..............................

Monday, April 9, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၄)

ဟန်လင်း
April 9, 2012
အမြင်သစ် စွမ်းရည်သုံးရပ် ပြသနာ

တပ်မတော်တွင်းမှာ စစ်ရေး၊စည်းရုံးရေး၊အုတ်ချုပ်ရေးစွမ်းရည်သာ အဓိကလို့ ဆိုပြီး စွမ်းရည် သုံးရပ်ကို တရစပ် ပြောဆို ကျင့်သုံးခဲ့တာ ကျနော်တို့ရဲ့ မြန်မာ့ တပ်မတော်ပါ။ ပြောသလောက်ပြီး ဆိုသလောက်သာ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ ပထမ တန်းအဆင့် တပ်မတော်ကြီးဖြစ်လို့ နေတာကြာလှပြီပေါ့။ လက်ရှိ မြန်မာ့တပ်မတော်အတွင်းက တပ်ရင်းတရင်းကိုပဲ နမူနာ အဖြစ် ပြေးမြင် ကြည့်လိုက်စမ်းပါ။

တပ်ရင်းရှိလူအင်အားက ၁၂၀- ၁၄၀ မှာ စစ်ဆင်ရေးရှေ့ထွက်အင်အားအဖြစ် စစ်သည် ၁၂၀ လောက်သာ ထွက်နိုင်တာပါ။ ကျန်တဲ့ ဆေးနိမ့် အို-နာအချုပ်ကျ၊ အပြစ်ပေး စစ်သည် (၂၀) ကျော်လောက်ကို တပ်ရင်း နောက်တန်းက စိုက်မွေးနဲ့ သက် ချောင် ကိစ္စတွေအတွက် တာဝန်ပေး နေကြတာဟာ တပ်ရင်းတိုင်းရဲ့ ထုံးစံတခုပါ။ တပ်ရင်းရှိ အင်အားရင်းမြစ်ရဲ့ ၈၀% လောက်သာ ရှေ့တန်း ထွက်နိုင်ပြီး ကျန်တဲ့၂၀%ကို နောက်တန်းမှာ မဆီမလျော် တာဝန်တွေ ပေးနေတဲ့ အဖြစ်မျိုးကို မြန်မာပြည်မှာတွေ့ရမှာပါ။ အုတ်ရိုက်၊ ထုံးဖုတ်နေတဲ့စစ်သား၊ တောင်ယာလုပ်နေတဲ့ ယူနီဖေါင်းဝတ်တွေ ဆိတ်ကျောင်း၊ နွားမောင်း နေတဲ့ စစ်သည်တွေ စသည်ဖြင့် ကျနော်တို့ပါတ်ဝန်းကျင်မှာမြင်ရမယ့် တပ်မတော်သားတွေရဲ့ ပုံရိပ်တွေပါ။

နောက်တန်းကမဆီမဆိုင်ကိစ္စတွေကို လုပ်ဆောင်နေတဲ့ ၂၀% သော စစ်သည် အင်အားရဲ့ ထုတ်လုပ်မှု ဆိုတာကလည်း ဘာ တခုမှ အရာမရောက်။ လုပ်ငန်း မကျွမ်းကျင်ကြတော့ အရှုံးချည်း ခပ်များများပါ။ အမြတ်ငွေ ဆိုတာမျိုးကလည်း စာရင်း စာ အုပ်ထဲမှာပါ။ ဒီစာရင်း စာအုပ်ကြီးကိုပဲ တပ်ရင်းမှူး အဆက်ဆက် လက်လွှဲ လက္ခံပြီးဆက်လို့ အမြတ်ပြ နေကြရတာပါ။ နှစ်စဉ် မိုးစပါး-နွေစပါးစိုက်တာ မဖြစ်လို့၊ ကြက်မွေးမြူ တာတွေမှာ အရှုံးပေါ်လို့ ဒီဇယ်မှောင်ခို ထုတ်ရောင်းဖြေရှင်းရတာ ပေါ်တာ ဆွဲပြီး ငွေရှာရတာ တပ်ရင်း ရန်ပုံငွေအတွက် လောင်းကစားဝိုင်းတွေ ဖွင့်စတဲ့နည်းမျိုးစုံနဲ့ ဖြေရှင်း နေကြတာ မြို့ရွာအနှံ့ ရှိ တပ်ရင်းတိုင်း လိုလိုမှာပါပဲ။ ၁၉၉၀ လောက်ကစပြီး အထက်က ဖြေရှင်းပေးနေတဲ့ ကိစ္စ တချို့ကို တပ်ရင်းတွေပဲ ကိုယ့် အစီ အစဉ်နဲ့ ဖြေရှင်းသွားကြဖို့ ကကကြည်းကနေ ညွှန်ကြားချက်ထွက်ခဲ့သလို ၂၀၀၄ ခုနှစ်လောက်ကစပြီး တည်မြဲအမိန့် တခု သဖွယ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် တပ်ရင်းအစီအစဉ်နဲ့ ၀မ်းစာစပါးဝယ်ရတာမျိုး အစဉ်အလာပေးခဲ့တဲ့ ကုလားပဲ ငြုပ် သီး ထောက်ပံ့မှု မပြုတော့တာမျိုးတွေ မြန်မာ့ တပ်မတော်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်ပိုင်း စစ်ဝတ်တန်ဆာနဲ့ ချပ်ဝတ် ပစ္စည်းတွေ ကိုယ့် အစီအစဉ်နဲ့ကိုယ် တပ်ဆင်ရတဲ့ အခြေထိ ဆိုက်ကုန်ပါတော့တယ်။

တကယ်တော့တပ်ရင်းသက်ချောင်၊စိုက်မွေးစတဲ့လုပ်ငန်းတွေအားလုံးဟာ တပ်ရင်းမှူးတွေ ရာထူး အတက်အကျ အတွက် တပ်ရင်းလိုက် အမှတ်ရဖို့ သက်သက်ဖြစ်ပြီး ဒီအမှတ်တွေကို တပ်ရင်းအထက်သို့ လူကြီးအကြိုက် လိမ်ညာတင်ပြနိုင်ဖို့ပဲ သက်သက်ဟန်ပြလုပ်ငန်းတွေ လုပ်ပြ နေရတာပါ။ စစ်မြေပြင်မှာ စွမ်းဆောင်မှုအပြင် နောက်တန်းက စိုက်မွေး သက်ချောင် ကိစ္စများ အတွက်လည်း တပ်ရင်းမှူးတိုင်း ခေါင်းစား ကြရပါတယ်။ စစ်မြေပြင်မှာ အလောင်း၊ လက်နက် မရရင်နေပါစေ ကိုယ့်ဆီက တပ်ပြေးမှု (ရေး-၃) ကိစ္စ မဖြစ်သမျှ တပ်ရင်းအမှတ် မလျော့နိုင်ပါဘူး။ ဒါပေမဲ့ နောက်တန်းက ဦးပိုင်ရံပုံငွေ မသွင်းနိုင်တာ သက်ချောင်ကိစ္စတွေ မတင်ပြနိုင်တာ ဆိုရင်တော့ အမှတ်ဖြတ်ခံရဖို့ ကျိန်းသေမုချပါပဲ။ ဒီလိုကိစ္စတွေကိုပဲ စွမ်းရည်သုံးရပ် အဖြစ် အထက် ဌာန ဗိုလ်ချုပ်ကြီးတွေက အကဲဖြတ် အမှတ်ပေး နေသရွှေ့ တနည်းအားဖြင့် အုပ်ချုပ်ရေး စွမ်း ရည်ပိုင်းဆိုင်ရာ အယူအဆ အမှားများကြောင့် တပ်မတော်ရဲ့ စစ်ရေး စွမ်းရည်တွေပါ ဆက်တိုက် ကျဆင်းစေခဲ့တာပါပဲ။

တပ်မတော်ကြီးကို စစ်ရေးစွမ်းရည်တွေမြင့်စေချင်တယ်ဆိုရင် မအောင်မြင်မှန်း လိမ်ညာ တင်ပြနေကြမှန်း သိရက်ကြီးနဲ့ တာဝန်ရှိသူတွေ ကိုယ်တိုင် ခေါင်းရှောင်ပြီး အာဏာရှင်တဦးရဲ့ စိတ်ကြိုက် လိုက်လုပ်ခဲ့ရတဲ့ အဖြစ်မျိုးတွေ စစ်တပ်တွင်းမှာ လုံးဝ မရှိသင့်တော့ပါဘူး။ အထက်ကပုဂ္ဂိုလ်ကြီး တဦးတယောက် အမိန့်နဲ့ ဆုံးဖြတ်ချက်အောက်မှာ ကြက်ဆူ စီမံကိန်းလိုမျိုး နှစ်တို နှစ်ရှည်သီးပင် တပ်ရင်း ရံပုံငွေနဲ့ ဦးပိုင် အကျိုးအမြတ်ရှိ လုပ်ငန်းတို့အပြင် အလုပ်မဖြစ်တဲ့ စိုက်မွေးနဲ့ ထုတ်လုပ်ရေး အလုပ် တွေ လုပ်နေရတဲ့ အဖြစ်တွေဟာ ဒီကနေ့ ဒီမိုကရေစီခေတ် တပ်မတော်နဲ့ဆို လားလားမှ မသင့်လျော်တော့ပါဘူး။ တပ် မတော်တွင်းက သက်ဆိုင်ရာ လုပ်ငန်းတွေမှာသာ စွမ်းရည်ပြည့် လုပ်ဆောင်ခိုင်းဖို့ပဲ လိုပါတယ်။ ဘယ်စစ်သားတိုင်းမဆို လက်နက်ကောင်းကောင်း ထောက်ပံ့မှုပြည့်စုံစွာ စွမ်းရည်ပြည့်ပြည့်နဲ့ စစ်ကိုသာ တိုက်ချင်ကြတာပါ။ ဒါကိုလည်း သူတို့ အလုပ် သူတို့တာဝန်တရပ်အဖြစ် ခံယူထားကြပါတယ်။ တပ်မတော်ထဲကိုရောက်လာပြီး မဆီမဆိုင်လှတဲ့ အုတ်ရိုက်၊ မီး သွေးဖုတ်၊ ဆိတ်မွေး၊ နွားကျောင်း၊ တောင်ယာလုပ်၊ သစ်ဆွဲ၊ ဖယောင်းတိုင်ထုတ်၊ တံမြက်စည်းခုတ် စတာတွေလုပ်မှ အဆင် ပြေကြရမယ် ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်ပဲနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြရုံပေါ့။ ဘာလို့ စစ်တပ်ထဲကို ၀င်ကြမှာလဲ။

အခုတော့ တပ်ရင်းမှူးတယောက်ဖြစ်ဖို့ တက္ကသိုလ်မှာ စိုက်ပျိုးမွေးမြူရေးမေဂျာတွေကို အရင်ဆုံး သင်လာခဲ့ရမယ့် ပုံမျိုးပါ။ ကြက်ဥဖေါက် စက်ထဲကနေ လှိမ့်ထုတ် လိုက်သလိုမျိုးပုံစံနဲ့ စစ်တက္ကသိုလ်ကနေ ဗိုလ်လောင်းတွေကို သင်ကြား ပေးနေတော့ မြေပုံဖြောင့်အောင် မကြည့်တတ်တဲ့ စစ်ဗိုလ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ စစ်လေ့ကျင့်ရေး ကျောင်းတွေနေပြီး အလို မတူဘဲ စစ်သား သစ်တွေကို အဓမ္မ စုဆောင်းရာက ရာဇ၀တ်မှုမကင်းသူ စိတ်မနှံ့ ကျပ်မပြည့်တဲ့သူတွေကိုသာ သိမ်းသွင်း မိကြပါတော့တယ်။ သင်တန်း ကာလ(၄)လမှာ လုပ်အားပေး ဖထိစ်(Fatigues)ပဲ (၃)လလုပ်ခိုင်းပြီး ရှေ့တန်းကိုပို့လိုက် တော့ စစ်သားပုံလည်း မပေါက် နို့နံ့တောင် မစင်သေးတဲ့ ခလေးသာသာ စစ်သားတွေနဲ့ သင်ခန်းစာ မကြေညက်တဲ့ ဗိုလ် လောင်းတွေ တပ်မတော်ထဲမှာ လာပေါင်းစည်း နေမိမှတော့ ဘယ်ကလာပြီး အရည်အချင်းပြည့် တပ်မတော် တရပ်ဖြစ်လာ ပါတော့မလဲ။

စွမ်းရည်သုံးရပ်ကို တကယ်ပြည့်ချင်ရင် စစ်သားကစစ်သားအလုပ်ကိုလုပ် အရာရှိကလည်း အရာရှိအဆင့်နဲ့ ညီတဲ့ အလုပ် တွေ လုပ်ခွင့်ရဖို့သာ အဓိကပါ။ စစ်သည်အကြပ်နဲ့ အရာရှိများအတွက် စစ်သင်တန်းကျောင်း အသီးသီးမှာ သင်ခန်းစာတွေ ကို ထိထိရောက်ရောက် သင်ကြားနိုင်ခွင့် ရှိနေဖို့ လိုပါတယ်။ စစ်သုံး ဘတ်ဂျက်အတွက် တိုင်းပြည်က ထောက်ပံ့ပေးထားတဲ့ ကြားကနေ အခုတော့ တပ်မတော်သားတွေခမျာ ရှေ့တန်းစစ်ဆင်ရေးမှာ စွမ်းရည်ပြည့် စစ်မဆင်နွဲနိုင်ဘဲ ဖြစ်နေရရှာပါ တယ်။ ဒါကြောင့်လည်း တပ်ရင်းတခု ရှိသင့်တဲ့ အင်အားနဲ့ အရည်အချင်းပြည့် စံချိန်မီမီ တပ်တည်ဆောက်ဖို့ အထူး လိုအပ် လှပါတယ်။

ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းတခုမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဆိုတဲ့ အခြေခံမူ (၃)ပါးကို ထည့်သွင်း ပြောကြား သွားခဲ့ပါတယ်။ စီးပွားရေး အခြေခံ မကောင်းဘဲနဲ့ တပ်မတော် တရပ် တည်ရှိဖို့တောင် မလွယ်ပါဘူးလို့ သူဆိုလိုတာပါ။ ဟိုတုံးကလို စစ်သုံးဘတ်ဂျက်တွေ ထင်သလို ရနေရင် တောက်လျှောက် လုပ်လာခဲ့တဲ့ ဦးပိုင်ကုမ္မဏီကြီး၊ စီးပွားရေးကော်ပရေးရှင်းနဲ့ တပ်ရင်းရံပုံငွေ အပါအ၀င် တပ်တွင်း သက်ချောင်ကိစ္စ တွေ အားလုံး အကျိုးအမြတ်ရှိ၊ အလုပ်ဖြစ်နေခဲ့ရင် သူဒီလိုဘယ်ပြောပါ့မလဲ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်း ကိုယ်တိုင်က သူ့ရဲ့ ၀န်ထမ်းလစာနဲ့ စရိတ်ချီးမြှင့်ငွေ တင်ပြချက်ထဲမှာ ၁၉၅၉-၁၉၆၀ ခုနှစ်တွေ တုံးက အခြေအနေကို အနည်းဆုံး အမီဖြေရှင်းပေးဖို့ တိုက်တွန်း ခဲ့ပါတယ်။ အဲဒီခေတ်က ရဲဘော်တယောက် လစာအနည်းဆုံး ၈၂ကျပ်ဖြစ်နေချိန် ရွှေတကျပ်သားရဲ့ တန်ဖိုးက (၂၇၂) ကျပ်ပါ။ ရဲဘော် ၃ ယောက်လစာဟာ ရွှေတကျပ်သားကို ၀ယ်လို့ ရပါတယ်။ တန်ဖိုးသင့် တွက်ချက်မယ်ဆိုရင် ဒီကနေ့ပေါက်ဈေးနဲ့ ရဲဘော်တယောက် အနည်းဆုံး ၂၁၀၀၀၀ ကျပ်လောက် ဖြေရှင်းပေးရမှာပဲလို့ ဘဏ္ဏာအခွန်ဝန်ကြီး ဦးလှထွန်းက ဆိုပါတယ်။ လက်ရှိ အစိုးရသစ်အနေနဲ့ တပ်မတော်ကြီးကို ဘက်စုံအားလုံး ကောင်း အောင် ပြောင်းလဲလို့ မတတ်နိုင်သေးရင်တောင် ၁၉၆၀-၈၀ ကာလ စစ်တပ်ဖွဲ့စည်းပုံမျိုး။ အရည်အချင်းမျိုး ထောက်ပံ့ဖြေရှင်း မှုမျိုး ပြန်ဖြစ်အောင်တော့ လုပ်ကြပါဦး။ အနည်းဆုံး စစ်သားတွေက အရပ်သားတွေ အပေါ် အနိုင်ကျင့်မှုတွေ ရပ်စဲသွားပြီး အရပ်ဖက်-စစ်ဖက်ဆက်ဆံရေး အဆင်ပြေကာ တဦးအပေါ် တဦးလေးစားတဲ့ ပါတ်ဝန်းကျင်ကောင်း တခုကို အနည်းဆုံး ပြန်ရရှိ လာပါလိမ့်မယ်။

ဦးနေ၀င်းရဲ့မဆလ ခေတ်တုံးက စစ်တိုက်ရင်းကုန်ထုတ် ကုန်ထုတ်ရင်းစစ်တိုက်လို့ ကြွေးကြော် ခဲ့တာတောင် ဒီကနေ့ စစ်သားတွေလောက် သူတို့ မပင်ပန်းခဲ့ရဖူးဘူးလို့ ၀ါရင့်စစ်သည်ဟောင်းကြီးတွေက ဆိုကြပါတယ်။ သူတို့လိုမျိုး နအဖခေတ် မြန်မာစစ်သားတွေ ကျေးလက်က ဦးကြီးတွေနဲ့အတူတူ လယ်သိမ်းကောက်ရိတ် ကူညီနေတာမျိုးတွေလည်း မရှိကြတော့ ပါဘူးတဲ့။ ခေတ်တွေကပြောင်းသွားခဲ့ပြီလေ၊၊ အရင် ဆိုရှယ်လစ်ခေတ် ပြည်သူတွေကို ကူညီခဲ့တဲ့ ပြည်သူ့တပ်မတော်နဲ့ ဒီနေ့မှာတော့ ပြည်သူတွေရဲ့ လယ်ယာမြေတွေ လိုက်သိမ်းနေတဲ့ တပ်မတော်တို့ကြားမှာ ပုံဖေါ်တာချင်း မတူညီပေမဲ့ ခံယူတာ ချင်း တူညီတာ တခုကတော့ ဒီ စစ်ရေးစွမ်းရည် သုံးရပ် ဆိုတာပါပဲ။

စွမ်းရည်သုံးရပ်လည်း ထပ်ပြီးမမြင့်လာ တပ်မတော်သားတွေရဲ့ စားဝတ်နေရေးကိုလည်းပြေလည်အောင် ဖြေရှင်းပေးနိုင် စွမ်းမရှိတဲ့ အမြင်ဟောင်းတွေကိုပဲ ဒီကနေ့ မြန်မာ့ တပ်မတော်အနေနဲ့ ဆက်လက် ဆုပ်ကိုင် ထားနေမိ သလိုပါပဲ။ မြေပေါ်ချ လည်းမရ သမုဒ္ဒရာထဲ ပစ်ချလည်းမဖြစ် ဘယ်သူ့ကိုမှ လက်ပြောင်း လက်လွှဲပေးလို့လည်း မဖြစ်တဲ့ သင်္ကြန်မင်း ဂနေဆာလို့ အမည်တွင်တဲ့ ဗြမ္မာမင်းရဲ့ ဦးခေါင်းကြီးကို ပိုက်ထားမိနေသလို အဖြစ်မျိုးပါ။


0 comments:

အပေါ်သို့