..............................

Tuesday, April 10, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၅)

ဟန်လင်း
April 10, 2012
လစာနှုံးထားနဲ့ ခံစားခွင့် ကွာခြားချက်များ

အရင်သမ္မတကြီးဦးနေ၀င်းခေတ်တုံးကတော့ သူလိုနိုင်ငံအကြီးအကဲနဲ့ အောက်ခြေ အနိမ့်ဆုံး ၀န်ထမ်းတို့ ကြားမှာ ရတဲ့ လစာချင်း ကွာဟမှုဟာ (၁၈)ဆပဲ ကွာကြောင်း နေ့စား ၀န်ထမ်း တဦး(၁၈၀) ကျပ်နဲ့ သမ္မတကြီး ဦးနေ၀င်းက (၁၈၀၀၀၀) ကျပ်လို့ ပြောပါတယ်။ ဒါပေမဲ့ ယနေ့ မြန်မာ့ တပ်မတော်အတွင်း အနိမ့်ဆုံး စစ်သည် အဆင့်ကနေ အမြင့်ဆုံး ဗိုလ်ချုပ်မှူးကြီးတို့ အဆင့် အထိတောင် ကြားမှာ အဆင့်(၁၉)ဆင့်လောက် ကွာခြားလို့ နေပါတယ်။ တပ်မှူးနဲ့ တပ်သားကြားမှာ လုပ်ငန်း တာဝန်တွေ ကွဲပြားသလို ခံစားရတဲ့ အခွင့်အရေးနဲ့ လစာခြားနားချက် ရှိနေတာကတော့ ဓမ္မတာပါ။ အဲ သဘာဝ မကျတဲ့ ကိစ္စကတော့ ဘေးပါတ်ဝန်းကျင် နိုင်ငံတွေ ယှဉ်ကြည့်မိတဲ့ အခါတိုင်း ကျနော်တို့ မြန်မာ့တပ် မတော်သားတွေရဲ့ လစာဝင်ငွေနဲ့ ဘ၀နေထိုင်မှု အင်မတန် နိမ့်ကျလွန်း နေခဲ့တာပါ။

ကမ္ဘာ့ပထမတန်းစားတပ်မတော်တရပ်ဖြစ်တဲ့ အမေရိကန်စစ်တပ်ထဲမှာ အသားတင်ရတဲ့ လစာငွေကို နှိုင်းယှဉ် တင်ပြရမယ်ဆို၊ ပိုမိုထင်သာ မြင်သာအောင် ဒီနှစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှာ စတင်ခံစားရတဲ့ လစာငွေနဲ့ ဖော်ပြပါမယ်။ စစ်ထဲဝင်ကာစ ကြည်းတပ် က စစ်သား တယောက် ဟာ တလကို ဒေါ်လာ (၁၃၇၈)လောက် မြန်မာငွေအားဖြင့် (၁၁) သိန်းလောက်ပါ။ ဒါတွေအပြင် တခြား ခံစားခွင့်တွေကိုပါ ထည့်တွက် လိုက်မယ် ဆိုရင်တော့ ဒေါ်လာ (၁၉၀၀) ကျပ်ငွေ(၁၅)သိန်းလောက် ခံစားခွင့် ရှိပါတယ်။ ပြီးတော့လည်း တနှစ်ကို အနိမ့်ဆုံး ရက်ပေါင်း (၃၀) ရိက္ခာပါခံစားခွင့် အပြည့် အ၀ ပေးထားတာမျိုး၊ စစ်သည် သားသမီးတွေကို ပညာသင် စကော်လားရှစ် ပေးတာတို့လို ဟာတွေကလည်း ရှိပါသေးတယ်။ ရှေ့တန်းမှာ ကျဆုံး သွားခဲ့ရင်တော့ မိခင်တပ်ရင်းသို့ ပြန်သယ်ပြီး စစ်အခမ်းအနား အပြည့်နဲ့ သဂြိုလ်ပေးတာ တို့လည်း အမေရိ ကန်စစ်တပ် အစဉ်အလာပါ။ ရာထူး အဆင့် အလိုက် ရတဲ့ မူရင်း အခြေခံ လစာတွေကတော့ ၂၀၁၂ခုနှစ် စာရင်းအရ (၂)နှစ်လုပ်သက်ရှိတဲ့ စစ်သား တယောက်ကို ဒေါ်လာ (၁၄၉၁)။ တပ်ကြပ်ကြီး အဆင့်ဆိုရင် (ဒေါ်လာ ၂၁၀၀ လောက်ကနေ ၂၇၀၀) လောက်ထိ၊ ဒုဗိုလ်လစာက ဒေါ်လာ(၂၈၀၀) လောက် ၊ ဗိုလ်မှူးတယောက် ဒေါ်လာ(၄၃၀၀) လောက် အသီးသီးရကြတာပါ။ နေထိုင် ကုန်ကျ စရိတ်တို့အပြင် နေစရာအိမ်၊ စားစရာအခမဲ့၊ တစ်လဒေါ်လာ (၂၀၀)နဲ့ ညီမျှတဲ့ စစ်ဝတ်ထောက်ပံ့မှုနဲ့ အရပ် ၀တ်စုံကြေးများ၊ အိမ်ရွှေ့ပြောင်းစရိတ်၊ အိမ်ထောင်သည်တွေဆို ရှေ့တန်းမှာ မိသားစု ကွဲကွာနေရလို့ နစ်နာကြေး အဖြစ် အရာရှိဆို တလ အနည်းဆုံး ဒေါ်လာ (၂၄၀) နီးပါးလောက် နဲ့ ရဲဘော်ဆို (၃၅၀) လောက် ထပ်ပြီး ရပြန်ပါသေးတယ်။

ရှေ့တန်းတာဝန်ထမ်းဆောင်ချိန်မှာ အထူးတာဝန်ကြေးအဖြစ် ၇၅ ဒေါ်လာမှ ၄၅၀ဒေါ်လာ၊ ခက်ခဲ ပင်ပန်းမှုကြေး ဒေါ်လာ ၅၀ ကနေ ၁၅၀ နှုံး။ အခြား ဘာသာစကား တခုခုကိုသာ တတ်ကျွမ်းခဲ့မယ် ဆိုရင်တော့ တလ(၁၀၀)ဒေါ်လာ ရနိုင်ပါတယ်။ ပုံခိုင်းပြီး နားရှင်း သွားအောင်ပြောရမယ် ဆိုရင်ဖြင့် မြန်မာ့ တပ်မတော် ရေတပ်ထဲမှာ ရေတပ် စစ်သည်တဦး အဖို့ ရေငုတ်နဲ့ ဒိုင်ဗင်ကြေးဆိုပြီး ကျပ်ငွေ(၁၀၀)လောက်သာ ရနိုင်ပေမဲ့ အမေရိကန် ရေတပ်သားများ မှာတော့ ရာထူး အဆင့်နဲ့ တာဝန်အလိုက်၊ လုပ်ငန်းခွင်အလိုက် ပင်လယ်ပြင်ကြေး ဒေါ်လာ(၇၀)မှ (၇၀၀)ထိ နှုံးထား အမျိုးမျိုးခံစား ရရှိကြပါတယ်။ ဒါကြောင့်လည်း ကျန်ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ သွားယှဉ်မယ်ဆိုရင် မြန်မာ့ တပ်မတော်သားတွေ ရနေကြတဲ့ အကျိုးခံ စားခွင့်များဟာ ဆင်နဲ့ ဆိတ်ပမာ ကွာဟချက်တွေ ကြီးမား လွန်းပါတယ်။ တခြား လက်နက်ပစ္စည်း တပ်ဆင်မှုနဲ့ စစ်ရေးစွမ်းရည်တွေဖက်ကိုတော့ မပြောပါနဲ့တော့။

ကဲဒါဆိုရင်လည်း ကျနော်တို့အိမ်နီးချင်း ပိန်မသာလိမ်မသာဖြစ်တဲ့ နိုင်ငံတချို့က စစ်သည်တွေနဲ့ မြန်မာ့ စစ်သား ခံစားခွင့်နဲ့ လစာ နှုံးထားတွေ ကို ချိန်ဆ ကြည့်လိုက်ပါဦး။ အိန္ဒိယ အောက်ခြေ ၀န်ထမ်း တယောက်ရဲ့ လစာငွေဟာ မြန်မာနိုင်ငံက အရာရှိ တယောက်လစာနဲ့ သွားတန်းညှိနေ သလို။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀န်ထမ်းတယောက် လစာကတော့ တစ်လကို ဒေါ်လာ(၁၂၅) ဒေါ်လာ တနည်းအားဖြင့် (၁၀၆,၂၅၀) ကျပ် လောက် ဖြစ်နေတာမို့ ဒီကနေ့ မြန်မာစစ်သားတဦးရတဲ့ လစာ ၃၅,၀၀၀ ကျပ်လောက်ဟာ သူတို့ တ၀က်လောက် မရှိတာကို တွေ့ရပါတယ်။

လက်ရှိဝန်ကြီးချုပ်ယင်လပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ ကလည်း ဘွဲ့ရ ၀န်ထမ်း တယောက်အတွက် အနည်းဆုံး လစာ ၁၅,၀၀၀ ဘတ်နဲ့ နိုင်ငံ့ ၀န် ထမ်းပေါင်း(၆) သိန်းခွဲ ရှိရာမှာ ဘွဲ့ရ (၃၄၆,၀၀၀) ဦး အတွက် ဘတ်ငွေ (၁၈) ဘီလီယံ ကုန်ကျခံဖို့ ရှိပြီး နောင်လာမယ့် နှစ်အတွက်လည်း ဘတ်ငွေ (၂၄) ဘီလီယံ ကုန်ကျခံဖို့ရာ ဆောင်ရွက် နေပါတယ်။ ဒီအစီအစဉ်တွေ အရ ထိုင်းစစ်သား တယောက် လက်ရှိ ခံစားနေတဲ့ လစာ(၈,၆၁၉)ဘတ် ကနေ နောင်မှာ စစ်သားတယောက် ဘတ်ငွေ (၉,၀၀၀)လောက်နှုံး မြန်မာ ကျပ်ငွေ(၂၄၀,၀၀၀) လောက်ကို ဇန်လ(၁)ရက်နေ့က စပြီး တိုးမြှင့် ပေးသွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံရေးမှာ တက်လာတဲ့ အစိုးရ သစ်တိုင်း သူတို့ အာမခံထားသလို လုပ်ပြကြရပါတယ်။

မြန်မာငွေနဲ့ဆိုရင် ထိုင်းစစ်သားတဦး တစ်လ ကျပ်ငွေ၂၂,၄၀၀ကျော်ဝင်ငွေကနေ ၂၃၀,၀၀၀ ကျပ်လောက် ရကြတော့ မှာပါ။ ဒါကြောင့် မြန်မာ့ တပ်မတော်သား တယောက်ဟာ ထိုင်းစစ်တပ်ထဲက စစ်သား တယောက် လစာငွေရဲ့ ထက်ဝက် မပြောနဲ့ တစိတ် လောက်တောင် ရနိုင်ဖို့ စိတ် မကူးဝံ့တဲ့အနေ အထားပါ။ ဒါတောင်မှ ၂၀၀၆ ခုနှစ်က စလို့ မူရင်းလစာထက် (၁၀) ဆတိုးခဲ့ပြီး ၂၀၁၀ ခုနှစ်အတွင်း ရှားပါးစရိတ် ထပ်ဆောင်း ငွေအဖြစ် တယောက် ကျပ်(၂၀,၀၀၀) စီကို အဆင့်၁၂ဆင့်စလုံး တပြေးညီ ထပ်တိုး ပေးခဲ့လို့လည်း အခုလိုမျိုး ကျပ်ငွေ ၃ သောင်းကျော် ရလိုက် တာပါ။ ဒီလိုမျိုးရဖို့ အတွက်လည်း ၂၀၀၉ ဒီဇင်ဘာတုံးက တပ်မ ၆၆ တပ်မ ၇၇ စစ်သည်တွေကိုယ်တိုင် လစာမလောက်လို့ ထ ဆန္ဒပြခဲ့ကြရပါ သေးတယ်။

အခုကျင်းပနေတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ပြီးခဲ့တဲ့ဇန္န၀ါရီ(၃၁)ရက်နေ့တရက်တည်းနဲ့ အစိုးရရသုံး ဘတ်ဂျက် ကိစ္စတွေ ဆွေးနွေး သွားခဲ့ရာမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ကျောင်းဆရာ၊ ဆရာမများ၏ လစာနှင့်စရိတ် ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် သားများ၊ ဝန်ထမ်း များနှင့် အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ လစာနှင့် စရိတ်များကို လုံလောက်မျှတစွာ ချီးမြှင့်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင် နေကြသည့် လိုအပ်လျှင် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အသက်ပေး စွန့်လွှတ်နေကြသော တပ်မတော် သားများ၏ ရိက္ခာစရိတ်၊ စစ်ဝတ်နှင့် အသုံးအဆောင်စရိတ် အပါအဝင် အခြား စရိတ်များကိုလည်း အနည်းဆုံး ၁၉၅၉-၁၉၆ဝ ခုနှစ်က ရရှိထား သည့် စရိတ်များ၏ တန်ဖိုးအတိုင်း ရရှိအောင် ခွင့်ပြုပေးသင့်ပါကြောင်း တင်ပြ ခဲ့ပါသေးတယ်။

ဒီလိုပြောရတာကလည်း ဒီကနေ့ပေါက်ဈေးနဲ့ဆိုရင် စစ်သည်တယောက် တလ ကျပ်ငွေ ၈၂,၀၀၀ နဲ့ အထက်ဆင့် အရာရှိကြီး တွေကျပ် (၁၆) သိန်း လောက် ရလာစေဖို့ စေတနာပါ စစ်သားနဲ့ အရပ်သားတွေ အားလုံးအတွက် ကံဆိုးသွားစေတဲ့ အချက်ကတော့ ဘဏ္ဏာ အခွန်ဝန်ကြီး ဦးလှ ထွန်း က ထငြင်းပါယ်လိုက်လို့ နည်းနည်းလေးမှ တိုးပြီး မရခဲ့ကြတာပါပဲ။

တရုပ်တပ်မတော်ကလည်း မြန်မာစစ်တပ်လို သူ့တပ်တွင်းမှာ၂၀၀၆ဇူလိုင်ကစပြီး စစ်သည်နဲ့အရာရှိလစာတွေကို ၂ ဆတိုး ပေးခဲ့ပါတယ်။ ဒါဟာ(၅)နှစ် အတွင်း(၄) ကြိမ်မြောက် တိုးပေးခဲ့တာပါ။ မတူတဲ့ အချက်ကတော့ ဇီချွမ်ငလျင်နဲ့ ပီကင်း အိုလံပစ်၊ တိဗက်အရေး အခင်းတွေမှာ တာဝန်ကျေခဲ့တဲ့ စစ်သည်နဲ့ အရာရှိတွေကိုလည်း အထူးလစာ အဖြစ် ၂ ဆလောက် ထပ်တိုးပေးခဲ့လို့ စစ်သည်တဦး ယွမ်ငွေ(၁၀၀၀) လောက် ထပ်ရခဲ့ကြတာပါ။ ဒီလို တိုးပေးလိုက်တဲ့ လစာတွေကြောင့် စစ်တပ်ထဲက စစ်သည်နဲ့ အရာရှိတိုင်းဟာ အဆင့်တူအခြား အရပ်ဖက် ၀န်ထမ်းတွေ ထက်ကို ၂၀% လောက်လစာ ပိုရရှိသွား ခဲ့ကြပါတယ်။ ဒါတွေအပြင် လက်နက်၊ ကာကွယ်ရေး စရိပ်နဲ့ လစာတို့ကြောင့် တရုပ်ပြည်ရဲ့ ၂၀၀၉ ခုနှစ် စစ်သုံးဘတ်ဂျက်မှာ ယွမ်ငွေဘီလီယံ (၄၈၀) လောက်ဖြစ်ခဲ့ပြီး ၁၅% နီးပါး မြင့်တက်လို့ သွားခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပြေလည်သွားသလား ဆိုရင် တရုပ် တပ်မတော်သားတွေ ကိုယ်တိုင် လွန်ခဲ့တဲ့ အနှစ်၂၀ကလို ခက်ခဲပြီး နေဆဲပါပဲလို့ ဆိုပါတယ်။

အဲဒါကတော့တိုးပေးတယ်၊ရတယ်၊ထပ်တိုးပေးတယ်၊ထပ်ပြီးရတယ် ဒါပေမဲ့ အဆင်မပြေဆဲပဲလို့ဆိုရမယ့် မြန်မာနဲ့ တရုပ် စစ်တပ်တွေရဲ့ လစာ တိုးကိစ္စတွေပါ။ ခေတ်မီ တပ်မတော် တခုဖြစ်လာဖို့ စစ်လက်နက် ပစ္စည်းတွေ တပ်ဆင်လိုက်ရုံနဲ့မပြီးမြောက်နိုင်၊ စစ်သားတိုင်းပြေလည်ပြီး သင့် တင့်တဲ့ အကျိုးခံစားခွင့်ရှိဖို့လည်း လိုသေးတယ်ဆိုတာကို တရုပ်တပ်မတော်က မီးမောင်းထိုးပြလိုက်တာပါ။

မြန်မာနိုင်ငံမှာ ခလေးတွေကိုပညာသင်ကြားပေးနေတဲ့ ဘွဲ့ရပြီးဆရာ/ဆရာမတွေ အဖို့ မူပြအဆင့်ရဲ့ လစာ ကျပ်ငွေ (၄၅၀၀၀) အလယ်တန်းပြ တယောက်လျှင် (၅၈၀၀၀) နှုံး လစာ ရနေတာကို ကြည့်ရင် သူတို့ အဆင့်ဟာ မြန်မာ စစ်တပ် ထဲက စစ်သားနဲ့ တပ်ကြပ်တို့ လောက်နဲ့ပဲ သွား တန်းတူ နေတဲ့ အဖြစ်မျိုးကတော့ စစ်ဖက်အရပ်ဖက်က ပညာတတ်နဲ့ ရိုးရိုး အဆင့် ၀န်ထမ်းများ အကြား မမျှတတဲ့ အခြေအနေတွေပါ။ ထိုင်းနိုင်ငံက ဘွဲ့ရ ၀န်ထမ်း(၁၅၀၀၀)ဘတ် သာမန် စစ်သည် တယောက် ဘတ်ငွေ (၉၀၀၀) ဆိုတဲ့ နှုံးထားတွေနဲ့ မြန်မာပြည်ကို သွားပြီး နှိုင်းချိန်ကြည့်မယ် ဆိုရင် ကျေနပ် အားစရာတခုမှ မမြင်မိပါဘူး။

အခုတင်ပြနေတာတွေက ရိုးရှင်းလွန်းလှတဲ့ မြန်မာနဲ့ကမ္ဘာစစ်သားချင်းအတူတူကွာဟချက်များနဲ့အတူ မြန်မာပြည် တွင်းက အရပ်ဖက် စစ်ဖက် ကြားခြားနေမှုတွေ အကြောင်းပါ။ ဒီထက်ပိုဆိုးတဲ့ မြန်မာ့ တပ်မတော် စစ်ထိပ်သီး တချို့ရဲ့ ၀ိသမလောဘ ကိုယ်ကျိုးစီးပွား တွေလည်း ပြောဖို့ အများကြီး ကျန်နေဦးမှာပါ။

ဒီမိုကရေစီကျပြီး ဖွံ့ဖြိုးတိုးတက် နေတဲ့နိုင်ငံတိုင်းမှာ စစ်တပ်နဲ့အရပ်သားကြားကွာဟမှု သိပ်နည်းပါး နေတဲ့ အချက်ကို တွေ့နိုင်သလို စစ်ဗိုလ် ချုပ်တွေ အာဏာဇောင်း ထက်လာတဲ့အချိန် သူတို့ရဲ့ ကိုယ်ကျိုးစီးပွား တစထက်တစ များလာတဲ့ အချိန်တိုင်းမှာ တိုင်းပြည်ကို စစ်တပ်က အာဏာ သိမ်းတတ်ကြတာကို လူတိုင်း အမြဲမပြတ် သတိချပ်လို့ နေသင့်ကြပါတယ်။ ခေတ်သစ် မြန်မာပြည်နဲ့ ဒီမိုကရေစီခရီး လမ်းမကြီးမှာ တပ်မတော် သားတွေနဲ့ ပြည်သူ တရပ်လုံးရတဲ့ လစာ၊ ၀င်ငွေ၊ အကျိုးခံစားခွင့်တွေ အချိုးမျှတ နေသမျှ ကာလ ပါတ်လုံးတော့ ဘယ် စစ်အာဏာခေတ်ကို ဦး ပြန်မလှည့်နိုင်ကောင်းဘူးလို့ ထင်မိပါရဲ့။

0 comments:

အပေါ်သို့