..............................

Friday, October 10, 2008

လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် စစ်အစိုးရကို တောင်းဆို

အေးလဲ့ | အောက်တိုဘာ ၉၊ ၂၀၀၈

မြန်မာစစ်အစိုးအနေနှင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အခြေခံလူ့အခွင့်အရေးများအား ကန့်သတ် ထိန်းချုပ် ထားသည့် ဥပဒေစနစ်များကို ပြန်လည်စိစစ် ပြင်ဆင်ရန် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာတောမတ်စ် အိုဟေး ကင်တာနာ က ပြောဆိုလိုက်သည်။

ယမန်နေ့က ကုလသမဂ္ဂသတင်းထုတ်ပြန်ကြေညာချက်တွင် “အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာစုရုံးခွင့်နှင့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်တို့ကိုလေးစားလိုက်နာမှသာ တိကျခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တခုကို တည်ဆောက်နိုင်မှာဖြစ်တယ်” ဟု မစ္စတာ ကင်တာနာက ၎င်း၏ အစီရင်ခံစာ တွင် ပြောဆိုကြောင်း ဖော်ပြထားသည်။

ထို့အပြင် ခွဲခြားဆက်ဆံသည့် စည်းမျဉ်းဥပဒေ များကိုရုတ်သိမ်းပေးရန်၊ ကလေးစစ်သား စုဆောင်း သုံးစွဲ မှုများကို ရပ်တန့် ရန်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန်တို့ကိုလည်း မစ္စတာ ကင်တာနာ က အစီရင်ခံစာတွင် ထည့်သွင်း တောင်းဆိုထားသည်။

မစ္စတာကင်တာနာက စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေး၍ ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းတို့အား ပါဝင်ခွင့်ပြုရန်လည်း ထပ်မံ အကြံပြုထားသေးသည်။

နိုင်ငံတကာ လူ့အခွင့်အရေး စံထားချက်များမှ စစ်အစိုးရ၏ “ဒီမိုကရေစီသို့ လမ်းပြမြေပုံ”ကို ဖယ်ကျဉ်၍ မရနိုင်ကြောင်း လည်း မစ္စတာ ကင်တာနာ က ပြောဆိုသည်။

မြန်မာနိုင်ငံ၌ အရပ်သားအစိုးရတရပ် ပေါ်ပေါက်လာရန် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် အားလုံး ပါဝင်နိုင်မည့် အခြေခံဥပဒေသစ်တခု လိုအပ်ကြောင်းနှင့် သို့မှသာ ဒီမိုကရေစီ၏တန်ဖိုးများနှင့် ညီညွတ်မည်ဖြစ်ကြောင်းလည်း ၎င်းက ထောက်ပြထားသည်။

၎င်းထောက်ပြပြောဆိုချက်များနှင့်ပတ်သက်ပြီး အန်အယ်လ်ဒီပြောခွင့်ရ ဦးဥာဏ်ဝင်းက“မစ္စတာ ကင်တာနာ အနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာနဲ့ပတ်သက်ပြီး ဒီမိုကရေစီစနစ် ကူးပြောင်းရေး အချိန်မှာ အခုလို အခြေခံ လူ့အခွင့်အရေးဆိုင်ရာ အရေးကြီးတဲ့ အချက်တွေကို ထောက်ပြထားတဲ့အတွက် သက်ဆိုင်ရာ အာဏာပိုင် တွေကလည်း ထည့်သွင်းစဉ်းစား သင့်တယ်” ဟု ပြောသည်။

မစ္စတာ ကင်တာနာသည် လူ့အခွင့်အရေးအခြေအနေများလေ့လာရန် ယခုနှစ်သြဂုတ်လ၃ရက်နေ့မှ ၇ရက်နေ့ အထိ မြန်မာ နိုင်ငံသို့ ၄ ရက်ကြာသွားရောက်ခဲ့ပြီး ၈ ရက်နေ့ နှင့် ၉ ရက်နေ့များတွင် ထိုင်း မြန်မာနယ်စပ် မဲဆောက် မြို့ ရှိ လူအခွင့် အရေး အဖွဲ့ တာဝန်ရှိသူများ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေး အသင်း (AAPP) တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က“ ယခုလများအတွင်း စစ်အစိုးရက နိုင်ငံရေး တက်ကြွ လှုပ်ရှား သူများကို ဆက်လက်ဖမ်းဆီး နေတာတွေ၊ သေလုမျောပါးအထိ ဆိုးရွားလွန်းတဲ့ နှိပ်စက် မှုမျိုးတွေ၊ တရားခွင်မှာ မိသားစု ကြားနာခွင့် မပေးတာတွေ၊ တပတ်အတွင်း မိသားစုများ အားထောင်ဝင်စာ တွေ့ခွင့်မပေးတာတွေ စတဲ့ ဖိနှိပ်ကန့်သတ် ချက်တွေ ပိုမိုများလာတဲ့ ကိစ္စတွေမှာလည်း မစ္စတာကင်တာနာ အနေနဲ့ အထူးလေ့လာဖို့လိုအပ်တယ်”ဟု ပြောသည်။

ယခု အပတ် အင်္ဂါနေ့တွင် ကမ္ဘကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ် မစ္စတာဘန်ကီမွန်းကလည်း မြန်မာ နိုင်ငံတွင် ဒီမိုကရေစီရေးတိုးတက် ပြောင်းလဲမှု မတွေ့ရှိပါက လာမည့်ဒီဇင်ဘာလအတွင်း သွားရောက်မည့် မြန်မာနိုင်ငံခရီးစဉ် မသေချာကြောင်း ပြောကြားထားသည်။
လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၁၁၉၂ ဦးရှိကာ ယခု နှစ် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း အမေရိကန် နိုင်ငံအခြေစိုက် မြန်မာ့ အရေးလေ့လာသူများအဖွဲ့ (USCB) နှင့်AAPP တို့ ၏ အောက်တိုဘာ ၆ ရက်နေ့က ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်အရ သိရှိရသည်။

ref: ဧရာဝတီ

0 comments:

အပေါ်သို့