..............................

Wednesday, April 1, 2009

လုပ်ငန်းရှင်များ ရွေးကောက်ပွဲ ဝင်နိုင်ရန် ကုန်သည်စက်မှု အသင်း စည်းကမ်း ဖျက်သိမ်း

ဗုဒ္ဓဟူးနေ့၊ ဧပြီလ 01 2009

ချင်းမိုင် (မဇ္ဈိမ)။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် စီးပွားရေး လုပ်ငန်းရှင်များ ဝင်ပြိုင်နိုင်ရေး အတွက် ပါတီ နိုင်ငံရေး ကင်းရှင်းရမည် ဆိုသည့် စည်းကမ်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် - UMFCCI က ပယ်ဖျက်လိုက်သည်။

စည်းကမ်းချက်များတွင် ပါရှိသည့် အပိုဒ် ၂၈/ဇ နှင့် အပိုဒ် ၃ဝ/ဈ အရ ပါတီ နိုင်ငံရေး ကင်းရှင်းရမည်၊ အကယ်၍ နိုင်ငံရေးပါတီ တခုခုနှင့် ပတ်သက်ခဲ့လျှင် အသင်းဝင်အဖြစ်က အလိုအလျောက် နုတ်ထွက်ရမည် ဆိုသည့် အချက်များကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

''ဒီကနေ့မှာတော့ နိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲလာတဲ့ အခြအနေ များအရ အထက်ဖော်ပြပါ အသင်းအဖွဲ့ စည်းမျဉ်း အပိုဒ် ၂၈/ဇ နဲ့ အပိုဒ် ၃ဝ/ဈ တွေဟာ ဆက်လက် ကျင့်သုံးရန် မလိုအပ် တော့တာကြောင့် ပယ်ဖျက်ရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ပါတယ်'' ဟု အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးစိန်ဝင်းလှိုင်က နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မြန်မာစစ်အစိုးရ အားထားရာ အသင်းတခုဖြစ်သော UMFCCI ၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်လည်း တက်ရောက်ခဲ့သည်။

UMFCCI သည် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် ဖွဲ့စည်းထားပြီး စစ်အစိုးရနှင့် နီးစပ်သူများ ဖြစ်ကြောင်း လူသိများသည်။

စစ်အစိုးရက ကိုယ်ပိုင်ဟန် ''ဒီမိုကရေစီ'' သို့ သွားရာ အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအရ အဆင့် ၅ ဖြစ်သော အထွေထွေ ရွေးကောက်ပွဲ ကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပမည်ဟု ဆိုထားပြီး၊ စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့ကို ဝင်ရောက်အရွေးခံရန် တိုက်တွန်းမှုများ ပြုထားသည်။

UMFCCI လက်ရှိ ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် သူ၏ ဇာတိမြို့ တန့်ဆည်မှနေ၍ ဝင်ပြိုင်ရန် ရှိသည်ဟု အသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် ရွေးကောက်ပွဲဝင်ရန် စိတ်ဝင်စားသူ လုပ်ငန်းရှင်များ ရှိနေသေးသဖြင့် ယခု စည်းကမ်းအပိုဒ်များကို ပြင်ပေးရခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

၁၉၈၈ ခုနှစ် တွင် အာဏာသိမ်းခဲ့သော စစ်အစိုးရသည် နိုင်ငံဝန်ထမ်းများနှင့် အစိုးရအသိမှတ်ပြု အသင်းအဖွဲ့ အသင်းဝင်များသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဟု ပြဌာန်းခဲ့သည်။

Ref: မဇ္ဈိမ

....

0 comments:

အပေါ်သို့