..............................

Thursday, August 27, 2009

နအဖသြဇာခံ ကိုးကန့်ခေါင်းဆောင်များဖြင့် ကိုးကန့် တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းမည်

ခိုင်လင်း / ၂၆ သြဂုတ် ၂၀၀၉

မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ကိုးကန့် တပ်ဖွဲ့ ပြန်လည် ဖွဲ့စည်းရန် ယမန်နေ့က လောက်ကိုင် မြို့တွင် အစည်းဝေး တရပ် ခေါ်ယူ ကျင်းပခဲ့သည်။

လောက်ကိုင်မြို့အခြေစိုက် ဒေသကွပ်ကဲရေး စစ်ဌာနချုပ်၏ စေခိုင်းချက်အရ ယခင် ကိုးကန့် တပ်ဖွဲ့မှ ခွဲထွက်သွားသည့် ကွမ်းလုံ အထူး တိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုးကန့် ဥက္ကဋ္ဌ ဖုန်ကျားရှင် တို့နှင့် သဘောထား ကွဲခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်ကြသည်။

၁၉၉ဝ ခုနှစ်ကျော်ကာလများက ကိုးကန့်တပ်ဖွဲ့ အတွင်း ဖုန် ညီအစ်ကိုနှင့် ရန် ညီအစ်ကို အာဏာလု တိုက်ပွဲများ အတွင်း အရေး နိမ့်သွားသည့် ရန်မိုလျံ၊ ရန်မိုအန်း ညီအစ်ကို ဦးဆောင်သည့် အဖွဲ့မှ ခေါင်းဆောင်များ၊ ဖုန်ကျားရှင်နှင့် သဘောထား ကွဲလွဲကာ နအဖ၏ အကူအညီဖြင့် အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ စသည့် ပုဂ္ဂိုလ်များဖြင့် အဖွဲ့သစ် ပြန်လည် ဖွဲ့စည်းရန် အစည်းဝေးတွင် ဆွေးနွေးခဲ့ကြပြီး ဥက္ကဋ္ဌ ဖုန်ကျားရှင်၊ ညီတော်စပ်သူ ဖုန်ကျားဖု၊ သားများဖြစ်သည့် ဖုန်တာရွှင်၊ ဖုန်တာဖေ့ တို့အား ဝရမ်းပြေးများ အဖြစ် သတ်မှတ် လိုက်သည်ဟု လောက်ကိုင်မြို့မှ လာသည့် သတင်းများအရ သိရသည်။

လောက်ကိုင်မြို့အား လောက်ကိုင်ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ တပ်ရင်းများ အပြင် သိန်းနီ အခြေစိုက် အမှတ် (၁၆) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှ တပ်ရင်း အချို့ ဝင်ရောက်နေရာယူ ထိန်းချုပ်ထားပြီး ယခုအသစ် ပြန်ဖွဲ့စည်းမည့် အဖွဲ့ကို အကာအကွယ် ပေးထားသည် ဟု တရုတ် - မြန်မာနယ်စပ် စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်တို့အဖွဲ့က ဖုန်ကျားရှင်တို့နောက် ပါသွားတဲ့ တပ်ကို ပြန်လာဖို့ ပြောနေတယ်။ ဒီနေ့ နောက်ဆုံးထားပြီး ဝင်လာခိုင်းတယ်။ မဝင်လာရင်တော့ ချမယ်ဆိုတဲ့ သဘောပေါ့ဗျာ။ ဖုန်ကျားရှင်တို့ နောက်မှာလည်း ကိုးကန့်တပ်တွေက ရှိနေတော့ အဲဒီတပ်တွေကို ပြန်အပ် ခိုင်းနေတယ်” ဟု ပြောသည်။

၁၉၉ဝ ဝန်းကျင် ကာလများက ကိုးကန့်တပ်ဖွဲ့ အတွင်း ဖုန်ညီအစ်ကိုနှင့် ရန်ညီအစ်ကို အာဏာလုတိုက်ပွဲ အစောပိုင်းတွင် ရန်အဖွဲ့မှ အသားစီး ရသော်လည်း ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် ဖုန်ကျားရှင်၏ သမက်တော်စပ်သူ ဦးစိုင်းလင်း၏ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (မိုင်းလား) အဖွဲ့က ဝင်ရောက် ကူညီ တိုက်ခိုက်ခဲ့ သဖြင့် ဖုန်ညီအစ်ကိုများ ပြန်လည် အာဏာရရှိခဲ့ပြီး ရန်ညီအစ်ကိုမှာ အရေးနိမ့်ကာ နဝတ၏ အကာအကွယ်ကို ယူခဲ့ရသည်။

ရန်ညီအစ်ကို အဖွဲ့က ကွမ်းလုံခရိုင် အထူးတိုက်ခိုက်ရေး ရဲတပ်ဖွဲ့ အဖြစ် အမည်ပြောင်းပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် နေရ သကဲ့သို့ Peace Myanmar Group (PMG) ကုမ္ပဏီ အမည်ဖြင့် အရက်နှင့် သောက်ရေသန့် ထုတ်လုပ်နေသည်။

ယခုလ (၂၃) ရက်ညပိုင်းက ဖုန်ကျားရှင်၏ နေအိမ်ကို ဝင်ရောက် စီးနင်းရာတွင် အဆိုပါ ရန်အုပ်စုမှ ကွမ်းလုံ အထူးရဲများ ပါဝင်လာသည်ကို ကြည့်လျှင် ဖုန်အမျိုးအနွယ် မိသားစုတို့ ထိန်းချုပ်ထားသည့် ကိုးကန့် တပ်ဖွဲ့အား ဖြိုခွဲရန် ရန်အမျိုးအနွယ် အုပ်စုနှင့် ပိုင်စုံချိန်၊ မင်ရွှေချန်၊ လျူကော်ရှီ တို့ကို နအဖက အသုံးချလိုက်ခြင်း ဖြစ်သည်ဟု ကိုးကန့် တပ်ဖွဲ့များနှင့် နီးစပ်သူ ဒေသခံ တဦးက ပြောသည်။

၎င်းက “သူတို့တွေက အမျိုးသားရေးထက် ကိုယ့်ဆွေမျိုး မိသားစု ကောင်းစားရေး ဘက် ပိုပြီး အလေးသာတယ်။ ရန်ကို ဝိုင်းချလို့ အရေးနိမ်တော့ နအဖက ကောက်မွေးစားထားတယ်။ အခု အသုံးတည့်မယ် ထင်တော့ ကောက်ထုတ်သုံးလာတယ်။ ပြီးတော့ သူတို့တွေက မူးယစ်ဆေးဝါးတွေ၊ လက်နက် ကိစ္စတွေနဲ့ ပတ်သက်နေတယ်။ အဲဒီအတွက် အချင်းချင်း စားခွက်လုပြီး ချနေကြတာ။ အခု ရန်အုပ်စုလည်း မူးယစ်ဆေးနဲ့ မကင်းဘူး။ ရန်ထဲက အငယ်ဆုံးညီ ရန်မိုရှင်းဆိုတာ တရုတ်က ၁၉၉၃ မှာ သူ့ပြည်ထဲမှာ ဘိန်းဖြူတွေမိလို့ သေဒဏ် ပေးလိုက်သေးတယ်” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ်၊ မတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ပထမဆုံး ငြိမ်းချမ်းရေး လုပ်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၁) အဖြစ် သတ်မှတ် ခံထားရသည့် အဖွဲ့ဖြစ်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့