..............................

Thursday, October 9, 2008

မြန်မာနိုင်ငံခရီးစဉ် ဘန်ကီမွန်း ပယ်ဖျက်ဖွယ်ရှိ

ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 08 2008 21:11 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးဖြစ်စဉ်ကို အပြည့်အဝ အကောင်အထည် မဖော်လျှင် စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားသည့် မိမိ၏ခရီးစဉ်ကို သူ့အနေဖြင့် ဖျက်သိမ်းဖွယ်ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ယမန်နေ့က ပြောကြားသည်။

အစိုးရအနေဖြင့် ဒီမိုကရေစီရေးသို့ ရှေးရှုသည့် သိသာထင်ရှားသော တိုးတက်မှုများ မပြနိုင်ပါက မြန်မာနိုင်ငံသို့ အပြန်အလှန် ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်လိုသော်လည်း သူ၏ ခရီးစဉ်ကို ပယ်ဖျက်ရဖွယ် ရှိပါသည်ဟု ယမန်နေ့က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် မစ္စတာဘန်ကီမွန်းက ပြောကြားသွားခြင်း ဖြစ်သည်။

၁၉၆၂ ခုနှစ်ကတည်းက စစ်တပ်က အုပ်ချုပ်နေခဲ့သော မြန်မာနိုင်ငံသို့ ကုလအဖွဲ့ အကြီးအကဲသည် ကြောက်မက်ဖွယ် ကောင်းလှသည့် နာဂစ် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်အပြီး မေလအတွင်းက နောက်ဆုံးအကြိမ်အဖြစ် လာရောက် လည်ပတ်ခဲ့သည်။ ဤခရီးစဉ်အတွင်း မုန်တိုင်းဒုက္ခသည်များကို အကူအညီပေးနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို လက်ခံပါမည့်အကြောင်း စစ်အစိုးရကို နားချပြောကြားခဲ့သည်။

စစ်အစိုးရက မစ္စတာဘန်ကီမွန်း၏ တောင်းဆိုချက်ကို နောက်ဆုံးတွင် လိုက်လျောခဲ့ပြီး၊ ဆိုင်ကလုံး ဒုက္ခသည်များကို အကူအညီပေးရန် လူသားချင်းစာနာသည့် ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီပေးရေး လုပ်သားများကို တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ သို့သော် ကုလအကြီးအကဲသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဖြစ်စဉ်ကို စစ်ဆေးကြည့်ရှုရန် ဒုတိယအကြိမ် လာရောက်ခြင်း မရှိခဲ့ပါ။

မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂမ်ဘာရီက သူ၏ မြန်မာနိုင်ငံသို့ နောက်ဆုံး ခရီးစဉ်အတွင်း ကုလအကြီးအကဲသည် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်လည်ပတ်ဖွယ် ရှိကြောင်းဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

“ကျနော့်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်ကိုယ်တိုင် သွားပါမယ်လို့ ပြောခဲ့တုန်းက ဆိုလိုတာက သင့်တော်တဲ့အချိန်မှာ အပြန်အလှန် ခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကို သွားလည်လိုပါတယ်လို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက သိသာထင်ရှားတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေ ဘာမှ ရစရာမရှိဘဲနဲ့တော့၊ ဒါတွေ မျှော်လင့်စရာမရှိဘဲနဲ့တော့ ကျနော့်အနေနဲ့ သွားရောက်လည်ပတ်နိုင်မှာ မဟုတ်ပါဘူး” ဟု မစ္စတာဘန်ကီမွန်းက နယူးယောက်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက် လည်ပတ်နိုင်ရေးအတွက် လိုအပ်သော အခြေခံ ပြင်ဆင်မှု လုပ်ငန်းများကို သူက လုပ်နေပြီဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြာခဲ့သည်။ သို့သော် “ကျနော် အချိန်နဲနဲ ထပ်ယူရပါအုံးမယ်။ ဘယ်အချိန်မှာ သွားရောက်လည်ပတ်ဘို့ သင့်လျော်သလဲဆိုတာ အကြောင်းအချက် ပေါင်းစုံကို ထည့်သွင်း စဉ်းစားရပါဦးမယ်” ဟု သူက ပြောကြားသည်။

ကုလသမဂ္ဂက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် မြန်မာနိုင်ငံကို ကူညီရေး စိတ်ပိုင်းဖြတ်ထားချိန်တွင် စစ်အစိုးရ အနေဖြင့်လည်း ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်း အပါအဝင် ဒီမိုကရေစီသို့ ကူးပြောင်းရေးဖြစ်စဉ် တရပ်လုံးကို အမှန်တကယ် အကောင်အထည် ဖော်နေကြောင်း သက်သေပြရန်လိုသည်ဟု ဘန်ကီမွန်းက ပြောသည်။

ဤအတောအတွင်း မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း မြန်မာနိုင်ငံသို့ နောက်တကြိမ် ခရီးစဉ်နှင့်ပတ်သက်၍ ကုလအကြီးအကဲ၏ ပြောကြားချက်ကို မိမိတို့ သဘောတူကြောင်းနှင့် စစ်အစိုးရက ဒီမိုကရေစီရေး ရှေးရှုသည့်ဖြစ်စဉ်ကို စတင် အကောင်အထည် မဖော်လျှင် သူတို့ပါတီ အနေနှင့်လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် အခက်အခဲရှိကြောင်း ပြောကြားသည်။

“ကျနော်တို့ ဒီချုပ်အနေနဲ့ ဘန်ကီမွန်းရဲ့ ကျေညာချက်ကို သဘောတူပါတယ်။ ဘာမှ ဖြစ်ထွန်းတိုးတက်မှု မရှိဘဲနဲ့ ကျနော်တို့ဘက်က ပူးပေါင်း ဆောင်ရွက်လို့လည်း မရပါဘူး” ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

စစ်အစိုးရအနေဖြင့် ဒီမိုကရေစီရေးသို့ ရှေးရှုသည့်ဖြစ်စဉ်ကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းဖြင့် စတင်သင့်ကာ၊ နောက်တဆင့်တွင် တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်ကို စတင်သင့်ကြောင်းဖြင့် ဦးဉာဏ်ဝင်းက ပြောသည်။

ထိုအတောအတွင်း စစ်အစိုးရဘက်ကလည်း ဒီမိုကရေစီရေးလမ်းကြောင်းကို အဆင့် ၇ ဆင့်ပါ ဒီမိုကရေစီလမ်းပြမြေပုံဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး၊ ယခုအခါ အဆင့် ၄ ဖြစ်သည့် ဆန္ဒခံယူပွဲကို မေလအတွင်းက ကျင်းပပြီးစီးခဲ့ကြောင်း ပြောကြားနေသည်။

ပေါ်ပေါက်လာပြီဖြစ်သော ဖွဲ့စည်းပုံအရ အထွေထွေ ရွေးကောက်ပွဲများကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပပေးသွားမည်ဖြစ်ကာ အနိုင်ရပါတီဖြင့် လွှတ်တော်ခေါ်ပြီး အာဏာ လွှဲပြောင်းပေးသွားမည်ဟု စစ်အစိုးရက ပြောဆိုနေသည်။

သို့သော် ဤဖြစ်စဉ်ကို အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက သပိတ်မှောက်ထားသဖြင့် မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်စိုးနေခြင်းကို တရားဝင်စေရေး လုပ်ပေးရန် ရည်ရွယ်ပြုလုပ်သည့် စစ်အစိုးရ၏ ဤလမ်းပြမြေပုံသည် ‘အတုအယောင်’ သာ ဖြစ်ကြောင်းဖြင့် ဝေဖန်သူများက ပြောဆိုကြသည်။

ref: မဇ္ဈိမ

0 comments:

အပေါ်သို့