..............................

Wednesday, April 11, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၆)

ဟန်လင်း
April 11, 2012
စစ်သုံးဘတ်ဂျက်နဲ့ တပ်မတော်

ဘဏ္ဏာရေးဝန်ကြီးဦးလှထွန်းက ဇန္န၀ါရီလ(၃၁)ရက်နေ့က လွှတ်တော်အတွင်း မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ပေးဆပ်ရန် အကြွေး ဒေါ်လာ (၁၀)ဘီလီယံ၊ ၁၁၀၂၃ သန်း တင်နေကြောင်း စာရင်းဇယား အတိအကျဖြင့် တင်ပြခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မတိုင်မီ အကြွေး ဒေါ်လာ (၈၄၀၈၀) သန်း မှာ ဂျပန်နိုင်ငံရဲ့ကြွေးမြီက အများဆုံး၊ ၁၉၈၈ ခုနှစ် နောက်ပိုင်း တင်ခဲ့တဲ့ ကြွေးမြီ ဒေါ်လာသန်း (၂၆၀၄) မှာတော့ တရုပ်နိုင်ငံသို့ ပေးစရာ အကြွေးက ခပ်များများလို့ ဆိုပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဇန္န၀ါရီလ ၂၇ ရက်နေ့မှာပြဋ္ဌာန်းခဲ့တဲ့ လာမယ့်၂၀၁၃ဘဏ္ဏာနှစ် လျာထား သတ်မှတ်ချက် တွေကို မတ်လ(၃၁) ရက်နေ့ နိုင်ငံတော် ပြန်တမ်းဖြင့် ကာကွယ်ရေး ၀န်ကြီးဌာန အသုံးစရိတ် ကျပ်သန်းပေါင်း တစ်သန်း တစ်သိန်းကျော်။ စွမ်းအင်ဝန်ကြီး ဌာန ကျပ်သန်း တစ်သန်းတစ်သောင်း၊ ဘဏ္ဏာရေး ၀န်ကြီးဌာန ကျပ်သန်း တစ်သန်းတို့ကို သုံးစွဲခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။ လောင်စာနဲ့လျှပ်စစ် စွမ်းအင်ဆိုင်ရာ မြှုပ်နှံမှုတွေ ပါရှိပြီး စစ်ရေး သုံးပစ္စည်းတွေ ၀ယ်ယူတဲ့ စာရင်းများ မဖေါ်ပြထားလို့ အတိအကျ မသိရနိုင်ပါ။

ခေတ်သစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် စစ်သုံးစရိတ်ဟာ ဘဏ္ဏာငွေ အလုံးအရင်း ကြီးရဲ့ (၂၃.၆)% အမေရိကန် ဒေါ်လာသန်း (၂၀၀၀) ကျော်ဖြစ်ပြီး ကျမ္မာရေး အသုံးစရိပ် (၁.၂)% ဒေါ်လာသန်း (၁၁၀) ဖိုး။ ပညာရေး အတွက် ဒေါ်လာသန်း (၃၅၀) ။ (၄.၁၃)%နီးပါး အသီးသီး သတ်မှတ် ပေးထားပါတယ်။ စစ်သုံးစရိပ်ထဲမှာ ၂၀၀၉ ခုနှစ် ရုရှားဆီကနေ ၀ယ်ယူခဲ့တဲ့ MIG -29 တိုက်လေယဉ် အစီး၂၀ အတွက် တင် ဒေါ်လာ ၅၅၃သန်း ပေးချေရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း စစ်ဘတ်ဂျက် ဒေါ်လာ ၂ဘီလီယံဖိုး ချထားခဲ့တာပါ။ ဒီလေ ယာဉ်သစ်တွေနဲ့ တိုင်းပြည်ကို ပြန်လည် ထူထောင်လို့ရမှာလား ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့ ရမှာလား ဆိုတာကတော့ ဒီကနေ့ အစိုးရ တပ်က လက်နက်ကြီးငယ်နဲ့ ဒုံးတွေ လေယဉ်တွေ သုံးပြီး နယ်စပ် ဒေသတွေမှာ စစ်ဆင်ခဲ့လို့ စစ်ဘေးသင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတိုင်း မေးခွန်း ထုတ်ချင်ကြစရာပါ။

ဘာပဲဖြစ်ဖြစ် အရင်စစ်အစိုးရ ၂ ဆက်လက်ထက်တုံးက ပြည်သူကိုအတိအလင်းမဖေါ်ပြပေးခဲ့၊ စစ်သုံးဘတ်ဂျက်ကို ဒီကနေ့ကျမှ ပြည်သူတွေ သိခွင့် ရလိုက်တာပါ။ ဒါကလည်း ပြောင်းလဲခြင်းရဲ့ လတ်တလော အမြတ်လို့ ဆိုရမှာပါ။ တသက်လုံး ထင်ရာစိုင်း အနိုင်ကျင့် ခံလာရတဲ့ ပြည်သူ တွေ အခုမှကိုယ့်ဆန္ဒ ကိုယ်ဖေါ်ထုတ်ခွင့်လေး နည်းနည်း ရလာတာပါ။ အမြတ်ထဲက အရှုံးတခုကတော့ အရင် အစိုးရတွေ မင်္ဂလာယူပြီး ပြေခဲ့ တဲ့ တိုင်းပြည် ဖွံ့ဖြိုးမှု လုပ်ငန်း ပေါင်းစုံအတွက် ပြည်ပချေးငွေ (၁၁) ဘီလီယံကျော် အကြွေးတင်နေတဲ့ အဖြစ်ကို ပြည်သူတွေက ဒေါ်လာ (၁၈၀)နှုံးစီ နဲ့ ကြွေးဝိုင်းဆပ် ပေးကြရတော့မယ့် ဘ၀ပါ။

တိုင်းပြည်ရဲ့ အာဏာသုံးရပ်ကို စစ်အစိုးရအဆက်ဆက် ထိန်းချုပ်တာဝန်ယူခဲ့ပေမယ့် တိုင်းပြည်အပေါ် တင်နေတဲ့ ကြွေးတွေ ကိုတော့ ဘယ် အုပ်ချုပ်သူကမှ စိုက်ခံပြီး ဆပ်သွားရိုးထုံးစံ မရှိပါဘူး။ မဆလ ခေတ်တုံးကလည်း ပြည်ပကြွေး ဒေါ်လာ(၈) ဘီလီယံဖိုးကို ဦးနေ၀င်း မဆပ်ခဲ့သလို တိုင်းပြည်ကိုသာ ဖွံဖြိုးနိမ့်နိုင်ငံ LDC အဖြစ် သတ်မှတ် ခံခိုင်းခဲ့တာပါ။ အခုလည်း န၀တ-နအဖခေတ်က အကြွေးဒေါ်လာ (၂) ဘီလီယံကျော်ကို သွားလေသူ ဗိုလ်ချုပ်မှူးကြီးနဲ့ အဖွဲ့က စိုက်ပြီး ဆပ်ကြလိမ့်မယ် မဟုတ်ပါ။ သူတို့ တရားဝင်ရတဲ့ ၀င်ငွေနဲ့ မရနိုင်မ၀ယ်ယူနိုင် စိတ်ကူးအိမ်မက်ထဲ တောင် ထည့်မမက်ခဲ့ဖူးသော စည်းစိမ် အသီးသီးကို ပိုင်ဆိုင်ရင်း အာဏာရှင်တွေ အနား ယူနေကြပါပြီ။ စစ်သုံး ဘတ်ဂျက်ဆိုတာ သူတို့ အိပ်ကပ် ထဲ ထည့်ရမယ့် အရာတွေလို့များ ယူဆခဲ့ကြပုံပါ။

စစ်သုံးဘတ်ဂျက်ကိစ္စတွေနဲ့ ပါတ်သက်လို့ အမေရိကန်စစ်သုံးဘတ်ဂျက်ဥပမာတခုကို အလျဉ်းသင့်လို့ ပြောပြ ချင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတို့ ရဲ့ ဘိုးအေ ကမ္ဘာ့ ပုလိပ်ကြီး အဖြစ် ခံယူထားသူ ပြီးတော့စီးပွားရေး၊ စစ်ရေးဖက်မှာ ပြိုင်ဖက်နဲ့ ရန်ဖက် များနေတဲ့ အမေရိကန် နိုင်ငံကြီးဟာ လာ မယ့် ၂၀၁၃ခုနှစ် သူရဲ့စစ်သုံးဘတ်ဂျက်ကို ကမ္ဘာသိ ထုတ်ပြန် ပေးခဲ့ပါတယ်။ ဘာတခုမှ လျှိုဝှက် မထားခဲ့ပါဘူး။ ပြီးတော့ ဘယ်ကိစ္စ နဲ့ ဘယ် ခေါင်းစဉ်တွေအောက်မှာ စစ်ပစ္စည်း၊ လူ၊ လက်နက် တပ်ဆင်/ထုတ်လုပ်/၀ယ်ယူ သုံးစွဲမယ့် ကိစ္စတွေအကုန် ဖေါ်ပြ ပေးထားတာပါ။ နမူနာအဖြစ် ပြရရင် ၂၀၁၃ခုနှစ် ဘတ်ဂျက် ၅၂၅ ဘီလီယံမှာ လက်ရှိ တပ်အင်အား ၅၇၀၀၀၀ ကနေ ၄၉၀၀၀၀ ထိဖြစ်အောင် စစ်သည် ၃၅၀၀ မှ ၅၀၀၀ ထိ အင်အားရှိတဲ့ တပ်မဟာ(၈)ခုစာကို လျှော့ချပြစ်ဖို့ပါ။ လေတပ်ကလည်း မူလရှိရင်း အင်အားရဲ့ ၁၀ ပုံတစ်ပုံ စစ်လေယာဉ်အုပ် ၆ခုကို ရုပ်သိမ်း ဖို့ရှိနေသလို ရေတပ် အနေနဲ့တော့ ခရူဇာ စစ်သင်္ဘောကြီး ၇ စီးနဲ့ အမြန် စစ်ရေယဉ် ၈စီး လျော့ချရမှာပါ။ အမေရိကန် စစ်တပ်ထဲက စစ်သည် အင်အား တစ်သိန်းလောက်ပဲ လျှော့ချလိုက်မယ် ဆိုရင် လာမယ့်နှစ် အတွက် ဒေါ်လာဘီလီယံ (၅၀၀)လောက် တိုင်းပြည်အတွက် သက်သာ သွားစေပါတယ်။ ဒါမှလည်း ပြည်သူတွေ ထောက်ခံမှုနဲ့ စစ်ဘတ်ဂျက်တွေရပြီး အမေရိကန် တပ်မတော်ကြီးကို ဆက်လက် ခေတ်မီအောင် တည် ဆောက်နိုင်မှာ ဖြစ်လို့ အဲဒါက အမေရိကန်တို့ရဲ့ စံဒီမိုကရေစီကျသော ခေတ်မီတပ်မတော် တခုလုပ်ဟန်ပါ။

နောက်တခုက အင်ဒိုနီးရှားဥပမာပါ။စစ်တပ်ဘတ်ဂျက်ကို ၁၀%လောက်ပဲထားပြီး ကျမ္မာရေး၊ ပညာရေးနဲ့ ကျေးလက် မြို့ပြဖွံ့ဖြိုးရေး ကိစ္စတွေ အတွက် ပိုသုံးထားတာပါ။ ကျနော်တို့မြန်မာပြည်က လာမယ့်နှစ် ဘတ်ဂျက်ထဲမှာ ကျမ္မာရေးနဲ့ ပညာရေး အသုံးစရိပ် ၂ ခု ပေါင်းမှ ၄% တောင် မပြည့် ပေမယ့် စစ်ဘတ်ဂျက်က (၁၄.၈)%ဖြစ်နေပါတယ်။ ဒီဘတ်ဂျက်ထဲ ကနေ ကြည်း၊ ရေ၊ လေ တပ်တွေ အသီးသီးအတွက် ဘယ်လောက်ခွဲတမ်း ရ ကြမလဲ။ လောက်ရော လောက်နိုင်ပါ့မလား။ မလောက်ဘူး ဆိုရင်ကော မနှစ်ကလို လွှတ်တော်ထဲမှာ ထပ်ပြီး တောင်းခံဦးမှာပါ။ ဒါကြောင့် လာမယ့် ၂၀၁၃ခုနှစ် စစ်ဘတ်ဂျက်ကို ပြည်သူတိုင်း မျက်ခြေမပြတ် စောင့်ကြည့်နေဖို့တော့ လိုပါလိမ့်မယ်။

ပြီးတော့လည်း စစ်တပ်မှာကိုယ်တိုင်စီးပွားရေးဦးပိုင်ကုမ္မဏီကြီးတွေနဲ့ ကော်ပိုရေးရှင်းကြီးတွေ ထောင်ပြီး စီးပွား ရှာခဲ့ကြပေမယ့် တိုင်းပြည် နဲ့ စစ်တပ်အတွက် အကျိုးအမြတ် ဘာတခုမှ ဖေါ်ပြနိုင်ခဲ့တာကို မတွေ့ရတဲ့ အချက်ကလည်း ပြည်သူတွေ အတွက် သံသယဖြစ်စရာ အချက်ပါ။ တပြည်လုံးက လုပ်ပိုင်ခွင့်နဲ့ အခွင့်လမ်းကောင်း မှန်သမျှ လက်ဝါးကြီး အုပ်ထားပေမယ့် လက်ရှိ တိုင်းပြည်သို့ ၀င်ငွေခွန်အများ ဆုံးပေးဆောင်တဲ့ လုပ်ငန်းရှင်ကြီးများ စာရင်းထဲမှာတော့ ယခင် အစိုးရဟောင်း လက်ထက် စစ်တပ်နဲ့ ဆက်စပ် စီးပွားရေး လုပ်ငန်းမှန်သမျှ တိုင်းပြည်သို့ အခွန်ပေး ဆောင်တာ ဘာတခုမှ မတွေ့ခဲ့ရပါ။ စစ်တပ်ပိုင် လုပ်ငန်းများ အပြင် စစ်တပ် သုံးစွဲသမျှ ကိစ္စ အကုန်လုံးအတွက် အခွန်ကင်းလွှတ်ခွင့်နဲ့ အထူးဈေးနှုံး ဆိုတာတွေကို သတ်မှတ် ထားတာမို့ စစ်သည် အတွက်လည်း အကျိုးမဲ့ ပြည်သူအတွက်လည်း အခွန်မရ ဒီလို နစ်နာသမျှ ငွေလုံးငွေရင်းဟာ တိုင်းပြည်ဘတ်ဂျက် လိုငွေစာရင်းထဲသို့ အနုတ်လက္ခဏာများ အဖြစ် ရောက်သွားကုန်တာ ၁၉၉၀ မှ ကနေ့ အထိပါ။

မြန်မာပြည်ကဒေါ်လာ(၁၁)ဘီလီယံအကြွေးကို မြန်မာ့တပ်မတော်အစိုးရဟောင်းအနေနဲ့ ဘယ်သို့ ဘယ်ပုံ ကူညီဖြေရှင်း ပေးသင့်တယ် ဆိုတာ ကလည်း ပြန်သုံးသပ်သင့်တဲ့ ကိစ္စပါ။ တပ်မတော်ကို ခုတုံးလုပ်ပြီး စီးပွား ရှာသွားခဲ့လေသူတွေ ဆီကနေ ပြန်ယူပြီး ဖြေရှင်းပေးမှာလား။ အခုတင် တဲ့ ဘတ်ဂျက်လိုငွေ အကြွေးတွေကို ယခင်အစိုးရ လက်ဝေခံ ဦးတေဇ၊ မက်မြန်မာ ဇော်ဇော်တို့လို စားဖား ကုမ္မဏီလုပ်ငန်းရှင် တယောက် အနေနဲ့ တောင် စိုက်ခံ ဆပ်ပေးနိင်လောက်ပါတယ်။ တိုင်းပြည် စီးပွားရေး အခွင့်ထူးတွေကို သူတို့နဲ့ ဗိုလ်ချုပ်တွေပဲ ရယူခဲ့ကြတာ မဟုတ်ပါလား။ ဒါ ကြောင့်မို့ ပထမအကြိမ် လွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့မှာ ပြည်သူ့ ငွေစာရင်း ကော်မတီကနေ တည်ဆောက်ပြီး မြစ်ရေတင် စီမံကိန်း(၆၇) ခုနဲ့ ပါတ်သက်လို့ စစ်ဆေးတွေ့ရှိချက် တင်ပြရာမှာ အကျိုးမဲ့ မြစ်ရေတင်လုပ်ငန်း(၄၁) ခု ရပ်ဆိုင်းပြီး ဘဏ္ဏာငွေ ပိုထွက်အောင် လုပ်ဖို့ တင်ပြခဲ့ပါတယ်။ အပြုသဘောကို ဆောင်ပေမဲ့ ဒီငွေလောက်နဲ့တော့ ပြည်ပကြွေး ဆပ်ဖို့ရာ မဆိုထားနဲ့ ၀န်ထမ်းလစာ တိုးပေးဖို့တောင် မဖြစ်တဲ့ ဆင်ပါးစပ်နှမ်းပက်တဲ့ အဆင့်ပါ။

ထိုင်းနိုင်ငံဗန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်း/အိန္ဒိယ/မြန်မာအခွင့်အလမ်းသစ်များဆိုတဲ့ ဆွေးနွေးပွဲ တခုမှာ အာရှ ဖွံ့ဖြိုးရေး ဘဏ်ညွန်ကြားရေး မှုးဟောင်း Jean-Pierre Verbiest ဆိုသူရဲ့တွက်ချက်မှုအရ လက်ရှိ မြန်မာပြည်ဟာ နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုရင် လာမယ့် ၂၀၃၀ ခုနှစ် လောက်ကျမှ မြန်မာ့ အမျိုးသားဝင်ငွေ ဒေါ်လာ (၃၅၀၀)လောက် ဖြစ်လာမှာ ဖြစ်ကြောင်း စီးပွားရေး တခုလုံးရဲ့ တန်ဖိုးဟာ ဒေါ်လာဘီလီယံ (၂၅၀) လောက်ဖြစ်လာမယ်လို့ နိမိတ်ဖတ်ပါတယ်။ ဒါတောင်မှ လက်ရှိ ထိုင်းနိုင်ငံ အမျိုးသားဝင်ငွေရဲ့ လေးပုံ တစ်ပုံလောက်ပဲ ရှိပါလိမ့်မယ်။ အစိုးရ ၀င်ငွေထွက်ငွေ မမျှတတာ၊ ထိန်းချုပ်လွန်းတဲ့ အတိုးနှုံးတွေ၊ လူထု စုဆောင်းငွေ နည်းပါးတာ၊ အစိုးရ ကိုယ်တိုင် စွမ်းဆောင်ရည် ညံ့ဖျင်းတာ ဘဏ်နဲ့ ငွေကြေးစနစ် ခေတ်နောက်ကျ နေတာတွေကို ပြုပြင်မှ တိုးတက် လာမှာဖြစ်ပါတယ်။ ဒါအပြင်အရင်လို အစိုးရလက်ဝေခံ လုပ်ငန်း ရှင်တွေကို ခွင့်ပြုပေးတာမျိုး မဖြစ်ပါမှလို့ သူက ဆိုပါတယ်။

အခုတော့ လာမယ့်အပြောင်းအလဲကာလခေတ်သစ်ကြီးထဲမှာ အရင်လိုအတွင်းကြိပ်ပြီး လုပ်ချင်ရာတွေ လုပ်လို့ မဖြစ်နိုင် တော့ပါ။ အနည်းဆုံးတော့ ကြိုက်သည်ဖြစ်စေ မနှစ်ခြိုက်သည် ဖြစ်စေ ကိုယ်ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ညီအောင်တော့ ဦးသိန်းစိန် အစိုးရအနေနဲ့ လုပ်ပြရဦးမှာ မဟုတ်ပါလား။ နောင်လည်း လွှတ်တော်ကနေ ပြည်သူသို့ အသိပေးပြီး အများသိ စီမံဘတ်ဂျက်ကို ရေးဆွဲ ကြရပါဦးမယ်။ ဒီအထဲမှာ အများ ဆုံး ဘတ်ဂျက် တခုဖြစ်တဲ့ စစ်သုံး ဘတ်ဂျက်ကိစ္စလည်း ပါလိမ့်မယ်။ အမြင်တွေ ပွင့်လင်း လာနေပြီဖြစ်တဲ့ မြန်မာပြည်သားတိုင်း ဒီအခွင့်အရေး တွေကိုအရယူဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဏ်ရာဗလပွနဲ့ အကျအပေါက် များပြီး မှန်းချက် နှမ်းထွက် မကိုက်တဲ့ စီမံကိန်းလုပ်ငန်း ကြီးပေါင်းစုံအတွက် တယောက်လျှင် ဒေါ်လာ (၁၈၀) ကျော် ကြွေးဆပ် ရတော့မယ့်သူဟာ ပြည်သူနဲ့ တပ်မတော်သားတွေ ကိုယ်တိုင်ပဲ ဖြစ် နေလို့ပါ။ သိရှိပြီး စီမံပိုင်ခွင့် မရှိခဲ့ဘဲ ကြွေးဆပ်ခွင့်သာ ရခဲ့တဲ့ လွန်ခဲ့သောကာလ စစ်အုတ်ချုပ်ရေးမျိုး သံသရာကို ဘယ်သူကမှ တကျော့ပြန် မလည်စေလို တော့ပါဘူး။ ပြည်သူနဲ့ တပ်မတော်သားတွေ ကိုယ်တိုင် တစိုးတစိ မသိရတဲ့ စီမံကိန်းနဲ့ ဘတ်ဂျက်တွေကို ချပြီး မြန်မာပြည်က ဗိုလ်ချုပ်တို့ လုပ်ခဲ့ကြလေသမျှ တော်တန်သင့်ပါပြီ။

0 comments:

အပေါ်သို့