..............................

Friday, August 28, 2009

တရုတ်နိုင်ငံဘက်သို့ ရှမ်းပြည်နယ်မှ လူ ထောင်ပေါင်းများစွာ ထွက်ပြေး

Reuters သတင်းဌာန
သြဂုတ် ၂၇၊ ၂၀၀၉

မြန်မာစစ်အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ အစည်းများ အကြား တင်းမာမှု အရှိန် ပိုမို ကြီးမားလာပြီး ထောင်နှင့် ချီသော လူအမြောက် အများ မြန်မာပြည် အရှေ့  မြောက်ပိုင်းမှ တရုတ်နိုင်ငံ အတွင်းသို့ ထွက်ခွာ သွားကြကြောင်း အစိုးရ အတိုက် အခံများနှင့် မျက်မြင် သက်သေများက ဗုဒ္ဓဟူးနေ့က ပြောသည်။

လူအများအပြားသည် ရှမ်းပြည်နယ် အတွင်းရှိ ကိုးကန့် ဒေသမှတဆင့် နယ်စပ်ကို ဖြတ်ကျော် ၀င်ရောက် ကြသည်ဟု တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ် အတွင်းရှိ မြို့ တမြို့  ဖြစ်သည့် နန်ဆန်မြို့ မှ ရိုက်တာ သတင်းဌာန မျက်မြင် သက်သေ တဦးက ပြောသည်။ ဒေသခံ တသောင်း ခန့်သည့် ကိုးကန့် ဒေသကို သြဂုတ်လ ၈ ရက်နေ့မှ စတင် ထွက်ခွာခဲ့ပြီး ဖြစ်သည်ဟု တရုတ်ပြည် ခြုံကင်း ညနေပိုင်း သတင်းစာက ဆိုသည်။

သြဂုတ် ၈ရက်နေ့မှစပြီး မြန်မာ စစ်အစိုးရက ကိုးကန့် ဒေသတွင် တပ်ဖြန့် ချထားရာမှ အခြေအနေ ပိုမို တင်းမာ လာခြင်း ဖြစ်သည်ဟု ၀ါရှင်တန် အခြေစိုက် US Campaign for Burma (UCBA) အဖွဲ့က ပြောသည်။ ကိုးကန့် ဒေသသည် တရုတ်လူမျိုး မျိုးနွယ်စုများ အများဆုံး နေထိုင်ရာ ဒေသဖြစ်သည်။ ထိုဒေသမှ သူပုန် အဖွဲ့များက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားရာ အနှစ် ၂၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

သူပုန်အဖွဲ့များက မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ တပ်ဦး (MPDF) အမည်ဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ကြေညာချက်တွင် မြန်မာ့ တပ်မတော်က ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ အစိုးရ ထိန်းချုပ်မှု အောက်ရှိ နယ်ခြားစောင့်တပ် အဖြစ် ပူးပေါင်း ဆောင်ရွက်ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။

MPDF ကို တိုင်းရင်းသား အဖွဲ့ ၄ ဖွဲ့က မကြာသေးမီက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

“အခြေအနေများ အကြီးအကျယ် တင်းမာလျက်ရှိသည်” ဟု MPDF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ “တိုက်ပွဲများ ပြန်လည် လာမည့် အနေ အထားကြောင့် တိုင်းရင်းသား ဒေသခံများ သောင်းနှင့်ချီ၍ ထွက်ပြေး တိမ်းရှောင် နေကြသည်” ဟု ဆိုသည်။ ထိုကြေညာချက်ကို UCBA အဖွဲ့က ထပ်ဆင့် ဖြန့်ဝေခြင်း ဖြစ်သည်။

“ဒုက္ခသည်တွေဟာ ဒေသခံ အစိုးရ စီစဉ်ပေးတဲ့ လူမနေတဲ့ ဆောက်လက်စ အိမ်တွေမှာ အကျဉ်းချ ခံနေ ကြရတယ်” ဟု နန်ဆန်မှ ဆိုင်ပိုင်ရှင် တဦးဖြစ်သူ ရှဲ့ ဖေးဖေးက ပြောသည်။ ၎င်းတို့ နေရပ်ရင်း ပြန်လည် ပို့ဆောင် ခံရမှု ရှိမရှိကိုမူ မသိရပါဟု ဆိုသည်။

“ ကျွန်တော်တို့ ၁၀ နှစ်တာအတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး မရှိခဲ့ဖူးပါဘူး” လို့ ရှဲ့  က ရိုက်တာ ကို တယ်လီဖုန်းနဲ့ ဗုဒ္ဓဟူးနေ့က ပြောပြသည်။ “လူမြောက်များစွာ နယ်စပ် ဖြတ်ကျော်ပြီး ၀င်ခဲ့ကြတယ်။ အခုတော့ နည်းသွားပါပြီ” ဟု သူက ပြောသည်။ “လွတ်မြောက်ချင် သူတိုင်း နယ်စပ် ဖြတ်ပြီး ရောက်လာကြပြီလို့ ထင်ပါတယ်” ဟုလည်း ပြောသွားသည်။

သို့သော်လည်း မည်သည့် ဒုက္ခသည်မှ မြို့ ထဲသို့ ၀င်ရောက်ခဲ့ခြင်း မရှိကြောင်း နန်ဆန်မြို့ ဒေသခံ အစိုးရ ၀န်ထမ်း တခုက ပြောသည်။

စစ်အစိုးရက စစ်အင်အား စုရုံးနေခြင်းမှာ တိုင်းရင်းသား အဖွဲ့ အစည်းများကို နိုင်ငံရေး ပါတီများ ဖွဲ့စည်းပြီး မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု USCB အဖွဲ့က ပြောသည်။

တိုင်းရင်းသားအဖွဲ့စည်း အများအပြားက စစ်အစိုး၏ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်းဖြင့် မည်သည့် အရာမှ ရရှိမည် မဟုတ်ဟု ယူဆကြသည်။ ပြီးတော့ သူပုန် တပ်ဖွဲ့များကို စစ်အစိုးရ၏ အမိန့် အာဏာအောက်တွင် ခေါ်ယူထားမည် ဟု လည်း သံသယ ဖြစ်နေကြသည်။

MPDF နှင့် တရုတ်မီဒီယာများ၏ သတင်းထုတ်ပြန်ချက် အရ စစ်အစိုးရ တပ်များက တိုင်းရင်းသား လူမျိုးစုများ၏ လက်နက် ပြင်ဆင်သည့် စက်ရုံတခုကို မူးယစ်ဆေးဝါး ထုပ်လုပ်နေသည်ဟု သံသယရှိပြီး ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်ရပ်ကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေး ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၁၉၆၂ ခုနှစ်မှစပြီး စစ်တပ်က အုပ်ချုပ်ခဲ့သည့် မြန်မာပြည်တွင် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁၀၀ ကျော် ရှိနေသည်။

လက်နက်ကိုင် အဖွဲ့အများစုက အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားကြပြီး ဖြစ်သည်။ အပစ် မရပ်နိုင်သေးသည့် အဖွဲ့များလည်း ရှိသည်။ တိုင်းရင်းသား အဖွဲ့ တချို့သည် ဘိန်းကုန်ကူးသည့် နည်းဖြင့် ဆက်လက် ရပ်တည်လျက် ရှိသည်။

Ref: မိုးမခ

0 comments:

အပေါ်သို့