..............................

Tuesday, August 25, 2009

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီသစ် မဟာမိတ် တပ်မတော် (ကိုးကန့်) အဖွဲ့က နအဖနဲ့ ဆက်ဆံရေး ယာယီ ရပ်ဆိုင်း ကြောင်း ထုတ်ပြန်ထား

သြဂုတ်လ ၂၄ ရက်၊ ၂၀၀၉ ခုနှစ်။

မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီသစ် မဟာမိတ် တပ်မတော်ခေါ် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ(၁)၊ ကိုးကန့် တပ်ဖွဲ့က အခုလ(၂ဝ)ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ပါရှိသည်။

အခုလ(၁၁)ရက်နေ့က ကိုးကန့်တပ်ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးအား လောက်ကိုင်ရှိ ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ်တွင် ခေါ်ယူပြီး (၅) နာရီကြာ ဖမ်းဆီးထားသည့် အပေါ် ကန့်ကွက်သည့် အနေဖြင့် မြန်မာ စစ်အစိုးရနှင့် ဆက်ဆံရေး ယာယီ ရပ်ဆဲလိုက်ကြောင်း ကိုးကန့် အဖွဲ့၏ အင်တာနက် ဝက်ဆိုက်တွင် ဖေါ်ပြ ထားသည်။

အခုလ(၈)ရက်နေ့က လောက်ကိုင် အခြေစိုက် စစ်တပ်နှင့်ရဲ တပ်ဖွဲ့ အင်အား (၇ဝ) ခန့်က ကိုးကန့် တပ်ဖွဲ့ ဥက္ကဌ ဖုန်ကျားရှင် နေအိမ်ရှိ ဂိုဒေါင်အား ရှာဖွှေရန် သွားရောက်စဉ် နှစ်ဖက်အကြား ပစ်ခတ်လုနီးပါး ပြဿနာ တက်ခဲ့သလို ဒေသခံလူထု တစ်သောင်းကျော် တရုတ်ပြည်ဘက် ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် ဖြေရှင်းရန် နောက်တနေ့တွင် ရောက်လာသော်လည်း ကိုးကန့် ဥက္ကဌအပါအဝင် ထိပ်တန်း ခေါင်းဆောင်များက တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယခုလ(၁)နေ့က လောက်ကိုင် ဒကစ ဌာနချုပ်သို့ သွားရောက် ခဲ့သည့် ကိုးကန့် တပ်ဖွဲ့မှ ကိုယ်စားလှယ် (၆) ဦးအား ထိန်းသိမ်း ထားခဲ့သည့် အတွက် ယခုလို ကိုးကန့်အဖွဲ့က ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ကာ မြန်မာ စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ထားခဲ့ပြီး အခုနှစ် ဧပြီ (၂၈) ရက်နေ့က စ၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် နအဖ၏ ဖိအားပေး ခံနေရသည်။

Ref: သတင်းနှင့်မီဒီယာကွန်ယက်

0 comments:

အပေါ်သို့