..............................

Monday, April 9, 2012

မတရားအသင်း မရှိသင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

လင်းဘိုဘို
တနင်္ဂနွေနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၂

ရန်ကုန် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အား မတရားအသင်းဟု သတ်မှတ် ထားခြင်းနှင့် ပတ်သက် ၍ မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က တနင်္ဂနွေနေ့က ပြောဆိုလိုက်သည်။

အထွေထွေအတွင်းရေးမှူး ဒေါ်နော်ဇီဖိုးရာစိန် ခေါင်းဆောင်သော KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် လက်ခံတွေ့ဆုံပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတနိုင်ငံတွင် မတရားအသင်း မရှိခြင်းသည် အကောင်းဆုံး အခြေအနေဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

“အန်တီကတော့ နိုင်ငံတနိုင်ငံမှာ မတရားအသင်း ဆိုတာ ရှိဖို့ မလိုတာ အကောင်းဆုံး အခြေအနေလို့ ထင်ပါတယ်”ဟု ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုရှင်က ပြောသည်။

နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် KNU အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည့် “မတရားအသင်း” ကိစ္စ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်က ဆိုသည်။

“ကျမတို့ ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ် တလျှောက်လုံးမှာ ဒီမတရားအသင်း ဆိုတာကြီးက အန္တရာယ်လည်း ရှိတယ်၊ ကြောက်စရာလည်း ဖြစ်တယ်၊ တိုင်းသူပြည်သားတွေ အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတယ် ဆိုတော့ ဒီကိစ္စကို စဉ်းစားဖို့ သမ္မတကြီးနဲ့ ဆွေးနွေးခဲ့ပါတယ်” ဟု KNU အထွေထွေ အတွင်းရေးမှူးက ကရင်ဘာသာဖြင့် ပြောဆိုသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးခရီးစဉ်အတွင်း နေပြည်တော်တွင် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံရာ၌ စစ်မှန်သည့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်များ ဆွေးနွေးဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ရာတွင်လည်း KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်း အဓိက ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

“စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက် ကရင်တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ လိုလားချက်တွေ ဘာလဲဆိုတာကို ကျမတို့ ဆွေးနွေးဖြစ်တယ်။ နောက်ဘယ်လို ဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေကို အသိပေးဖြစ်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးဖြစ်ခဲ့သည့်အပေါ် သူမက ပြောသည်။

ကရင်လူမျိုးများ အများဆုံးနေထိုင်သည့် ဝါသင်္ခကျေးရွာကို ဗဟိုပြု၍ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဖြစ်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး ကိစ္စများအတွက် ဆက်လက် ရပ်တည်သွားမည်ဖြစ်ပြီး KNU အပြင် အခြားငြိမ်းချမ်းရေးလိုလားသည့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် တတ်နိုင်သမျှ လက်တွဲသွားမည်ဟု ပြောဆိုသည်။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းတင်တဲ့ ကိစ္စကြီး ၃ ရပ်ထဲမှာ ပြည်တွင်း ငြိမ်းချမ်းရေးပါ ပါတယ်။ ဥပဒေစိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး ကိစ္စက ဘယ်လို စပ်ဆက် နေတယ်ဆိုတာ ကျမတို့ ရှင်းပြခဲ့ပါတယ်။ အဲ့တော့ ဒီလုပ်ငန်းကြီး ၃ ခုကို ပူးတွဲပြီးတော့ အမျိုးသား ရင်ကြားစေ့ရေး အခြေခံပေါ်မှာ မားမားမတ်မတ်နဲ့ ကျမတို့ ဆက်သွားမှာဖြစ်ပါတယ်” ဟု ပြောသည်။

ရာစုနှစ် တဝက်ဝန်းကျင်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး အဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီမှု စတင် ရရှိခဲ့သည်။

ယခု ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမတနှင့် တွေ့ဆုံခဲ့ရာ သမ္မတ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစား လုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း နော်ဇီဖိုးရာက ပြောဆို သွားခဲ့သည်။

ပမာဏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု၊ ခိုင်မာသည့် အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု၊ နိုင်ငံရေး ဆွေးနွေးခြင်း၊ နိုင်ငံရေးတွင် ပါဝင်ခွင့်ရရေး စသည့် သဘောတူညီမှု အဆင့် လေးဆင့် ရရန် KNU ဘက်က ရည်ရွယ် ထားသော်လည်း နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ရသေးကြောင်း KNU အထွေထွေ အတွင်းရေးမှူးက ဆိုသည်။

အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး ဗဟိုကော်မတီ ဝင် ဖဒို မန်းငြိမ်းမောင်ကို သမ္မတအမိန့်ဖြင့် မတ်လ ၁၉ ရက်နေ့က လွှတ်ပေးခဲ့ခြင်းသည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် ဗဟိုအစိုးရနှင့် KNU အကြား ယုံကြည်မှု ရစေခဲ့သည်ဟု ထင်ကြောင်း KNU ၏ ပြန်ကြားရေး တာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့