..............................

Thursday, October 9, 2008

ဝင်းဖေလွယ်အိတ် ၁

ဝင်းဖေ

အောက်တိုဘာ ၂၊ ၂၀၀၈

ဘီဘီစီက ကျနော့်ကို တာဝန်တခု ထပ်ပေးပါတယ်၊ မြန်မာအနုပညာလောက ဝန်းကျင်မှာ ကျနော် ဖြတ်သန်းရင်း တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကလေးတွေနဲ့ အနုပညာသည်တွေ အကြောင်း၊ ဟိုအကြောင်း ဒီအကြောင်း စတာတွေကို “ဝင်းဖေလွယ်အိတ်” ဆိုတဲ့ခေါင်းစီးနဲ့ တင်ပြပေးပါ တဲ့။ ဟုတ်ပါတယ်၊ “ဝင်းဖေလွယ်အိတ် ”ပါတဲ့ခင်ဗျား။


မြန်မာ စကားမှာ အရူးလွယ်အိတ်ဆိုတဲ့စကား ရှိပြီးသားပါ၊ အရူးလွယ်အိတ်ဆိုတာ ဗြုတ်စဖျင်းတောင်း၊ တိုလီမုတ်စ သပ္ပနပေါင်းစုံ ထည့်ထားတတ်တဲ့ လွယ်အိပ်မျိုးကို ဆိုလိုတာပါ၊ ကျနော့်ဘဝ လွယ်အိတ်ထဲမှာ ပါလာတဲ့ သပ္ပနပေါင်းစုံထဲက သင့်နိုးရာရာ ကောင်းနိုးနိုးရာရာကလေးတွေကို တင်ပြဖို့ အခွင့်အရေးပေးတာပါပဲ။ ဘီဘီစီကို ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ “အရူးလွယ်အိတ်” ဆိုတဲ့ စကားနဲ့ “ဝင်းဖေလွယ်အိတ်” ဆိုတဲ့စကားကို ညီမျှခြင်းချပြီး ဘုံကိန်းတွေကိုနှုတ်လိုက်ရင် ဝင်းဖေ ညီမျှခြင်း အရူးလို့ ထွက်နေပါတယ်၊ ဒါပေမဲ့ ပုထုဇန ဥမတ္တကဆိုတာနဲ့ ကိုက်နေလေတော့ အိုကေပါတယ်။

နောက် လွယ်အိတ်နဲ့ ပတ်သက်လို့ မြန်မာတွေ ပြောလေ့သုံးလေ့ ရှိပြန်တာက ဣိစ္ဆာသယလွယ်အိတ်ဆိုတာကလေးလည်း ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်၊ လို တ ရ လွယ်အိတ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။ ကျနော့်လွယ်အိတ်ကတော့ လိုတိုင်းတလို့တော့ မရဘူးပေါ့ခင်ဗျာ၊ တကယ်ရမယ်ဆိုရင် မြန်မာပြည်အတွက် ဒီမိုကရေစီကို အရင်ဆုံး တလိုက်ရုံပေါ့ဗျာ။

နောက်တခုကတော့ မြန်မာတွေ စုပေါင်းလှုပ်ရှားကြတဲ့ နေရာမျိုးတွေမှာ ဇော်ကန့်လန့် တယောက်လောက် ပါလာရင် “ဟေ့လူ ခင်ဗျား ရှမ်းလွယ်အိတ်လိုတော့ မလုပ်နဲ့ဗျာ” လို့ ပြောဆို ဟန့်တားတတ်ကြပါတယ်။ ရှမ်းလွယ်အိတ်က ပုခုံးမှာ လွယ်ထားရတာဆိုတော့ ဘေးတိုက် လိုက်လာရတာ မဟုတ်လား၊ ပြောလို့သာ ပြောရတာပါ ဗမာလွယ်အိတ် အပါအဝင် ဘယ်လွယ်အိတ်မဆို ဘေးတိုက်ပဲ လိုက်တာပါပဲ။

“ဝင်းဖေလွယ်အိတ်” ဆိုတဲ့ ခေါင်းစီးနဲ့အညီ အကြောင်းအရာတွေက စီကာပတ်ကုံးတော့ ဖြစ်မှာမဟုတ်ပါဘူး။ ခု တင်ပြမဲ့ ပထမဆုံးအစီအစဉ်မှာ ကျနော့်ဖခင်အကြောင်းနဲ့ စချင်ပါတယ်၊ ကျနော့်ဖခင်က ကျနော့ကို မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်း၊ မြန်မာစာပေ ဆိုတာတွေကို သူတတ်နိုင်သမျှ သင်ပေးခဲ့ပါတယ်။ ပန်းချီနဲ့ ဂီတကိုလည်း သင်ပေးခဲ့ပါတယ်။ ဖခင်ကြီးက ကျနော့်အတွက် စေတနာဘယ်လောက်ထားထား ကျနော့်မှာ ရှိတဲ့ ပါရမီကလေးနဲ့တန်တဲ့ အတိုင်းအတာပဲ ရတာပါ။

ကျနော့် ဖခင်ဆိုတာ မန္တလေးက ရွှေပြည်ဦးဘတင်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်ကျော်လောက်က ကျနော်တို့အိမ်ကို ဗိုလ်မှူးကြီးတယောက် လာလည်ပါတယ်။ ကျနော့်အဖေက ဧည့်ခံပါတယ်။ ကျနော်ကလည်း ရေနွေးအိုးနဲ့ လက်ဖက်တွေဘာတွေ ချပေးနေတုန်း ဗိုလ်မှူးကြီးကမန္တလေးအနီးက အောင်ပင်လယ်တို့ မဟာနန္ဒာတို့ ဇောင်းကလောတို့ ဆိုတဲ့ တဘက်ဆည်ကန်ကြီးတွေကို အနော်ရထာမင်း တူးဖေါ်ခဲ့တာလို့ အမှတ်တမဲ့ ပြောပါတယ်။ ကျနော်ကလည်း ငယ်သေးတော့ ဖြတ်ကနဲဝင်ပြောမိပါတယ်၊ “မဟုတ်ပါဘူး ခင်ဗျား၊ မင်းရှင်စောတည်တာပါ” လို့။ ဒီတော့ ဗိုလ်မှူးကြီးက “ဟာ ဟုတ်ရဲ့ လား၊ အေးလေ ဟုတ်မှာပါပဲ၊ မင်းက ဆရာရွှေပြည်ရဲ့သားပဲ” လို့ပြောပါတယ်၊ ဒီတော့ ကျနော့်ဖခင်က ချက်ချင်းပဲ ဝင်ထောက်ပါတယ်၊ “ဒီဗဟုသုတကတော့ ကျနော်သင်ပေးတာ မဟုတ်ပါဘူးဗျာ၊ ဒီကောင် နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းထဲကနေပြီး သိထားတာနေမှာပါ” လို့ ပြောပါတယ်။

ဟုတ်ပါတယ်၊ ကျနော်က နန်းတော်ရှေ့ဆရာတင်ရေးတဲ့ အောင်ပင်လယ် သီချင်းကို ဆိုပြခဲ့ရပါတယ်။ ဒီလိုခင်ဗျ-

“မင်းရှင်စော မျှောသည့်ဖောင်ဝယ် လေးကန်စလုံး သိမ်းကြုံးဆည်တော်မူတယ်၊ မင်းရှင်စော မျှောသည့်ဖောင်ဝယ် လေးကန်စလုံး သိမ်းကြုံးဆည်တော်မူတယ်၊ အဲဒါတွေကို စီချယ် နန်းတော်ရှေ့က ဆရာတင်ရယ်”

ဒီတုန်းက ကျနော့်အဖေ မသင်ပေမဲ့ ကျနော် မှတ်လိုက်မိတာကလေးတခုရှိပါတယ်၊ မန္တလေးက တဘက်ဆည်ကန်ကြီးလေးကန်ကို မင်းရှင်စော တည်ပါတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျနော်သိအောင် သူသင်ထားပါတယ်ဆိုရင်ကော ဘာဖြစ်သေးသလဲ၊ ဗိုလ်မှူးကြီးကတောင် သူ့ဟာသူ လက်ခံပြောဆိုနေပြီပဲ။ ကျနော့် အဖေက အဲဒီလို အလွယ်တကူ လက်မခံပါဘူး၊ သူဂုဏ်ယူရမှာ မဟုတ်တာကို သူ မယူပါဘူး၊ အရှိ အရှိအတိုင်း ထုတ်ပြောလိုက်တဲ့ ကိစ္စပါပဲ။ လိုရင်းကတော့ ရိုးသားဖို့ပဲ။

ကျနော် စဥ့်ကူးထုံးကြီးဘက်မှာ ကျောင်းအုပ်သွားလုပ်တော့ ကျနော့ကို ရွှေပြည်ဦးဘတင်သား ကျောင်းအုပ်ဆရာကြီး ဆိုပြီး အလှူဖိတ်စာ ရေးခိုင်းပါတယ်၊ ကျနော်လည်း လွယ်လွယ် ကူကူပဲ ပါဠိပါဌ်တ်သားတွေ ဘာတွေနဲ့ ရေးပေး လိုက်ပါတယ်။ သူတို့က ကျနော်ဟာ ရွှေပြည်ဦးဘတင်သား ပီသပါပေတယ်လို့ ချီးမွမ်းပြောဆိုကြပါတယ်။ ကျနော်က ရှင်းပြလိုက် ရပါတယ်။ ကျနော့်အဖေ သင်ပေးတာ မဟုတ်ပါဘူး လို့။ မြို့မငြိမ်းရေးတဲ့ အလှူတစ် ဆိုတဲ့ သီချင်းကို ဆိုတတ်လို့ ဒီဖိတ်စာကို ရေးနိုင်တာပါလို့ ၊ ဟုတ်ကဲ့ အဲဒါလေးလည်း ဆိုပြမှာပါ။

“သာမဏေရပဗ္ဗစ္ဇမြောက်၊ ချီးမြှောက်မည် သားသည်းချာ၊ ရှုမငြီးသမီးရတနာ ကဏ္ဍ ဝဇ္ဈဏ နားသမင်္ဂလာ၊ သာမဏ ပရိဘောဂ ဒေယျဓမ္မ ဓါတဗ္ဗလှူကာ အနုဂါမိကဥစ္စာ နိဗ္ဗာန်ရသည့် ဘဝတိုင်အောင်ပါ”

ကဲ အဲဒါသာ ကြည့်ပါတော့။ တပုဒ်လုံးဆိုရင် ပါဠိတွေနဲ့အပြည့်၊ ပြည့်ပြည့်စုံစုံ ဖြစ်သွားတာပေါ့ခင်ဗျာ။ သောတရှင်များခင်ဗျား၊ သီချင်းတွေ တော်တော်များများမှာ လိုရင်လိုသလို ကိုးကားဖို့ အသုံးကျတာကလေးတွေ ပါတတ်ကြောင်း တင်ပြလိုက်ရပါတယ်။

ကျန်းမာချမ်းသာကြပါစေ။ ကျနော်ဝင်းဖေပါ။

(ref: ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန)

0 comments:

အပေါ်သို့