..............................

Friday, April 6, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၃)

ဟန်လင်း
April 5, 2012
ဘယ်လိုအချိုးမျိုးနဲ့လျှော့ကြမှာလဲ

စစ်ရဲ့သဘောတရားကို ထိုးစစ်၊ ခံစစ် ၊ခွာစစ်လို့ဆိုပြီး အပိုင်းခွဲခြားဖေါ်ပြလေ့ရှိပါတယ်။ မြန်မာ့ တပ်မတော် စစ်အာဏာရှင် ဟောင်း ဦးနေ၀င်း တယောက် နောက်တက် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အဖြုတ်ခံခဲ့ရတာဟာ နောက်ကြောင်း လုံခြုံမှု အားနည်းခဲ့လို့ ခွာစစ်မှာ ညံ့ခဲ့လို့ပါ။ သူ့လက်ရင်း လူတချို့ကို နောက်ချန်ထားပြီး အာဏာလွှဲပေးခဲ့ပေမဲ့ တပ်မတော်ရဲ့ အချိုး အစားကို လိုအပ်သလို ပြင်ဆင်မပေးသွားခဲ့နိုင်ပါဘူး။ ဒါကြောင့်လည်း တပ်ထဲက နောက်တက်ဗိုလ်ချုပ်တွေ ချက်ခြင်း အာဏာ ထက်လာပြီး ဦးနေ၀င်း လက်ရင်း လူတွေကို အစားထိုးကာ ဗိုလ်နေ၀င်း အာဏာစက် အဖျက်ခံခဲ့ရတာပါ။ ၁၉၈၈မှ ၂၀၀၆ထိ တပ်ရင်း ၁၆၈ ရင်းမှ ၅၀၄ ရင်းဖြစ်အောင် ၃ ဆကျော်အင်အားတိုးလာအောင် န၀တ- နအဖ တို့ တိုးချဲ့လိုက် တော့ ယခင်တပ်မှူးဟောင်းအတော်များများ အငြိမ်းစားပေးခြင်း ခံခဲ့ရပါတော့တယ်။

ဒါကြောင့် ခေတ်တခုအပြောင်းမှာ တပ်မတော်ရဲ့အချိုးအစားပြောင်းလဲမှုဟာ သိပ်ပြီးအရေး ပါလှပါတယ်။ ပါတီစုံ ဒီမိုကရေစီ၊ မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ၊ လမ်းပြမြေပုံ (၇) ချက်တို၊ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ၊၂၀၁၀ လွှတ်တော်နဲ့ အစိုးရသစ် ဆိုတာ အပြင် အနောက်အုပ်စုနဲ့ သံတမန် ဆက်ဆံရေးများ ပြန်လည် ကောင်းလာပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်ကို စစ်သည်အင်အား ဆက်တိုးချဲ့ နေစရာ လိုသေးရဲ့လား။

လိုအပ်တယ်လို့ဆိုတဲ့ အကျိုးဆက်ကြောင့် စစ်တပ်နဲ့စစ်ဗိုလ်ချုပ်တွေကိုပိုပြီးများပြား၊ နေရာရလာစေတာ ဖြစ်ပြီး ဒီအတွက် ပြည်သူတွေရဲ့ ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ဖဲ့ပေးလိုက်ရတာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရမယ် ဆိုရင် မြန်မာပြည်မှာ စစ် သား တယောက် တိုးလာဖို့ ကုန်ကျစရိတ်ဟာ အရပ်သား ၀န်ထမ်း မူပြအဆင့် ကျောင်းဆရာ(၃)ဦးစာနဲ့ ညီမျှပြီး အနည်းဆုံး ကျေးလက်က မူလတန်းလေး တကျောင်းကို ဆက်မဖွင့်ဘဲ ပိတ်ပစ်ရမယ့်ပုံပါ။ ဒါကြောင့် စစ်သည်အင်အား အတိုးဟာ အရပ်ဖက် ၀န်ထမ်း အင်အား အလျော့ ဖြစ်တယ်လို့ ဆိုရမှာပါ။

အခုကိုပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို ထည့်မတွက်ဘဲ မဖြစ်နိုင်တော့သလို တပ်မတော်သား ၄၅၀,၀၀၀ အတွက် လွှတ်တော်၂ရပ်မှာ တပ်မတော်ထဲကအရာရှိ (၁၆၆)ဦးနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ (၂၁၇)ဦး စုစုပေါင်း ၃၈၅ ဦးကို စစ်ဆင်ရေးထဲကနေ ဖယ်ထုတ်ပြီး လွှတ်တော်တွင်းနဲ့အုပ်ချုပ်ရေးကဏ္ဍတွေမှာ တာဝန်တွေပေးထားနေရပါပြီ။ ဒါကလည်း ဘယ်ဒီမိုကရေစီနိုင်ငံတွေမှာမှ မတွေ့မြင်နိုင်တဲ့ စည်းကမ်းရှိသော မြန်မာ့ဒီမိုကရေစီစနစ်ကြီးပါ။ ဒီအဆင့်ကနေ ပြီး နောင် ဒီမိုကရေစီ စစ်စစ် နိုင်ငံတော် သစ်ကြီးသို့ ဆက်ပြီးချီ တက်ကြ ဦးမယ်ဆိုရင်တော့ တပ်မတော်ရဲ့အချိုးအစားကို ပြင်မလား တပ်မတော်နဲ့ပြည်သူ တသားတည်းမဖြစ်အောင် ဟန့်တားနေတဲ့ အယူအဆမှားတွေ သြ၀ါဒ ဆောင်ပုဒ်ဟောင်း တွေ ကို ပြင်မလားဆိုတဲ့ လမ်းကြောင်းတခုကို ကျနော်တို့ အမြန်ဆုံးရွေးချယ်ရပါလိမ့်မယ်။

တပ်နဲ့ ပြည်သူတသားတည်းဖြစ်နေရင် အရပ်ဖက်စစ်ဖက်ကိုယ်စားလှယ်ဆိုပြီး ဘာမှခွဲခြားနေစရာမလိုပါ။ တိုင်းပြည်စီးပွား ရေးနဲ့ နိုင်ငံရေးတွေ လုံခြုံကောင်းမွန်စေချင်ရင် တိုင်းပြည်မှာ ဟန်ချက်ညီညီတိုးတက်စေချင်ရင် စစ်တပ်ရဲ့အချိုးအစားတွေ ကို မုချ ပြုပြင်ကြရမှာပါ။ ဂုဏ်သိက္ခာရှိတဲ့ လစာ၊ စရိတ် ချီးမြှင့်ငွေများနဲ့ အစဉ်လာကောင်းတဲ့ တပ်မတော်သားဘ၀နဲ့ တပ်မတော်ကြီးကို ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့လိုနေပါပြီ။ မလောက်မငှလို့ လူထုဆီ အနိုင်ကျင့်စားရတဲ့စစ်သည်၊ လာဘ်ယူပြီး မိသားစုဘ၀ဖြေရှင်းနေရတဲ့ ၀န်ထမ်းမျိုးတွေ လာမယ့် ဒီမိုကရေစီခေတ်မှာ ဆက်ပြီး ရှိမနေသင့်တော့ပါဘူး။

ပြီးခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၁၉၇၄ခုနှစ်တုန်းက ပြည်သူ့စစ်ပွဲမဟာဗျူဟာဆိုတာဟာ တိုင်းပြည် လူဦးရေ ၂၅ သန်း လောက်ရဲ့ ၂၅%၊ တနည်းအားဖြင့် လူ ၆၂၅,၀၀၀ လောက်ကို စစ်တပ် အဖြစ် ဖွဲ့စည်းထားပြီး ကျန်ပြည်သူတွေ ကိုလည်း အရံ စစ်အင်အား အဖြစ် အသုံးပြုမယ့် စီမံကိန်းပါ။ သောင်းကျန်းသူတွေ အမြန်ဆုံး အမြစ်ပြုတ်အောင် လူ ၄ ယောက်မှာ တယောက်နှုန်းကို စစ်သားလုပ်ခိုင်း၊ ကျန်တဲ့ လူတွေကိုပါ စစ်ယန္တရားကြီးထဲ ဆွဲထည့်ပြီး ဦးနေ၀င်းက အတင်းမောင်းထဲ့ လိုက်တဲ့အခါ ဖြတ်လေးဖြတ် စီမံကိန်း ဆိုတဲ့ ရလဒ်တခု ပေါ်ထွန်းခဲ့ပြီး ဘေးထွက် ဆိုးကျိုးတွေအဖြစ် တိုင်းပြည်သာ ဖွံ့ဖြိုးမှု နိမ့်(LDC)စာရင်း ၀င်သွားပြီး မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်နဲ့ မဆလတို့ ခေတ်လည်း နိဋ္ဌိတံ ခဲ့ရဖူးပါတယ်။ ဒါက တိုင်းပြည်ရဲ့ စီးပွားရေး၊လူဦးရေ၊ တပ်မတော်နဲ့ ရန်/ငါအချိုးအစားတွေကိုမချိန်ညှိပဲ စစ်ထိပ်သီးကြီးတွေ အတင်းအဓမ္မ ပြုခဲ့ တဲ့ ရလဒ်ပါ။

နောက်တခုကတော့ ဒီဖက်ခေတ် န၀တ နအဖ တို့ခေတ်က စစ်ရေးအမြင်နဲ့ တပ်မတော်အချိုးအစားစီမံမှုပါ။ ဗိုလ်စော မောင်၊ဗိုလ်သန်းရွှေ တို့ လက်ထက်မှာ ပုန်ကန်တော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့အားလုံးနီးပါး နယ်စပ်ရောက်ကုန်ပြီး၊ ပြည် တွင်းက ၈လေးလုံးလို လူထုလှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဖက်အင်အားစုတွေလည်း စစ်အာဏာရှင်ကိုတန်ပြန်ဖို့ နယ်စပ် မှာ သွားရောက် ပူးပေါင်း လှုပ်ရှားစဉ်မှာ ဖြစ်ပေါ်လာတဲ့ နယ်စပ်မှာပဲ စစ်နယ်မြေ ထိန်းချုပ်ကန့်သတ်ချုပ်ငင်ထားရေး ဆိုတဲ့ စစ်ရေးအမြင်ပါ။ ဒါ့ကြောင့် စစ်ပွဲအများစုဟာ ပြည်တွင်းမှာမဟုတ် နယ်စပ်မှာပဲ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် န၀တ-နအဖ တို့ခေတ် စစ်ခေါင်းဆောင် တို့ရဲ့စဉ်းစားမှုမှာ ပြည်ပရန် ဆိုတာထက် နယ်စပ်က ရန်သူ ထိန်းချုပ်ထားရေးကို အဓိက ထားခဲ့ တဲ့ စစ်ရေးအမြင်ပါ။

၁၉၈၈ခုနှစ် ခြေလျင်တပ်ရင်း ၁၆၈ရင်း လူအင်းအား တသိန်းရှစ်သောင်းကျော်ကနေ ၂၀၀၀ခုနှစ် တပ်ရင်း ၄၆၂ ရင်း၊ ၂၀၀၇ ခုနှစ် တပ်ရင်း ပေါင်း ၅၀၄ ရင်း ထိုမှသည် စစ်သည် ၆ သိန်းနီးပါး အထိ တိုးချဲ့ခဲ့ပြီး ၂၁ရာစုသစ်ရဲ့ခေတ်သစ် ပြည်သူ့ စစ်ပွဲသေနင်္ဂ ဗျူဟာကို အကောင်အထည် ဖေါ်ကြ ပြန်ပါတော့တယ်။ ကြည်းတပ် အတွက်သာမက ရေတပ်နဲ့ လေတပ်တို့ကို မဖြစ်စလောက် တိုးချဲ့တာ လက်နက် အသစ်များ ၀ယ်ယူတပ်ဆင်တာ၊ ၁၉၉၇ ခုနှစ်တုန်းက အထွေထွေ ဗျူဟာမြောက် ပူးပေါင်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့တာတို့အပြင် ပြည်သူ့စစ်၊ မီးသတ် ၊ကြက်ခြေနီ၊ ကြံ့ဖွံ့ စွမ်းအားရှင်တို့ပါ စည်းရုံး ဖွဲ့ စည်းပြီး တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ပြည်ပကျူးကျော်ရန်ကို တုံ့ပြန်နိုင်ဖို့ နအဖတို့ ကြိုးပမ်း ခဲ့ကြပါတယ်။

ပြောချင်တာက စစ်အာဏာရှင်၂ ဆက်အောက်မှာ ပြည်သူ့စစ်ပွဲနဲ့ ခေတ်သစ်ပြည်သူ့စစ်ပွဲသေနင်္ဂဗျူဟာများချပြီး အကောင် အထည်ဖေါ်ရင်း စစ်တပ်အင်အားတွေ တိုးပြီးရင်းတိုးလာခဲ့ပုံတွေပါ။ ပြည်သူ့ထောက်ခံမှု ပြည်သူ့ဆန္ဒမပါ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်မရှိခဲ့တဲ့ အတိတ်သမိုင်းက စစ်တပ်ထူထောင်ခဲ့ပုံမျိုးတွေလည်း ဒီကနေ့မလိုအပ်တော့သလို နောင်လည်း ထပ်ပြီး မဖြစ်ပေါ်သင့်တော့ပါ။

စီးပွားရေးပိုစစ်ရေးချိုဆိုတဲ့အခင်းအကျင်းအတိုင်း ဒီကနေ့ စစ်ထိပ်သီးနိုင်ငံကြီးတွေတောင် စစ်တပ်အင်အားကိုလျှော့ချ၊ ထုတ်လုပ်ရေးကိုမြှင့်တင်၊ အလုပ်အကိုင်ရရှိရေးနဲ့ ဆင်းရဲချမ်းသာကွာဟမှုလျှော့ချရေးတွေ လုပ်နေတဲ့ကာလပါ။ အမေရိ ကန်နဲ့ တရုပ်အပြင် အာရှတိုက်တွင်း စစ်အင်အားအကြီးဆုံး စီးပွားရေးကျားတကောင်ဖြစ်တဲ့ ဗီယက်နမ်လိုနိုင်ငံမှာတောင် သူ့စစ်အင်အားကိုလျော့ချနေပါပြီ။ ဗီယက်နမ်ရဲ့ နောက်က (အရေအတွက်အရ) ဒုတိယ လိုက်နေတဲ့ မြန်မာ့တပ်မတော် ကရော ရှိရင်းစစ်တပ်အင်အားကို မလျှော့ချသင့်ဘူးလားဆိုတာကို စဉ်းစားစရာပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်လည်း ယခင်နှစ် စစ်တပ်အတွက် ဘတ်ဂျက်လျာထားငွေ(၂၃.့၆%)၊ ကျပ်ငွေ၁၁၀၁ ဘီလီယံ (သို့မဟုတ်) အမေရိကန် ဒေါ်လာ သန်း(၂၀၀၀)ကျော်လောက်ကို အစိုးရသစ်မဖွဲ့စည်းခင်၂၀၁၁ခုနှစ် ဇန္န၀ါရီ ၂၇ရက် နေ့က သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီလို သုံးစွဲခွင့်ရခဲ့တာတောင် မလောက်ခဲ့တာမို့ တပ်မတော်ဟာ လက်ရှိအစိုး ရသစ် ဘတ်ဂျက်ထဲကနေ ကျပ်ငွေ ၉၁.၆၉ဘီလီယံကို ထပ်ပြီး တောင်းခံခဲ့ရပါသေးတယ်မဟုတ်ပါလား။ လာမယ့် ၂၀၁၂-၁၃ ခုနှစ်အတွက် တိုင်းပြည်မှာ ရသုံးဘတ်ဂျက်လိုငွေ ကျပ်သန်းပေါင်း ၂သောင်း ကျော်ရှိနေတဲ့အချိန်မှာ ကာကွယ်ရေး ၀န်ကြီးဌာန အသုံးစရိတ် လျာထားငွေက ကျပ်သန်းပေါင်း တသန်းတစ်သိန်းကျော်ဆိုတော့ ဒီနှစ်ထပ်ခွင့်ပြုရရှိမယ့် (၁၄.၈) % သော ဘတ်ဂျက်ကိုပဲ ရှိမြဲလူအင်အား ၅သိန်းနီးပါစာ အတွက် ဖြေရှင်းပေးနိုင်ဖို့သာ ဗိုလ်ချုပ်ကြီးတွေ အရင်ဆုံး စဉ်း စားကြရမှာပါ။ ခေတ်မီ တပ်မတော်ဖြစ်လာရေး ဆိုတာကိုတော့ ခဏလေး မေ့ထားလိုက်ပါဦး၊၊

အိမ်နီးခြင်း ထိုင်းနိုင်ငံတောင် သူ့လူဦးရေ(သန်း၇၀)နီးပါးရှိရာမှာ သူ့စစ်တပ်အင်အား ကို(၃သိန်း)မှာ ကြည်းတပ်က ၂သိန်း နီးပါးလောက်နဲ့ပဲ ဖွဲ့ထားတာပါ။ ကျန်ဘင်္ဂလားဒေ့ရှ် က စစ်တပ်အင်အားနဲ့ လူဦးရေအချိုးအစားကလည်း (လူဦးရေသန်း ၁၆၀မှာ စစ်သည်(၄၅၀,၀၀၀) မျှသာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာကတော့ စစ်တပ်နဲ့တိုင်းပြည်လူဦးရေအချိုးအစား (၅၈) သန်း အချိုး (၅)သိန်းဖြစ်လို့ နေတာကလည်း တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဟန့်အတားကြီးတခုပါပဲ။ ကျနော်တို့ တိုင်းပြည်လူဦးရေမှာ အစိုးရ၀န်ထမ်း ၁၃%ကျော်စာရင်းထဲမှာ စစ်အင်အားသက် သက်(၄)သိန်းကျော်ဖြစ်နေတာကို မဖြစ် မနေလျှော့ချပြီးမှသာ မှန်ကန်တဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်အောက်မှာသာ မြန်မာပြည်ဟာ ရှေ့ဆက် တိုးတက်နိုင်ပါလိမ့် မယ်။

0 comments:

အပေါ်သို့