..............................

Friday, April 6, 2012

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်

လူထုစိန်ဝင်း
Monday, 02 April 2012

အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲ လိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူး အသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်း မ ရတဲ့ ဧရာမ ဘူးအကြီးပါ မှာထားရတယ်။

လာလိုက်ပျက်လိုက်ကြာလာတော့

လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့ စက်က နှစ်လုံး ထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့ အခါနဲ့ ရေချိုးခန်း သန့်စင်ခန်း ၀င်တဲ့အခါ အတူသယ်သွားဖို့ ဆိုင်က မှာရတဲ့ အောက်ဆီဂျင် ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။ အခုရက်ပိုင်းကျတော့ မီးက ခါတိုင်းနှစ်တွေကို အလှည့်ကျ ပေးတယ်လို့ ကြေညာ မထားပေမယ့် နေ့ရောညပါ နေ့တိုင်းပျက်တယ်။ တစ်ခါတလေ သိပ်အကြာကြီး မဟုတ်ဘဲ ပျက်လိုက် လာလိုက်၊ လာလိုက် ပျက်လိုက် ခဏခဏဖြစ်ပြီး တစ်ခါတလေ ကျတော့ နှစ်နာရီ သုံးနာရီ ကြာချင်လည်း ကြာသွားတယ်။ အဲဒီတော့ အောက်ဆီဂျင်ဘူး အကြီးရော အသေးပါ မှာရတော့တယ်။

သမီးလေးကို သတိရတယ်

အသေးကလည်းမမှာ မဖြစ်ဘူး။ နေ့တိုင်း ရေချိုးခန်းဝင်တဲ့အခါ ဘူးအသေးမှ သယ်သွားနိုင်တာ။ အိပ်ရာဘေးမှာ အောက်ဆီဂျင် ဘူးကြီး ဘူးသေးတွေ၊ အောက်ဆီဂျင် စက်တွေအပြင် အသက်ရှု ချောင်အောင် နေ့စဉ်ဆေးထည့်ပြီး နှာ ခေါင်းအုပ် ရှုရတဲ့စက်၊ သွေးတိုး နှလုံးခုန်တိုင်းတဲ့ စက်၊ သွေးထဲက အောက်ဆီဂျင် တိုင်းတဲ့စက်၊ နိုင်ငံခြားရောက် သမီးသမားတော်မလေး ကိုယ်တိုင် လုပ်ပုံ ကိုင်ပုံတွေ အသေအချာ သင်ပြပြီးပေးထားခဲ့တဲ့ အသက်ရှု လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာစတဲ့ စတဲ့ စက်ပစ္စည်း ကိရိယာတွေနဲ့ ၀ိုင်းဝိုင်း လည်ဖြစ်နေတယ်။ သမီး သမားတော်မလေးက နိုင်ငံခြားက သတိရလို့ ဖုန်းဆက်တဲ့ အခါတိုင်း အသက်ရှု လေ့ကျင့်ခန်း လုပ်တဲ့နည်းထက် ကောင်းတာ ဘာမှမရှိဘူး။ မှန်မှန်လုပ်ပါနော်လို့ တဖွဖွမှာနေကျ။ ဒီပစ္စည်းကို ကိုင်လိုက်တိုင်း သမီးလေးကို သတိရ လွမ်းဆွတ်ရတယ်။

လူရွှင်တော်ပြက်လုံး

တရားရှင်မဟုတ်လေတော့ အသက်ကြီးလေ လွမ်းစရာတွေက ပိုများလေ ဖြစ်လာတယ်။ အတ္တကို ပယ်ခွာပြီး အနတ္တကို ရှုမြင်ရမယ့် အစား အစွဲအလန်းတွေ သံယောဇဉ်တွေက ပိုကြီး ပိုများလာတယ်။ အသက်ကြီးလေ လွမ်းစရာတွေပို များလေ ဖြစ်လာတယ်။ မီးပျက် သွားတော့လည်း မနှစ်က ဒီအချိန်ကို ပြန်လွမ်း မိလိုက်တယ်။ မနှစ်က တစ်နှစ်လုံး မီးမဖြတ်ဘူး။ နေ့ရော ညပါပေးတယ်။ မိုးကလည်း အဆက်မပြတ်လှလေတော့ သိပ်ပြီး အပူဒဏ် မခံလိုက်ရဘူး။ ဒီနှစ်တော့ အရင့်အရင် နှစ်တွေကလို အေဘီစီ အုပ်စု သုံးစုခွဲပြီး အလှည့်ကိုပေးတဲ့ စနစ် ဒီလကုန်မှာ စတော့မယ်လို့ ဂျာနယ်ထဲ ရေးထားတာ ဖတ်လိုက်ရတယ်။ သတင်းစာတွေ ထဲမှာတော့ ဟိုနေရာက မဂ္ဂါဝပ် ဘယ်လောက် ထွက်တယ်။ ဒီနေရာက မဂ္ဂါဝပ် ဘယ် လောက်ထွက်တယ်။ ဒီနားက ဘယ်လောက် ဟိုနားက ဘယ်လောက် ထွက်တယ်စသဖြင့် စသဖြင့် ရေးထားတာတွေ တွေ့နေရသေးတယ်။ အိမ်တွေသာ မီးမလာတာ သတင်းစာတော့ ကိုင်လိုက်ရင်တောင် ဓာတ်လိုက်နေတယ် ဆိုတဲ့ လူရွှင်တော် ပြက်လုံးကို သွားသတိရ လိုက်တယ်။

ကုန်းအော်ပစ်လိုက်ချင်

မီးအကြောင်းစပြီး စဉ်းစားလိုက်တော့ မြန်မာလူမျိုးတွေ သိန်းပေါင်းသုံးဆယ်၊ လေးဆယ်လောက် ထိုင်းနိုင်ငံထဲ သွား အလုပ်လုပ် နေကြတယ် ဆိုတဲ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ ထိုင်းနိုင်ငံက မြန်မာပြည်က ဓာတ်ငွေ့တွေနဲ့ စက် မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ပြီး ကြီးပွား ချမ်းသာနေတယ်။ ဒီတော့ ဓာတ်ငွေ့ပိုင်ရှင် မြန်မာတွေက သူတို့ဆီသွားပြီး အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး (ကုပ်သွေး)စုပ်ချင်တိုင်း စုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ သိပ် ကောင်းတယ်။ တွေးလေ တွေးလေ အရိုးထိအောင်နာပြီးကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။

ကျောက်မီးသွေးနဲ့ မောင်းမှာလား

ဂျာနယ်တွေ ဖတ်မိရင် ပိုဆိုးတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မိုးပျံရထား လမ်းဖောက်မယ့် စီမံကိန်း၊ မြေအောက်ရထား လမ်းဖောက်မယ့် စီမံကိန်းတွေပါ ထည့်သွင်းစဉ်းစားနေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အထူးစိတ်ဝင်စား ကြတယ် ဆိုတာတွေဖတ်ပြီး လျှပ်စစ်မီး လုံလောက်အောင် အရင်ကြံဆပါဦး။ ကျန်တာတွေ ဖြည်းဖြည်းမှ စဉ်းစားကြပါလို့ ပြောခွင့်ရရင် ပြောချင်တယ်။ မိုးပျံရထားကို ဘာနဲ့ မောင်းမှာလဲ။ ရှေးကလို ထင်းခြမ်းကြီးတွေနဲ့ ကျောက်မီးသွေးတွေနဲ့ မောင်းမှာလား။ နိုင်ငံခြား ကုမ္ပဏီတွေကတော့ သူတို့ ပစ္စည်းတွေ ရောင်းရ၊ သူတို့လူတွေ အလုပ်ရမှာ ဆိုတော့ စိတ်ဝင်စား ကြမှာပေါ့။ အကြွေးပေါ်မှာ အကြွေးဆင့်မယ့် ကိစ္စမျိုးတွေကိုတော့ ရှောင်ကြ ပါရှားကြပါလို့ တောင်းပန်ပါရစေ။

အရှိကိုအရှိအတိုင်း

ဆောက်ဖြစ်မှ ကျောင်းဒကာ ဆိုတာလို လုပ်ဖြစ် မလုပ်ဖြစ် ဆိုတာက နောက်မှ။ အခု လောလောဆယ်တော့ လူတွေ သဘော တွေ့သွားမှာပဲ ဆိုတဲ့ လုပ်နည်း လုပ်ဟန်တွေကို စနစ်ဟောင်းနဲ့ အတူ ထားပစ်ခဲ့ဖို့ ကောင်းပါပြီ။ လက်ကိုင် တယ်လီဖုန်း တစ်လုံးရှိရုံနဲ့ ကမ္ဘာကြီး တစ်ခုလုံးကို လက်ဖ၀ါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ် အကောက်တွေနဲ့ အလုပ် မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကို အရှိအတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ၀ါဒ ဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ 'မက်ခီယာဗယ်လီ' နည်းစနစ်တို့ ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံး မ၀င်တော့ပါဘူး။

လက်ခံဖို့အသင့်

ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာ ပြောပါ။ ကျွန်တော်တို့က လက်ခံဖို့ အသင့်ပါပဲ။ နွေရာသီ ရေခန်းလို့ ရေအား လျှပ်စစ် ထုတ်လုပ်မှု ကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ ပေးမှ ဖြစ်တော့မယ်လို့ အမှန်အတိုင်း ပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထား ကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေး ပြောကြားတယ် ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ် နေကြတာပါ။

Ref: EMG News

0 comments:

အပေါ်သို့