..............................

Thursday, October 9, 2008

ဝင်းဖေလွယ်အိတ် အမှတ် ၂

ဝင်းဖေ

အောက်တိုဘာ ၈၊ ၂၀၀၈

“ဝင်းဖေလွယ်အိတ်” အစီအစဉ် အမှတ် ၂ ကို တင်ဆက်ပါတော့မယ်။ ပြီးခဲ့တဲ့အပတ်က ကျနော့်ဖခင်ကြီးဆီက ပညာတွေသင်ရပါတယ်လို့ အစပျိုးပြီး သူ မသင်တဲ့ကိစ္စတွေအကြောင်း ရောက်သွားပါတယ်။ ဒီတပတ်တော့ ကျနော့် ဖခင်ဆီက ပညာရင်နို့ သောက်စို့ခဲ့ရတာကို နည်းနည်းပါးပါး တင်ပြပါမယ်။

ကျနော်ငယ်ရွယ်စဉ် ကလေးဘဝ သူငယ်တန်းတောင် မတက်ရသေးခင်ကတည်းက ဖခင်က ကျနော့်ကို မြန်မာ့ရိုးရာ မဟာဂီတနဲ့ ပန်းချီကို စတင် သင်ကြားပေးပါတယ်။ သူကိုယ်တိုင်ကတော့ မြန်မာ့ရိုးရာ မဟာဂီတကို မြန်မာထီးနန်းမှာ အမှုထမ်းခဲ့တဲ့ အဝေးရောက်မင်း ဦးအောင်ကြီးနဲ့ အဆိုတော်ကြီးဦးထွန်းအိုင်ဆီမှာ သင်ကြားခဲ့တာပါ။ သူက ပတ္တလားလည်း တီးပါတယ်။ အဆိုမှာ ပိုပြီး ကျွမ်းကျင်ပါတယ်။ ကျနော့်အဖေ တတ်ထားတဲ့ ထံတျာ၊ သီတာ၊ သာယာ၊ ထွေတလာ၊ ဝေဘာဂီရိ၊ ဘုံဆောင်မြင့်၊ ဇေယျာမြို့၊ စိမ်းလဲ့လဲ့ညိုပြာ နဲ့ သာနိုးပျော်ဘွယ် ငါးပုဒ် ပေါင်းလိုက်တော့ ကြိုး ဆယ့်သုံးပုဒ် ပတ္တလားပညာကို ကျနော် တနှစ်လောက် သင်ယူလိုက်တော့ ကုန်ဆုံးသွားပါတယ်။

ရှေ့ဆက်သင်ဖို့ အလင်္ကာကျော်စွာဘွဲ့ရ ဆရာဘကလေးကို ငှားရမ်း သင်ကြားရပါတယ်။ အဲဒီ ၁၉၄၆ခုနှစ်ဆီလောက်ကကိုပဲ ဘိုးလေးဘ အသက်က ၇၀ ကျော်နေပါပြီ။ ကျနော့် အထက်ကအစ်ကို ကိုဝင်းမောင်နဲ့အတူ သင်ကြရတာပါ။ ၄ နှစ်လောက် သင်လိုက်တော့ မဟာဂီတအခြေခံတွေဖြစ်တဲ့ ကြိုး၊ ဘွဲ့၊ သီချင်းခံ၊ ပတ်ပျိုး၊ ယိုးဒယား၊ မွန်၊ လေးထွေ၊ သံကပ်၊ လှော်ကနတ် စတာတွေ အပုဒ် ၈၀ လောက် တီးမိခေါက်မိသွားပြီပေါ့ခင်ဗျာ။

ဒီတော့ တိုတိုပဲပြောပါ့မယ်၊ ရကန်တို့ အဲတို့ အိုင်တို့ ဆိုတာတွေကို အဆိုသင်တော့မယ်လို့ ကျနော့်ဖခင်ကို ပြောပါတယ်။ ရတု၊ ရကန်၊ အဲ၊ အံ၊ လူးတား ဆိုတာတွေက လင်္ကာဝစနလို့ ခေါ်ပါတယ်။ အရပ်သားစကားနဲ့ ရှင်းအောင် ပြောရရင် သံနေသံထားနဲ့ ကဗျာဖတ်နည်း (Poem Reciting)တွေပါပဲ။ တူရိယာပစ္စည်း အတွဲ အဖက်တောင် မလိုပါဘူး။ ဒီအတိုင်း ရွတ်ရဖတ်ရတာမျိုးတွေပါပဲ။ ကျနော်က အတီးရော အဆိုရောပါတဲ့ သောတာ ဝစနတွေကို ၄ နှစ်လောက် သင်ထားပြီဆိုတော့ အတီးတောင်မပါတဲ့ လင်္ကာဝစနတွေကို သိပ်အထင်မကြီးဘူးပေါ့ဗျာ။

အဲဒီမှာ ဖခင်ကြီးက ရှင်းပြပါတယ်။ တူရိယာ ပစ္စည်း အတွဲအဖက် မပါတော့တဲ့အတွက်ကို လင်္ကာဝစနတွေက အသံထိန်းချုပ်မှု၊ သံနေသံထား ရင့်ကျက်မှု မှင်မောင်း စတာတွေ ပိုပြီး အရေးကြီးလာတယ်၊ အဲဒီ လင်္ကာဝစနတွေကိုဆိုဖို့ ကျနော့်အနေနဲ့  နုသေးတယ်၊ စောသေးတယ် ဆိုပြီး ဆိုခွင့်မပေးပါဘူး။ အဲဒါကို ကျနော် ငယ်ငယ်က ကောင်းကောင်း နားမလည်ခဲ့ပါဘူး

နောက် ၂နှစ်လောက်ကြာတော့ ကျနော့်ဟာကျနော် အိမ်နောက်ဖေးမှာ လွတ်လွတ်လပ်လပ် သီချင်းအော်ဆိုနေတာကို ဖခင်ကြီးက အိမ်ရှေ့က လှမ်းခေါ်ပြီး မင်း ခုချိန်လောက်ဆို ရကန်ဆိုရင် ရလောက်ပြီကွ လို့ ပြောပါတယ်၊ သူကိုယ်တိုင် သင်ပေးပါတယ်။ သောတာဝစနဆိုတဲ့ အဆိုရော အတီးရောပါတဲ့ နားထောင်လို့ ပိုပြီးလွယ်ကူတဲ့ ရိုးရာဂီတတွေကိုတောင် ဒီခေတ်လူငယ်တွေ သည်းမခံနိုင်ကြတော့ပါဘူး၊ အတော်ကြီးကို ပျောက်ကွယ်ကုန်ပါပြီ၊ တူရိယာပစ္စည်းအတွဲအဖက်မပါတဲ့ လင်္ကာဝစနတွေကတော့ အလေ့အလာအတော်ကို အားနည်းသွားပြီဖြစ်ပါတယ်။ ဒီတပတ် ကျနော် ရကန်နဲ့ အဲ ကို နည်းနည်းစီ အမြည်းလောက် ဆိုပြပါမယ်၊ ဖျော်ဖြေတာမဟုတ်ပါဘူး၊ ရှေးဟောင်း အမွေပစ္စည်းများအဖြစ် တင်ပြလိုက်ပါတယ်။ ရကန်ဦးတိုးရဲ့ သဇင်ပန်းရကန်ပါ။

“စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင် နေရောင်မခံ ပန်းပျံ ပင်ဆင့် နေနှင့်ရန်ဖက် ခက်လက်စိမ်းမြ မိုးမခဘူး နွေလသံပေါက် ရင့်ချိန်ရောက်ခါကမ ပွင့်သောက်ကဲ့ရွှင်ရွှင် ပွင့်ဖူးတွေဆင်ကြသည်၊”

ဒါက အစပိုဒ်ကလေးပါ၊ အဆုံးပိုဒ်ကျတော့ဒီလိုပါ....

“ပါရမီဂုဏ် သင့်ရုံဟုတ်ဘူး အဟုတ်ထူးသည့်ပန်း လမ်း ချဲ့ချဲ့ မချဲ့ချဲ့ ဆုတ်ဟဲဘဲ ဆိုဆို မဆိုဘဲ လာလာ သူမို့ ပါလျှင်ဖြင့် ရွှေအာဏာခေါင် သိုင်းပြောင်ပြောင်နှင့်မို့ ရှောင်ရမည် ရှားရမည် ပန်းပျံ့များဘုရင်ကို၊”

လူငယ်များအတွက် လွယ်လွယ်နဲ့ နားပေါက်အောင်ပြောချင်တာကတော့ Spiritual Blues တွေကို နားထောင်သလို၊ တေးသွားအကြားဆန်းမှု အသံထိမ်းချုပ်မှုကို ခံစားကြည့်ကြဖို့ပါပဲ။ ကဲ ခုဆက်ပြီး “အဲ”တပုဒ်ရဲ့ အစပုဒ်ကို မြည်းကြည့်ကြဖို့ပါပဲ။ စာဆို မယ်ခွေရဲ့ နေနတ်ကယ်မှရာဇာ ချီ တန်ခူးလဘွဲ့ အဲ ဖြစ်ပါတယ် ။

“ နေနတ်ကယ်မှ ရာဇာ၊ အသဝဏီ ကြယ်နှင့်ငယ်ညီ စန္ဒီစိတ္တရ တူယှဉ်ပြိုင်ပကြတယ်၊ လအတာကိုတဲ့လေး၊ သီတာငယ်မှပြန့်မွှန်း သပြေမြရည် တသောင်းပြည်ကို အောင်စည်ရွမ်းလို့ ရေသွန်းကမှခါချိန် သောက်ရှူးဥပါ ကြယ်နီလာနှင့် ရွှေဇာပေါက်လို တိမ်ခိုးညိုနှင့် ပြိုမည့်နှယ် ချိန် နဂါးလိမ်လွန်း အိမ်ဖွဲ့ ပါလို့ မယ့်ဆီ ကမဲ အဲ၊ ”

ဒါကတော့ “အဲ” ရဲ့ အစပိုဒ်ကလေးပေါ့ခင်ဗျား၊ အဆုံးထိဆိုရင်တော့ သိပ်လေးသွားမှာမို့ ဒါလောက်ပဲ တင်ပြလိုက်ပါတယ်။ မြန်မာ့ရိုးရာ လင်္ကာဝစန အနုပညာအမွေတွေကို ဆက်လက် ထိန်းသိမ်းထားကြဖို့ သင့်ကြောင်း တင်ပြလိုက်ပါတယ်။ ကျန်းမာချမ်းသာကြပါစေ ၊ ကျနော်ဝင်းဖေပါ။

(ref: ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာန)

0 comments:

အပေါ်သို့