..............................

Tuesday, April 3, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၁)

ဟန်လင်း
April 3, 2012

အပြောင်းအလဲများနဲ့ တပ်မတော်

အမေရိကန်သမ္မတအိုဘားမားရဲ့ ၂၀၁၂ခုဇန္န၀ါရီ၂၄ရက်နေ့ အောက်လွှတ်တော် နိုင်ငံ အခြေပြု မိန့်ခွန်းမှာ မြန်မာ့ အပြောင်း အလဲ ကဏ္ဍကို ဟောဒီလိုလေး မှတ်ချက် ပေးသွားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ စတင် နေပါပြီ။ ဒီလိုပြောင်းလဲမှုတွေ စတင်နေတာဟာ မျှော်လင့်ချက် ရောင်ခြည်သစ် တခု ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲ သွားပြီးနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စက်ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ ကို ရောက်လာခဲ့သလို သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ရော ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဆွေး နွေးခဲ့ပြီးနောက်၊ မြန်မာ့ အပြောင်းအလဲတွေကို ထပ်ဆင့် ထောက်ခံချက်တွေ အသီးသီး ပေးခဲ့ကြပါတယ်။

ဒါပေမယ်လို့ ပြောင်းလာတဲ့အခြေအနေတွေအောက်မှာတော့ တိုင်းပြည်က လူထုလည်း လက်ငင်းမှာ အဆင် မပြေသေး၊ တပ်မတော် သားတွေ ခမျာလည်း မူလအတိုင်း မလောက်ငပဲ ရှိလို့နေဆဲ၊ နကို အနေအထားတိုင်း နေမြဲ ငတ်ဆဲပါပဲ။ သမ္မတ ဦးသိန်းစိန်ကတော့ ဆင်းရဲ မွဲတေမှု ပပျောက်ရေးတဲ့၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း ၀န်ထမ်း လစာတွေ အနည်းဆုံး တယောက် ကျပ် (၁)သိန်း အခြေခံထိ တိုးပေးဖို့ ဆိုထားကြပေမဲ့ လာမယ့် ဘဏ္ဍာနှစ် ၂၀၁၃-၁၄ လောက်မှ ဖြစ်လာမယ့် အကြောင်း ဘဏ္ဏာအခွန် ၀န်ကြီးက အချက်အလက် အကိုးအကားတွေနဲ့ ထပြီး ကန့်ကွက်ခဲ့လို့ တပ်မတော်သားတွေ ခမျာ လစာတိုးဖို့ မမျှော်မှန်း ၀ံ့တော့ပါဘူး။ ကုန်ဈေးနှုံးနဲ့ အခွန်အခတွေ နောက်က လိုက်တက် မလာဖို့သာ ကျိတ်ပြီး ဆုတောင်း နေကြရပါတယ်။

စစ်သည်တွေကို လစာတိုးမပေးတော့ အရင်လို ရှေ့တန်းနဲ့နောက်တန်း တပ်ရင်းအထိုင် နယ်မြေက လူထု ဆီကနေပြီး အနိုင်ကျင့် လုယက်လို့ စားဝတ် နေရေးတွေ ဆက်ဖြေရှင်း နေရဦးမှာပဲလား။ ဒါဆိုရင်တော့ ဒီကနေ့ အပြောင်းအလဲ ဆိုတာ ကြီးက ဘာအဓိပ္ပါယ် ရှိဦးမှာလဲ။ ငတ်နေတဲ့ တပ်မတော်က နေပြီး ခေတ်မီ တပ်မတော် တရပ် ဖြစ်လာဖို့ ဆိုတာ ရေပေါ်အရုပ် ရေးသလိုပဲ ဖြစ်နေမှာပါ။ ခေတ်မီ တပ်မတော်တရပ် အသာ ထားပါအုန်း၊ စစ်သားတွေရဲ့မပြေလည် မလုံလောက်၊ ငတ်နေတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ အရင်ဆုံး လုပ်ပါအုန်း။

ဆိုဗီယက်နိုင်ငံမှာ စနစ်ပြောင်းပြီး အာဏာရှင်စနစ် ပြိုကျသွားတဲ့အခါ ငတ်နေတဲ့စစ်သည်နဲ့ အရာရှိတွေဟာ လက်နက်၊ စစ်ပစ္စည်းတွေ တင်မက လေယာဉ်ပျံတွေ၊ ဒုံးကျည် တွေကိုတောင် ရောင်းချပြီး ၀မ်းရေး ဖြေရှင်းခဲ့ကြတာ ကြားဖူးပါတယ်။ တပ်မတော်တွင်းက စစ်သည်တယောက် ရတဲ့လစာက ကျပ်ငွေ ၃၅,၀၀၀ ကျော်။ ဒီကြားထဲမှာ ဦးပိုင်အစုငွေ၊ မဖြစ်မနေ ဘဏ်အပ်စုငွေ၊ တပ်ရင်း စိုပြေရေးစတဲ့ ခေါင်းစဉ်တွေ အောက်မှာ အထက် ဌာနကနေ ငွေပြန်ဖြတ်ယူ နေလေတော့ တကယ် တန်းမှာ ရဲဘော်တယောက်ရတဲ့လစာ ကျပ်ငွေ ၂ သောင်းလောက်သာ အိမ်ပြန်ပါပြီး ဒီငွေလေးနဲ့ မိသားစုတွေကို ကျွေးမွေး ဖို့ဆိုတာ ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ပါဘူး။ အဲဒီလို အားနည်းချက်ကြောင့်လည်း လူထုဆီကနေ အနိုင်ကျင့် လုယူ စားသောက် ဖြေရှင်းမှုဟာ စစ်တပ်ရဲ့ တရားဝင်ထုံးစံကြီးတခုလို ဖြစ်လာ နေခဲ့ရတာပါ။

ပြည်သူလူထုနဲ့တပ်မတော်သားတွေ အားလုံးရဲ့ ဘ၀အခြေအနေ ပြောင်းမလာသေးပေမဲ့ ပြည်ပ အရင်းအနှီး တွေကတော့ ပြည်တွင်းကို စပြီး လှိမ့်ဝင် လာနေပါပြီ။ အာစီယံ ဆက်စပ် ကုန်သွယ် စီးပွားရင်းနှီးမြှုပ်နှံမှု လမ်းမကြီးလည်း ပွင့်လာ နေပါပြီ။ ပြည်တွင်း အလုပ်အကိုင်တွေနဲ့ အတူ ပြည်ပထွက် လုပ်ကိုင်ခွင့်တွေလည်း ပိုပွင့် လာနေပါပြီ။ တပ်ထဲက ပိုလျှံဝန်ထမ်းတွေကို ရွှေးနုတ်ပြီး ပြည်တွင်းနဲ့ပြည်ပက လုပ်ငန်းတွေထဲမှာ လုပ်ကိုင်ဖို့ နေရာ ချခွင့် ပြုမယ်ဆိုရင် အနည်းဆုံးတော့ စစ်သည်မိသားစု လိုက် ချောင်လည်လာကြမယ့် အပြင် နီးစပ်ရာ ဆွေမျိုး တချို့ကိုတောင် ကူညီ နိုင်ပါလိမ့်ဦးမယ်။ ဒါမှလည်း သမ္မတကြီး ပြော ပြောနေတဲ့ ဆင်းရဲ မွဲတေမှုတွေ တဖက်တလမ်းက လျော့ကျ သွားနိုင်သလို တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ရေး ကဏ္ဍလည်း လိုက်ပြီး မြင့်တက်လို့ လာမှာပါ။ ဒါပေမဲ့ လုပ်သက်စေ့ပြီး စာချုပ်သက်တမ်း ပြည့်တဲ့ စစ်သည်တွေတောင် တပ်က ထွက်ခွင့် မရသေးတာကို ကြည့်ရင် စစ်သည်အင်အား အများကြီးနဲ့ ဖွဲ့တည်၊ မလုံလောက်တဲ့ ထောက်ပံ့မှု၊ ညံ့ဖျင်းတဲ့ အုပ်ချုပ်စီမံမှု မျိုးတွေနဲ့ပဲ အာဏာမက် ဗိုလ်ချုပ်ကြီး တချို့က အစဉ်လာ ကောင်းတဲ့ မြန်မာ့တပ်မတော်ကြီးကို မျိုးချစ်စိတ်မျက်မှန်စိမ်း တပ် ပြီး အတင်းရှေ့သို့ ခရီးဆက်ခိုင်းချင် နေတော့ ခက်ပါတယ်။

တပ်မတော်နဲ့စစ်သားတိုင်းရဲ့ကုန်ကျစရိတ်ကို တိုင်းပြည်အခွန်ထမ်းပြည်သူတွေကပဲ တာဝန်ယူဖြေရှင်း ပေးနေ ရတာပါ။ ဒါကြောင့် ပြည်သူတွေ ကိုယ်တိုင် ချောင်လည်ပါမှ တပ်မတော်လည်း ပြေလည်လာနိုင်မှာပါ။ ကိုယ့်အချင်းချင်း စစ်ခင်းရင်း စစ် စားရိတ်စားခ ဒဏ်ကို ပိနေတဲ့ တိုင်းပြည်က စစ်တပ် တိုင်းဟာ ဘယ်လိုနည်းနဲ့မှ ခေတ်မီ တပ်မတော် ဖြစ်မလာ နိုင်ပါဘူး။ ပြည် တွင်းစစ်လည်းမရှိ စီးပွားရေး ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်က စစ်တပ်တွေကိုပဲ ခေတ်မီ တပ်မတော်များ အဖြစ် တွေ့မြင်ရမှာပါ။

ရန်သူပေါပြီးမိတ်ဆွေရှားပါးတဲ့ မြောက်ကိုရီးယားလိုတိုင်းပြည်မှာ ခေတ်မီတပ်မတော်ကြီးတခု ဖြစ်လာအောင် အာဏာရှင် သားအဖ တွေက ဖြစ်ညှစ်ပြီး ထူထောင်လိုက်ကြတဲ့ အခါ ပြည်သူတွေသာ ထမင်း ငတ်ကုန်ပါတော့တယ်။ တာဝေးနဲ့တာ လတ်ပစ် ဒုံးကျည်တွေ၊ နူကလီယား စွမ်းအင်တွေသာ ပိုင်ဆိုင်လာခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့ စက်မှု ထုတ်ကုန် လုပ်ငန်းတွေ ဖက် မှာတော့ အားနည်း ခဲ့ရပါတယ်။ နောက်ဆုံး တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ အစပ် စစ်မဲ့ဇုံ အနီး ချစ်ကြည်ရေးအရ လာ တည်ဆောက် ထားတဲ့ တောင်ကိုရီးယားပိုင် ကေဆွန်စက်မှုဇုံမှာ လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား လုပ်သား တသောင်း ကျော်ရဲ့ ၀င်ငွေတွေကိုတောင် မြောက်ကိုရီးယား အစိုးရ ဖြတ်ယူ သုံးစွဲနေခဲ့ရတဲ့ အဖြစ်ပါ။ အဟာရ ချို့တဲ့နေတဲ့ မြောက် ကိုရီးယား ကလေးငယ်တွေရဲ့ ပုံရိပ်တွေလည်း မြောက်ကိုရီးယား ဒုံးကျည်တွေနဲ့ အတူ ကမ္ဘာကျော် ခဲ့တာပါပဲ။ ဒါကြောင့်အင်အား ၄ သိန်းကျော်ပြီး မပြည့်စုံတဲ့ စစ်ဝတ်တန်ဆာ၊ မလုံလောက်တဲ့ လစာနဲ့ ထောက်ပံ့မှု တွေကြောင့် မနိုင်ဝန် နှစ်ရှည် ထမ်းနေခဲ့ရတဲ့ မြန်မာ့ တပ်မတော်ကြီိးကို ဒီကနေ့ ခေတ်သစ်မှာ ပြုပြင် ပြောင်းလဲပြီး လိုအပ်တဲ့ အချိုးအစားအတိုင်း ဖြစ်စေဖို့ အမြန် စီစဉ်သင့်ပြီ လို့ ပြောနေတာပါ။

ခေတ်မီတပ်မတော်တရပ်အနေနဲ့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ စစ်ရေးဖက်မှာ အရည်သွေးအရ မြင့်မား သင့်ပြီး၊ ကြည်း၊ ရေ၊ လေ၊ တပ်တွေရဲ့ အချိုးအစားနဲ့ စစ်ဆင်နိုင် စွမ်းရည်တွေလည်း ဒေသတွင်း အတိုင်းအတာအရ နှိုင်းယှဉ်ပြီး ဘက်စုံက ညီမျှ နေသင့်ပါတယ်။ တပ်မတော်ရေနဲ့ တပ်မတော် လေတို့ အတွက် လိုအပ်တဲ့ ဒေါ်လာ ၂၀၀ လောက်တန် စက်ပစ္စည်း အစိတ်အပိုင်းလေး တခုကိုတောင် အထက်ဌာန အဆင့်ဆင့် တင်ပြ တောင်းခံပြီး ခွင့်ပြုချက် ကျလာမှသာ ပြန်တပ်ဆင် နေကြရတယ်ဆိုရင် ခေတ်မီ လက်နက်နဲ့ စွမ်းရည်မြင့် ရေတပ်၊ လေတပ်ကြီးတွေ ဖြစ်လာဖို့ အတော်ကြီး အလှမ်းဝေး နိုင်ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာနဲ့ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ အတွင်း ဘင်္ဂလားဒေ့ရှ်နဲ့ ရေပိုင်နက်ကိစ္စ အငြင်းပွားတုံးက မြန်မာ့ တပ်မတော်ရေက စစ်ရေယာဉ်တွေ ဘင်္ဂလားဒေ့ရှ် ရေယာဉ်တွေနဲ့ ပုခုံးချင်း မယှဉ်နိုင်ခဲ့တဲ့ အဖြစ်ကိုလည်း မြန်မာ့တပ် မတော်သားတိုင်း အမြဲ သတိရနေကြပါတယ်။

၂၀၀၁ခုနှစ်၊ ဖေဖေါ်ဝါရီလအတွင်း တာချီလိတ်ဖက်က ထိုင်းနဲ့နယ်စပ်ပြသနာမှာလည်း ထိုင်းဖက်က F-16 တိုက်လေယာဉ် တွေရဲ့ စွမ်းပကားကို ထိတ်လန့် ခဲ့ရဖူးပြီးနောက် ရုရှားနိုင်ငံကနေ MIG-29 လေယာဉ်တွေ ကသောကမျော ၀ယ်ဖို့ စဉ်းစား ခဲ့ရတဲ့ အဖြစ်တွေ အားလုံးဟာ မြန်မာ့ တပ်မတော်အနေနဲ့ ကြည်းတပ် တခုတည်းကိုပဲ မတရားတိုးချဲ့ နေခဲ့ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေပါ။ လူများတိုင်းလည်း ပွဲမစည်သလို မြန်မာ့ တပ်မတော်ကြီးကို အရေအတွက် ကနေ အရည်အချင်း သို့ ပြောင်းလဲပေးနိုင်ဖို့ လိုနေပါပြီ။

အခုကျင်းပနေတဲ့ လွှတ်တော်ထဲမှာ တပ်မတော်ပြုပြင်ပြောင်းလဲဖို့နဲ့ လူထု တပ်မတော် တရပ် ဖြစ်လာဖို့ သင်္ကန်းကျွန်း မဲဆန္ဒနယ် အမတ် ဦးသိန်းညွန့်နဲ့၊ ရခိုင်အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီအမတ် ဦးအေးမောင်တို့ ၂ ဦးက တင်ပြခဲ့တာ တွေ့ရပါတယ်။ တကယ်တော့ လွှတ်တော်ထဲမှာ ဒီလို ကိစ္စတွေကို ပြောဆိုရမယ့် တာဝန်ရှိတဲ့ တပ်မတော်ထဲက ကိုယ်စားလှယ်တွေ အများကြီး ရှိနေပါတယ်။ သူတို့ ပြောရမှာပါ၊ ဒါပေမဲ့ မပြောကြပါဘူး၊ အဲဒီတော့ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေက တပ်မတော်သား တွေရဲ့ နေထိုင်စားသောက်မှု ဘ၀တွေ တိုးတက် ကောင်းမွန်ဖို့ တွေကို ကိုယ်စားပြု ပြောပေးဖို့ လွှတ်တော်ထဲ လာတာလား၊ ဒါမှမဟုတ် ရှေ့တန်း စစ်မြေပြင်ကလို ဗိုလ်ချုပ်ကြီးတွေ အမိန့်ပေး ခိုင်းစေတဲ့ အတိုင်း လွှတ်တော်ကို စစ်မြေပြင်လို အမိန့်နာခံကြဖို့ လာထိုင် နေကြတာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ သိသင့်ပြီလို့ မြင်ပါတယ်။

ဒါကြောင့် လွှတ်တော်ထဲမှာတုပ်တုပ်လေးမျှ မလှုပ် ငုတ်တုပ်ထိုင်ငိုက်ပြီး တပ်မတော် အခြေအနေ မှန်နဲ့ တပ်မတော် ကောင်းရာ ကောင်းကြောင်း တစက်လေးကိုမှ တင်ပြရမှန်း မသိတဲ့၊ မတင်ပြနိုင်ကြတဲ့ တပ်မတော် ကိုယ်စားပြုသည် ဆိုသော ၂၅% သော အမတ်တွေကို ကျနော်တို့ ဆက်ပြီး လိုအပ် နေပါဦးမလား ဆိုတာဟာ စစ်သည်တိုင်း အတွက် စဉ်းစားစရာ တွေပါ။


0 comments:

အပေါ်သို့