..............................

Friday, April 3, 2009

ဗိုလ်သန်းရွှေမိန့်ခွန်းနဲ့ အပြောင်းအလဲ

ရဲဘော်ဖိုးသံချောင်း
ဧပြီလ(၁) ရက်၊ ၂၀၀၉

ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းတခုကို ရှားရှားပါးပါး ကြားလိုက်ရပါတယ်။ ဖက်ဆစ် တော်လှန်ရေး နေ့က။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်တာပါ။ မြန်လိုက်ပါဘိ။ အဖြေ အသင့် ရှိနေတဲ့ သဘောပါပဲ။ သူတို့ရဲ့ လမ်းပြ မြေပုံအတိုင်း ငါ့မြင်း ငါစိုင်းတော့မယ့် အကြောင်း ကမ္ဘာကိုပါ ကြေညာလိုက်တာလို့ ပြောရင် မမှားပါဘူး။

တပါတည်းမှာ စဉ်းစားစရာပေါ်လာတာက နအဖ စစ်ဗိုလ်ချုပ်များ ဟာ အမေရိကန်နဲ့ စကားပြောခွင့်ရတဲ့ အတွက် ပိုပြီး မာနတက်လာ၊ ဘဝင် လေခိုက်နေတာလား၊ ဒါ့သာမက တရုတ်ခေါင်းဆောင် တဦးလည်း လာဆိုတော့ ဗိုလ်သန်းရွှေတို့ နိုင်ငံတကာရေးရာမှာ အောင်မြင်မှုတွေ ရနေလေပလား စတဲ့မေးခွန်းတွေပါ။

ဒါမှမဟုတ်လည်း ဗိုလ်သန်းရွှေရဲ့ ဒီမိန့်ခွန်းဟာ သူတို့ရဲ့ရွေးကောက်ပွဲ ဥပဒေကို စောင်းပါးရိပ်ခြေ ကြေညာနေတာ များလား။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မစ္စတာ စတီဖင်ဘလိပ် လာလိုက်တဲ့ အတွက် ဗမာပြည် နိုင်ငံရေးမှာ အပြောင်း အလဲတွေ ဖြစ်တော့မှာလား ဆိုပြီး တွေးတောသူတွေ အတော်ရှိပါတယ်။ ဗမာပြည် အရေးအပေါ် ဘယ် အတိုင်းအတာ အထိ ထိခိုက်နိုင်မလဲ ဆိုပြီး ဆွေးနွေးကြတာ တွေလည်း ကြားရပါတယ်။ မီဒီယာ အတွက်တော့ စကားဝိုင်း ဖန်တီးလို့ ကောင်းပေသပေါ့။ ဒါပေမယ့် ဆွေးနွေးသူ တချို့မှာ တကယ်ကိုစိုးရိမ်တဲ့ လေသံတွေ ပါနေသလား ထင်မှတ်မိပါတယ်။ နောက်ပြီး အမေရိကန်ဟာ လှည့်ရင် တင့်ကားလို (၁၈ဝ) ဒီဂရီ မလှည့်ပါဘူး။ မီးရထားလို တဖြည်းဖြည်းချင်း လှည့်မှာပါလို့ ချွေးသိပ် သံတွေလည်း ကြားရပါတယ်။ တချို့ လောကမှာ ဂယက်မသေးတာ သေချာပါတယ်။

ဒီနေရာမှာ ဗမာပြည်နိုင်ငံရေးရဲ့ အပြောင်းအလဲဆိုတာ ဘာလဲဆိုတာကို ပြန်မေးရပါလိမ့်မယ်။

နအဖစစ်ဗိုလ်ချုပ်တွေက ပုံစံပြောင်းပြီး တိုင်းပြည်အာဏာကို ချုပ်ကိုင် လိုက်တာကို အပြောင်း အလဲလို့ ခေါ်မှာလား။ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်က လွှတ်ပေးပြီး ဒီပဲယင်း အခြေအနေ မတိုင်မီက လှုပ်ရှားခွင့် ပေးတာလောက်ကို အပြောင်းအလဲ ခေါ်မှာလား။ နိုင်ငံရေး သမားတွေကို ဖမ်းလိုက် လွှတ်လိုက် လုပ်နေတာကို အကြိမ်ကြိမ် ပြောင်းလဲနေတယ်လို့ ခေါ်မှာလား။

လက်ရှိ ဗမာပြည်နိုင်ငံရေးရဲ့ အဓိကဝင်ရိုးဟာ နအဖစစ်အစိုးရနဲ့ ဒီမိုကရေစီ အတွက် တိုက်ပွဲ ဝင်နေကြတဲ့ ပြည်သူလူထု အကြားက ပဋိပက္ခ ဖြစ်ပါတယ်။ နအဖစစ်အစိုးရနဲ့ အမေရိကန် အစိုးရအကြားက ပဋိပက္ခ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သဘောတရားအရ ပြောရရင် ဗမာပြည် နိုင်ငံရေးရဲ့ အရေးပါတဲ့ အပြောင်းအလဲဟာ နအဖနဲ့ ပြည်သူလူထု အကြားက ပဋိပက္ခကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ နအဖနဲ့ အမေရိကန် ဆက်ဆံမှုအကြားက ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

တချို့သော နိုင်ငံရေးဆောင်ရွက်ချက်တွေကိုလည်းပဲ အလားတူပဲ စံထားချက်၊ တိုင်းတာမှုနဲ့ တွက်ရမှာ ဖြစ်ပါတယ်။ တချို့က အမေရိကန်က နအဖအစိုးရကို အသိအမှတ် ပြုလိုက်ရင် ဘယ်လို ဖြစ်မလဲလို့ စဉ်းစားကြပါတယ်။ အမေရိကန်က နအဖအစိုးရကို အသိအမှတ်ပြု မပြု ဆိုတဲ့ပြဿနာဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့ပါဘူး။ တဖက်ကပြောရင် နအဖတည်ရှိမှု၊ မတည်ရှိမှုဟာ အမေရိကန်က အသိအမှတ်ပြု၊ မပြုဆိုတာ အပေါ်မှာ မတည်ပါဘူး။ အိမ်ဖြူတော်က အသိအမှတ် မပြုလည်း နအဖဟာ တည်ရှိနေမှာပါပဲ။

အမေရိကန်ရဲ့ ပိတ်ဆို့မှု (sanction) ကို ကြည့်မြင်ရင်လည်း အလားတူပဲ ကြည့်မြင်ရမယ် ထင်ပါတယ်။
ပိတ်ဆို့မှုဟာ နအဖ စစ်အစိုးရအတွက် အခက်အခဲ ဖြစ်စေတာတော့ အမှန်ပါ။ ဒါပေမယ့် နအဖ ဗိုလ်ချုပ်တွေကို အခြေခံကျတဲ့ အပြောင်းအလဲတွေ မလုပ်စေနိုင်ပါဘူး။ ပြည်သူတွေဘက်က ကြည့်ရင်တော့ အဲဒီ ပိတ်ဆို့မှုတွေ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှ သိပ်မထူးခြားပါဘူး။ ဆိုလိုတာ နိုင်ငံရေး အားဖြင့်ပြောတာပါ။

ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်တာဟာ မဆလအစိုးရကို နိုင်ငံတကာက အသိ အမှတ် ပြုထားရုံမက အကူအညီတွေ အမျိုးမျိုး ပေးနေကြချိန် ဖြစ်ပါတယ်။ အဲဒီတုန်းက တိုက်ပွဲဝင်ကြတဲ့ ပြည်သူတွေရော၊ ခေါင်းဆောင် တွေပါ မဆလအစိုးရကို အမေရိကန်က ထောက်ခံထားသလား၊ မထောက်ခံဘူးလားလို့ တွေးတောခဲ့ကြ ပါသလား။ ဘယ်သူက ထောက်ခံ ထားတာဖြစ်လို့ မဆလ အစိုးရကို မဆန့်ကျင်ဘူးလို့ ဘယ်သူ့ ခေါင်းထဲမှာများ ပေါ်ခဲ့ဖူးပါသလဲ။

ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ဒီအရေးတော်ပုံကို တခြား နိုင်ငံအစိုးရတခု ဒါမှမဟုတ် အစိုးရတွေနဲ့ ဆက်ချိတ် စဉ်းစားတဲ့ တွေးခေါ်နည်းဟာ အကျိုးမပေးပါဘူး။ နအဖအစိုးရရဲ့ ပြည်ပဆက်ဆံရေး အခြေအနေကို ကြည့်ပြီး ကိုယ်က စိတ်ဓာတ်ကျလိုက်၊ တက်လိုက် ဖြစ်နေလို့လည်း မဖြစ်ပါဘူး။ တကယ်တော့ ဒီလှုပ်ရှားမှုကြီးထဲမှာ ဒီအတွေးအခေါ် ပေါ်နေတာကြာပါပြီ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို လျော့ပါးစေပါတယ်။

ဒီထက်ပိုဆိုးတာကတော့ နိုင်ငံရေးပါတီ ဒါမှမဟုတ် အင်အားစု တရပ်အနေနဲ့ ပြည်ပနိုင်ငံတခုနဲ့ နအဖအစိုးရတို့ရဲ့ ဆက်ဆံမှုအပေါ် အခြေခံပြီး ကိုယ့်လုပ်ငန်းစဉ်၊ လမ်းစဉ်ကို ချမှတ်တာပါပဲ။ ဒါဆိုရင်တော့ ငါးပါးတောင် မှောက်တတ် ပါတယ်။ တဖက်က ပြန်စဉ်းစား လိုက်ရင်လည်း အမေရိကန်နိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံတခုမှာ သမ္မတပြောင်းလဲလို့ ဒါမှမဟုတ် ပေါ်လစီ ပြောင်းလဲလို့ ဗမာပြည်ထဲက အရေးတော်ပုံကြီးတခုကို ထိခိုက်တယ်ဆိုရင် ဒီအရေးတော်ပုံဟာ ရာဇဝင်ရိုင်းရော မဟုတ်ပါလား။

တကယ်လို့ ဝါရှင်တန်က နအဖဗိုလ်ချုပ်တွေကို အလျှော့အတင်း လုပ်နိုင်အောင် တိုက်တွန်း နိုင်တယ်ဆိုရင်တော့ မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်ဟာ ဗမာနိုင်ငံရဲ့ အပြောင်းအလဲတွေကို တစုံတရာ ထိရောက်မှု ရှိတယ်လို့ ဆိုနိုင်ပါ တယ်။ ဒါတောင်မှ ဒီလို ပြောင်းလဲတာရဲ့ အဓိက အကြောင်းရင်းက ပြည်သူလူထုတွေ က နောက်မဆုတ်ဘဲ ရပ်ခံနေကြတာဟာ အဓိက အကြောင်းရင်း ဖြစ်တယ်ဆိုတာကို မေ့လို့ မဖြစ်ပါဘူး။ ရှိစေတော့။ အခုတော့ ဗိုလ်သန်းရွှေက ပြတ်ပြတ်သားသားပဲ အဖြေပေးလိုက်ပါပြီ။ သူအဖြေပေးတာဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သာမက မစ္စတာ စတီဖင်ဘလိပ်ရဲ့ ခရီးစဉ်အပေါ် စဉ်းစား တွက်ဆနေကြတဲ့ ပြည်တွင်းပြည်ပ ကိုပါ တပါတည်း အဖြေပေးလိုက်တာ ဖြစ်ပါတယ်။ စိတ်ကူး မယဉ်ကြပါနဲ့တဲ့။

စီးပွားရေးကပ်ဆိုက်နေတဲ့ အမေရိကန်ဟာ “ဦး” သန်းရွှေအစိုးရနဲ့ လည်း “ဦး” နေဝင်းအစိုးရနဲ့ ဆက်ဆံမှုမျိုး ပြန်ထား ရှိကောင်း ထားရှိ လာနိုင်ပါတယ်။ အင်ဒိုနီးရှားက တဆင့် လုပ်နေတာတွေရော၊ မစ္စတာ စတီဖင်ဘလိပ် လာတာပါ။ ဒါတွေ အားလုံးဟာ ဆက်ဆံမှု အပြောင်းအလဲတွေ လုပ်နိုင်ဖို့ အပေးအယူ လုပ်နေကြတာ ဖြစ်ဖို့များပါတယ်။ တချို့ လူတွေအတွက်တော့ ဒါဟာ “အပြောင်းအလဲကြီးတရပ်” ဖြစ်သွားနိုင်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့လုပ်ချင်တာ တွေလုပ်ဖို့ အကြောင်းပြစရာ ရသွားနိုင်ပါတယ်။

ဒီလိုဖြစ်သွားရင် ဗမာပြည် ဒီမိုကရေစီအရေးတော်ပုံကို ပြည်သူတွေ အနေနဲ့ ဘယ်လို ဆက်လုပ်ကြမလဲ။
ရောက်မလာသေးတဲ့ အနေအထားတခုကို ကြိုပြောရတာ ခက်ပါတယ်။ ဒါပေမယ့် အကြမ်းဖျင်း ပြောရရင်တော့ အထက်မှာ ပြောခဲ့တဲ့ အတိုင်း ဦးနေဝင်းအစိုးရ လက်ထက်တုန်းက လိုပဲ ပြန်လုပ်ကြရမှာပါပဲ။

ရာစုနှစ် တဝက်နီးပါး ပြည်သူတွေအသက်သွေးချွေးတွေ ပေးပြီး တောင်းဆို တိုက်ပွဲ ဝင်နေခဲ့ကြတာဟာ အနှစ်သာရ အရကိုပဲ စစ်အာဏာရှင် လက္ခဏာ စိုးစဉ်းမှ မရှိတဲ့ အစိုးရတရပ် ပေါ်ထွက်ရေး ဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။

Ref: ခေတ်ပြိုင်

....

0 comments:

အပေါ်သို့