးရထံ တောင်းခံထားသည်။

“အဓိက သူတို့ဦးတည်တာကတော့ မြို့နယ်သုံးခုမှာ ကွဲနေတဲ့ မရာ လူမျိုးတွေကို တမြို့နယ် တည်းမှာ စုစည်းပြီး အုပ်ချုပ်ရေး တခုတည်း အောက်မှာ ထားဖို့ အတွက်ပေါ့။ ဒီအတွက် သူတို့က တောင်းဆိုပြီး အစိုးရကို ဒါတွေ ပြန်လုပ်ပေးတဲ့ သဘောပဲ။ သူတို့ ထုတ်ပြန်ချက် မှာလည်း အဲဒီလိုပဲ ရေးထားတယ်” ဟု ချင်းလက်နက်ကိုင် အဖွဲ့ ဖြစ်သော အိန္ဒိယ - မြန်မာနယ်စပ် အခြေစိုက် ချင်းအမျိုးသား တပ်ဦး (CNF) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးရာနှင်းက ပြောသည်။

ဆပေါင်းတည် နယ်မြေခံတပ်ရင်းမှ ဒုတပ်ရင်းမှူးက မရာ လူမျိုးစုများနှင့် သြဂုတ် လဆန်းပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြို့နယ် သီးခြား ထားရှိပေးရန် ကိစ္စကိုမူ ပြောဆိုခဲ့ခြင်း မရှိဘဲ လာမည့် စက်တင်ဘာတွင် ထပ်မံ တွေ့ဆုံရန် ချိန်းဆိုထားသည်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ကတော့ ဒီလိုလုပ်တာဟာ ကျနော်တို့ CNF ကို ဆန့်ကျင် တာပဲလား လို့တော့ တွေးစရာ ပေါ့လေ။ တိုင်းရင်းသား အချင်းချင်း ကြားထဲမှာ၊ ကျနော်တို့ မျိုးနွယ်စု အထဲမှာ ပြဿနာ ဖန်တီးချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ အရင်ကတည်းက သူတို့ ဒီလိုမျိုး ခွဲထွက်လာတာကို လက်မခံဘူး။ အချင်းချင်း ကြားမှာ သွေးထွက် သံယိုဖြစ်လာမှာကို လက်မခံဘူး” ဟု ဦးရာနှင်းက ပြောသည်။

လက်တလောတွင်မူ စစ်အစိုးရက အဆိုပါ မရာ တပ်မတော်ကို လက်နက်များ တပ်ဆင်ပေးခြင်း မရှိသေးဘဲ မရာ တပ်မတော် အဖြစ် ဖွဲ့စည်းခြင်းကို တွေ့ဆုံ လက်ခံသည့် အနေအထားသာ ရှိသေးသည်။

ယခင်အပတ်ကလည်း မတူပီ နယ်မြေခံတပ်ရင်း ၃၀၄ က ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ ရွာ ၉ ရွာမှ အသက် ၁၈ နှစ်အထက် ချင်းတိုင်းရင်းသား လူငယ်များကို စစ်သင်တန်း တက်ရောက်ရန် စာရင်းများ ကောက်ယူခဲ့သေးသည်။

ထို့အတူ ချင်း ပြည်နယ်မြို့တော် ဟားခါးတွင်လည်း စစ်မှုထမ်းဟောင်း အဖွဲ့ ညီလာခံကို ကျင်းပခဲ့ပြီး ပြည်နယ်တွင်း တိုင်းရင်းသား များကို စည်းရုံး ထိန်းချုပ်နိုင်ရေးနှင့် စစ်သင်တန်း ပေးရန် ကိစ္စများကို ဆွေးနွေး ကြသည်ဟု ဒေသခံများက ပြောသည်။

“စည်းရုံးရေးကတော့ နအဖအနေနဲ့က သူ့မူအတိုင်း လုပ်မှာပဲလေ။ အပစ်ခတ်ရပ် အဖွဲ့တွေ အနေနဲ့ သတိထား ဖို့ကတော့ အခု နအဖရဲ့ ဖွဲ့စည်းပုံ၊ နောက် လာမယ့် ရွေးကောက်ပွဲ ဆိုတာက တိုင်းပြည်မှာ တကယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ့် အခွင့်လမ်း နည်းတယ်။ ကိုယ်က တော်လှန် တိုက်ပွဲဝင်ခဲ့တဲ့ အကြောင်းရင်း ကိုလည်း မမေ့ထားဖို့ လိုတယ်” ဟု ဦးရာနှင်းက ဆိုသည်။

CNF အနေနှင့်မူ စစ်အစိုးရ၏ လုပ်ဆောင်ချက်များနှင့် စစ်အစိုးရက ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ ကိုလည်း ကန့်ကွက်သည်ဟု ဆိုသည်။

သူကဆက်လက်၍ “ကျနော်တို့ CNF ကတော့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်တယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်လောက် ကန့်ကွက် ကန့်ကွက် နအဖကတော့ သူ့ အစီအစဉ်နဲ့ သူ လုပ်မှာပဲ။ ၀င်ချင်တဲ့ ပြည်သူတွေကိုလည်း မတားပါဘူး။ ဒါပေမယ့် ပြည်သူတွေ အနေနဲ့ကတော့ ဒီမိုကရေစီ အပြောင်းအလဲကို တကယ်လုပ်ချင်တဲ့၊ လုပ်နိုင်တဲ့ သူတွေကိုပဲ ရွေးချယ်သင့်တယ်” ဟုပြောသွားသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့