..............................

Friday, April 3, 2009

မြန်မာ့အရေးအတွက် အာရှနိုင်ငံများနှင့်ပူးပေါင်းချဉ်းကပ် မည်ဟု အမေရိကန် ပြော

Celeste Chenard
ကြာသပတေးနေ့၊ ဧပြီလ 02 2009

ချင်းမိုင်။ ။ မြန်မာ့အရေးကို ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုနှင် အပြု သဘော ဆောင်သော ချဉ်းကပ်မှုကို လိုလားပြီး ဩဇာရှိ နိုင်ငံတစု၏ ကစားပွဲလေး တခု အဖြစ် ပြန်လည် မဖန်တီးမိအောင် ရှောင်လွှဲစေလိုကြောင်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်သည်။

ဝါရှင်တန်ရှိ အမျိုးသား အာရှရေးရာ သုတေသနဌာနတွင် ပညာရှင်များ ဦးစီး ကျင်းပသည့် ညနေပိုင်း အစီအစဉ် အာရှနှင့် ဆက်ဆံခြင်း ၂ဝဝ၉ : အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် နည်းဗျူဟာများ ခေါင်းစဉ်အောက် ဆွေးနွေးပွဲတွင် မစ္စတာ ဂျိမ်းစ် ဘီ စတိန်းဘာ့ဂ်က ပြောဆိုကြောင်း အေအက်ဖ်ပီ သတင်းအရ သိရခြင်း ဖြစ်သည်။

မစ္စတာ စတိန်းဘာ့ဂ်က “မြန်မာပြည်ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင်နိုင်ငံနှင့် ဆက်ဆံရာတွင် အကြွင်းမဲ့ရလဒ် ထွက်ပေါ်စေခြင်းသည် မည်သည့် နိုင်ငံအတွက်မှ အကျိုးမရှိဟု သုံးသပ်ကြောင်း” ပြောသည်။

ဆွေးနွေးပွဲ တက်သူ မူဝါဒရေးရာ အကြီးတန်း ခေါင်းဆောင်များနှင့် ကျွမ်းကျင်သူများအား အမေရိကန် အစိုးရ၏ အာရှ စီးပွားရေးနှင့် နည်းဗျူဟာများကို ထိရောက်စွာ အကောင်အထည် ဖော်စေနိုင်သည့် နည်းလမ်းများကို အဓိကထား ဆွေးနွေးရန် သူက တိုက်တွန်းခဲ့သည်။

သူက “မြန်မာ့နေထိုင်မှု ဘဝ တိုးတက် ကောင်းမွန်လာရေးနှင့် အဓိကကျသည့် ဒေသတွင်း၌ တည်ငြိမ်မှု မြှင့်တင်ရေးအတွက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် ဘုံသဘောတူညီချက်တခု ရရှိရန် ဆွေးနွေးသွားသည်” ဟု ဆိုသည်။

မြန်မာပြည်အပေါ် ထားရှိသည့် အမေရိကန် မူဝါဒကို ပြန်လှန်သုံးသပ်ပြီးသည့်အခါ “အဓိက ရည်မှန်းချက်များ” မှာ တူညီနေကြောင်းနှင့် မြန်မာလူထု၏ အခွင့်အရေးများကို လေးစားလိုက်နာကာ၊ ကမ္ဘာ့စီးပွားရေး လောကထဲသို့ ဝင်ရောက်လာရေးအတွက် ပိုမိုပွင့်လင်းသော နိုင်ငံဖြစ်လာရန် နည်းလမ်းများ ရှာဖွေသွားရမည်ဟု သူက ပြောသည်။

မြန်မာနိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှုကို ကြိုးပမ်း အားထုတ်ရာတွင် အာဆီယံနိုင်ငံများက အပြုသဘော ဆက်ဆံရေး မူကို သုံးခဲ့သည်။ အမေရိကန်ကမူ နိုင်ငံရေးအရ ဝိုင်းပယ်ခြင်းနှင့် စီးပွားရေး ပိတ်ဆို့ခြင်းဖြင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ဖိအားပေးခဲ့သည်။

အမေရိကန် ကွန်ဂရက်နှင့် အစိုးရ အဆက်ဆက်သည် စစ်အစိုးရကို စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ခြင်းနှင့် ကူညီထောက်ပံ့မှုများ ထိန်းချုပ်ကန့်သတ်ခြင်း နည်းလမ်းဖြင့် နှစ်ပေါင်းများစွာ တင်းကျပ်ခဲ့သည်။ အဆိုပါ ဖယ်ကြဉ်ထားမှုနှင့် ပိတ်ဆို့မှုများသည် စစ်အစိုးရ၏ တိုင်းပြည်အပေါ် ဖိနှိပ်ညှဉ်းပန်းမှုများကို လျော့နည်း ကျဆင်းလာပါစေသလား ဟူသော မေးခွန်းအချို့ ထွက်ပေါ်နေခဲ့သည်။

မစ္စတာ စတိန်းဘာ့ဂ်က “စစ်အစိုးရကို စည်းရုံးတဲ့အခါ အပြုသဘောဆောင်တဲ့ အဖြေတခု ရလာဖို့ ကျနော်တို့ အားလုံး အတူလုပ်ရမယ်ဆိုတဲ့ တူညီတဲ့ ရည်မှန်းချက် ရှိကြပါတယ်။ ကျနော်တို့ စည်းရုံးနေတဲ့ လမ်းကြောင်းဟာ ကျနော်တို့ အကျိုးစီးပွားအတွက် မဟုတ်ဘူးဆိုတာ ရှင်းပြသွားမယ်” ဟု ပြောသည်။

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲနှင့် အလားသဏ္ဍာန် တူသော ပျော့ပြောင်းမှုဘောင်အတွင်း မြန်မာ့အရေး ဆွေးနွေးရန် အမေရိကန် အစိုးရက လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် “ကမ္ဘာ့ပြဿနာများစွာကို ဖြေရှင်းတဲ့အခါမှာ တရားဝင် ပုံသဏ္ဍာန်အသစ်တွေ၊ ဒါမှမဟုတ် ဗျူရိုကရေစီ ယန္တရားအသစ်တွေကို အမြဲတမ်း ဖန်တီးသွားမှာ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

မစ္စတာ အိုဘားမား အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြန်သုံးသပ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြီးခဲ့သည့်လ အာရှခရီးစဉ်တွင် အရိပ်အမြွက် ပြောခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှုမှာ သူတို့ လိုချင်သည့်အတိုင်း အသီးအပွင့်များ မဖြစ်ထွန်းခဲ့ကြောင်း ပြသနေခြင်းဖြစ်သည်။

အဆိုပါ မူဝါဒ ပြန်လည်သုံးသပ်မှုနှင့် ပတ်သက်၍ ထူးခြားထင်ရှားသော အချက်မှာ၊ ပြီးခဲ့သည့်တပတ်က သမ္မတ အိုဘားမား၏ အကြီးတန်း သံအရာရှိတဦး ရန်ကုန်သို့ သွားရောက်ခဲ့ပြီး၊ မြန်မာစစ်အစိုးရနှင့် တွေ့ဆုံခဲ့ခြင်းပင်ဖြစ်သည်။

Ref: မဇ္ဈိမ

....

0 comments:

အပေါ်သို့