..............................

Monday, March 30, 2009

စစ်အစိုးရကိုထောက်ခံဖို့ ကရင်ခွဲထွက် အဖွဲ့ပေါင်းစုံ တွင်း(၁)ကို ကတိပေး

NEJ / မတ်လ(၃၀) ရက်၊ ၂၀၀၉

နအဖပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ကရင်ခွဲထွက်အဖွဲ့ များက လက်ရှိ တပ်မတော် အစိုးရကို အပြည့်အ၀ ထောက်ခံ အားပေးသွားမည်ဟု နအဖကို ကတိပေးလိုက်ကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) အဖွဲ့၏ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။

နအဖအတွင်းရေးမှူး (၁) ဒုတိယဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် အဖွဲ့ ယခုလ (၂၁) ရက်နေ့၌ ကရင်ခွဲထွက် အဖွဲ့များဖြစ်သည့် ဒီကေဘီအေ အဖွဲ့၊ ပဒိုအောင်ဆန်းအဖွဲ့၊ စောဌေးမောင် အဖွဲ့တို့၏ အခြေချရာ နေရာများသို့ လာရောက်စဉ် အဆိုပါ အဖွဲ့များက ကတိက၀တ်ပြု ပြောကြား လိုက်ခြင်းဖြစ်သည်။

ကရင်ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးက “ကရင် ခွဲထွက်အဖွဲ့တွေ အနေနဲ့ ကေအန်ယူနဲ့ ပြန်ပေါင်းဖို့ ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်စရာ အကြောင်း မရှိတော့ဘူး။ ခေတ်ကာလ အခြေအနေက ပြောင်းသွားပြီ။ ကေအန်ယူဘက်က လာတာပဲ ရှိရင် ရှိမယ်၊ ဒီဘက်ကတော့ ဟိုဘက်ကို သွားစရာ မရှိတော့ဘူး၊ လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို ဘယ်သူမှ စွန့်မှာ မဟုတ်ဘူး” ဟု ပြောသည်။

နအဖအတွင်းရေးမှူး (၁) ၏ ခရီးစဉ်သည် ကရင်ခွဲထွက်အဖွဲ့ များ၏ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရေရှည် အကျိုးစီးပွား ဖြစ်ထွန်းရေး၊ ဒေသ ဖွံ့ဖြိုးရေးများ အတွက် လာရောက် တွေ့ဆုံအားပေးသည့် ခရီးစဉ်ဟု ဆိုသော်လည်း အဓိက ရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စရပ်များ အတွက် တဖက်လှည့်ဖြင့် ချည်ပြီး တုပ်ပြီးဖြစ်အောင် လာရောက်သည့် ခရီးစဉ်သာ ဖြစ်သည်ဟု ကရင်ခွဲထွက် အဖွဲ့ဝင် အချို့က ပြောဆို သုံးသပ်ကြသည်။

နအဖအတွင်းရေးမှူး (၁) နှင့်အဖွဲ့သည် ထော့ကိုကိုးရွာတွင် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ယခင်လက ကေအန်ယူမှ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့သို့ ကူးပြောင်းသွားသည့် ဗိုလ်ချုပ်ကြီးမြ၏ သားငယ် စောနေစိုးမြကိုလည်း ငြိမ်းချမ်းရေး ကောင်စီအဖွဲ့၏ အဖွဲ့ဝင်တဦး အနေဖြင့် တွေ့ဆုံခဲ့သည့် သတင်းကို ယခုလ (၂၄) ရက်နေ့ညက မြန်မာ ရုပ်မြင်သံကြား လိုင်းများတွင် ထုတ်လွှင့်ပြသခဲ့သည်။

ကရင်ခွဲထွက် အဖွဲ့တခုမှ ယာဉ်မောင်းတဦးက “အခြေအနေမှန်ကို အားလုံး သိကြပါတယ်။ ဒါပေမယ့် လွန်သွားပြီ။ ကိုယ်လိုချင်တာကို ဥပဒေဘောင်ထဲက တောင်းမယ်ဆိုပြီး ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတဲ့လူတွေ သူတို့ဆီက ဘာမှ ဖမ်းလို့ မရဘူး။ ကိုယ့်ကို ပြန်မဖမ်းနိုင်အောင် ကိုဘဲ မီးစင်ကြည့်ပြီး လှုပ်ရှားနေရတယ်။ ကျနော်ဆိုရင် မာနယ်ပလော ဌာနချုပ်မှာ နေတုန်းက အကောင်၊ အခုတော့ အဖွဲ့က ထောင်ထားတဲ့ ခရီးသည်တင် ကားမောင်းတဲ့ ဒရိုင်ဘာလိုလို ကုန်သည် ပွဲစားလိုလို ဖြစ်သွားပြီး ကိုယ့် ရည်ရွယ်ချက်က တမျိုး၊ ဖြစ်လာတာက တမျိုး ကိုယ်ရွေးတဲ့ လမ်းဆိုတော့ ဘာမှ မတတ်နိုင်တော့ဘူး” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ခွဲထွက်သွားသည့် ဒီကေဘီအေ အဖွဲ့၊ ပဒိုအောင်ဆန်း ဘုရားကုန်းအဖွဲ့၊ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့များသည် နအဖ ပြုလုပ်မည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို အပြည့်အ၀ ထောက်ခံကြသော်လည်း ကေအန်ယူ အဖွဲ့ကမူ လူထု ဆန္ဒနှင့်အညီ မဟုတ်ဘဲ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝ လက်ခံမည် မဟုတ်ကြောင်း အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ပဒို ဒေးဗစ် သာကဘောက ယခုရက်ပိုင်းအတွင်း ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

ပဒိုအောင်ဆန်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သည် ဘားအံမြို့နယ် ဘုရားကုန်းရွာတွင် အခြေချပြီး ဦးသာထူးကျော် ခေါင်းဆောင်သည့် ဒီကေဘီအေ အဖွဲ့သည် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာတွင် ဌာနချုပ် အခြေစိုက်ကာ စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့သည် ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့