..............................

Tuesday, March 31, 2009

မန္တလေး နန်းတွင်း မီးလောင်

Monday, 30 March 2009
ကြည်ဝေ

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့ နန်းတွင်း၌ ယမန်နေ့ ညနေ ၆ နာရီ ၀န်းကျင်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နန်းတွင်း အတွင်း ထောက်ပို့တပ်၊ ဆက်သွယ်ရေးတပ် စသဖြင့် တပ်များ ရှိနေပြီး စက်မှုလက်မှု လုပ်ငန်း တချို့ကို မြေနေရာ ၊ အဆောက်အဦး စသည်တို့ကို အခကြေးငွေယူကာ ငှားရမ်း ထားကြကြောင်း၊ ယခုမီးလောင်မှု မှာလည်း ဆက်သွယ်ရေးတပ်မှ ငှားရမ်းထားသော စက်ရုံတရုံမှ စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးက ပြောဆိုသည်။

"အဲဒီထဲမှာ တပ်တွေကလည်း အများကြီးရှိတယ်၊ သူတို့ ငှားထားတဲ့ စက်ရုံ၊ အလုပ်ရုံ တွေလည်း အများကြီးပဲ၊ အခု လောင်တာက ဆက်သွယ်ရေး တပ်ထဲကလို့ ကြားတယ်"ဟု သူက ပြောသည်။ တခြားသော မန္တလေး ဒေသခံ တဦးကလည်း "မီး ဘယ်လောက် များလည်းဆိုတာတော့ ကျနော်တို့က နန်းတွင်းကို ၀င်လို့ မရလို့ မသိရဘူး၊ မီးခိုးလုံးထွက်တဲ့ အပေါ်မှာ ကြည့်ရတာကတော့ မိနစ် ၂၀ လောက်တော့ ကြာတယ်၊ ည နေ ၅ နာရီခွဲကျော်ကျော်လောက်က ဖြစ်တာ၊ မီးက သိပ်ကြီးကြီးမားမား လောင်တာတော့ မဟုတ်ဘူးထင်တယ်" ဟု ပြောပြသည်။ မီးလောင်မှု ဖြစ်ပွားနေစဉ် အချိန်မှစတင်ပြီး မန္တလေးမြို့ရှိ ဂျီအက်စ်အမ် ဖုန်းလိုင်းများနှင့် လိုင်းဖုန်း တချို့ကို ယနေ့ နံနက် ၆နာရီအထိ ဖြတ်တောက် ထားခဲ့ကြောင်း မန္တလေးမြို့မှ သတင်းထောက် တဦးက ပြောသည်။ "မီးလောင်ပြီး သိပ်မကြာခင်မှာပဲ ဂျီအက်စ်အမ်ဖုန်းတွေ ဘယ်လိုမှ ဆက်လို့ မရတော့ဘူး၊ လိုင်းဖုန်းတချို့ရောပဲ၊ ကျနော်တို့တိုက်က လူတွေကို လှမ်းခေါ်တာတောင် မရတော့ဘူး"ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် အဆိုပါ မီးလောင်သည့် သတင်းကို လူအများမသိရန် အာဏာပိုင်များက ကြိုးစား ခဲ့ဟန် တူကြောင်း ၊ မီးစတင် လောင်ကျွမ်းသည်ကို မသိရဘဲ မီးခိုးကြီးများ တက်လာသည့် အချိန်မှ သိရခြင်းဖြစ်ကြောင်း မန္တလေး မြို့ခံ များက ပြောသည်။ "အလိပ်လိပ် တက်လာတဲ့ မီးခိုးတွေကို မြင်တော့မှ နန်းတွင်းထဲမှာ မီးလောင်နေပြီ ဆိုတာကို သိရတယ်၊ ကျနော့် အသိမီးသတ်ဗိုလ် တယောက်ပြောတာတော့ သူတို့ကိုတောင် တော်တော်နဲ့ အကြောင်း မကြားဘူး၊ ၀င်ခွင့်လည်း မပေးလို့ စောင့်နေရတယ်လို့ ပြောတယ်"ဟု အထက်ပါ သတင်းထောက်က ဆိုသည်။

မီးလောင်မှုဖြစ်ပွားနေစဉ်အချိန်အတွင်း လာရောက်ကြည့်ရှု ကြသော လူပရိသတ်မှာ ကျုံးဘေး ပတ်ပတ် လည်တွင် ပြည့်လျက် ရှိသောကြောင့် ယာဉ်ထိန်းရဲများနှင့် ရဲ တပ်ဖွဲ့ဝင်များက လူစု ခွဲခိုင်း ခဲ့ကြောင်းလည်း သိရသည်။ "လာကြည့်တဲ့သူတွေက တော်တော်များတယ်၊ ကျုံးဘေး ပတ်ပတ်လည်မှာ အပြည့်ပဲ၊လူတွေကို ပထမတော့ မော်တော်ပီကယ်တွေက လူစုခွဲခိုင်းတယ် နောက်တော့ ရဲတွေပါ ရောက်လာပြီး လူစု ခွဲခိုင်းမှ တဖြည်းဖြည်းနဲ့လူစု ကွဲ သွားတယ်"ဟု မီးလောင်မှုကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့သူ တဦးက ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့