..............................

Wednesday, April 4, 2012

ခေတ်မီတပ်မတော်တရပ်ရဲ့ ရှေ့ခရီး အပိုင်း (၂)

ဟန်လင်း
April 4, 2012
အပစ်တွေသာရပ်ခဲ့ရင်ဖြင့်

တပြည်လုံးအပစ်တွေရပ်ခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ့ တပ်မတော်ရဲ့နေမြဲ အင်အား( ၄၅၀,၀၀၀) ကျော်ကြီးကို ဆက်ပြီး ထားရှိသင့် မသင့်ဆိုတဲ့ ကိစ္စ အပေါ် ဆွေးနွေး ကြည့်ရအောင်ပါ။

လွတ်လပ်ရေးမရမီကာလ 1146 လို့အတိုကောက် အမည်ပေးထားတဲ့ ၁ရက်၁လ ၁၉၄၆ ခုနှစ် မှာ မြန်မာ့ တပ်မတော် အဖြစ် အင်္ဂလိပ်တို့ စတင် ဖွဲ့စည်း ပေးခဲ့စဉ်က မြန်မာ ၆ ရင်း၊ ကချင် ၃ ရင်း၊ ကရင်နဲ့ချင်း ၂ ရင်းစီ၊ ဂေါ်ရခါး တရင်းနဲ့ ချင်း တောင်တန်း တပ်ရင်း တရင်းတို့ ဆိုပြီး စစ်ဌာနချုပ်တိုင်း ၂ ခုနဲ့ တပ်ရင်း စုစုပေါင်း ၁၅ ရင်း လောက်ပဲ ရှိခဲ့တာပါ။ ဗမာ့ သေနတ်ကိုင် တပ်ရင်း ၆ ရင်းနဲ့ အတူ လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် တပ်ရင်း တချို့ပါ ပူးတွဲပြီး ဗမာ့ တပ်မတော်ကို ဖွဲ့စည်းပေးခဲ့တာ တွေ့ရပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကတော့ စစ်သည် အင်အား တစ်သန်းနဲ့ စစ်လေယာဉ် အစီး ၅၀၀ လောက် ရှိတဲ့ အင်အားပြည့် တပ်မတော်ကြီးကို တည်ဆောက်ဖို့ မျှော်မှန်းခဲ့ကြောင်း သမိုင်းမှတ်တမ်း တချို့အရ သိရပါတယ်။ အဲဒီအချိန်တုံးက တိုင်းပြည်ရဲ့ လူဦးရေ သန်း (၂၀) လောက်တောင် မရှိသေးပေမဲ့ ဖြစ်ပေါ်လာမယ့် တပ်မတော် အပေါ်မှာ ပြည်သူတွေ ဘယ်လောက် အားတက်သရော ထောက်ပံ့မှု ရှိကြသလဲ ဆိုတာကို ခန့်မှန်း နိုင်ပါတယ်။

၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရလိုက်တာနဲ့ထပ်တူ ပြည်တွင်းစစ်မီးလည်း ထတောက်ခဲ့ပြီး အာဏာရ အစိုးရက တပ်ရင်းတွေ ကို ဆက်တိုက် တိုးချဲ့ လာခဲ့ရာ လွတ်လပ်ရေး ရပြီး ၁၉၅၀ စု လွန်နှစ်တွေမှာ အစိုးရ တပ်ရင်းပေါင်း (၅၂) ရင်း လောက် ဖြစ်လာ ခဲ့ပါတယ်။ တပ်ရင်းတရင်း စစ်သည် အင်အား ၇၅၀ လောက် ဖွဲ့စည်းပုံနဲ့ မြန်မာ့ တပ်မတော်ဟာ ၁၉၆၀ မှ ၁၉၈၀ ခုနှစ်တွေ အထိ ထိထိ ရောက်ရောက် စစ်ဆင်နွဲ နိုင်ခဲ့ကြပါတယ်။ နောင်မှာလည်း တပ်ရင်းတရင်း လူ ၈၂၆ ယောက် ဖွဲ့စည်းပုံမျိုးနဲ့ တိုးချဲ့ပြီး ဖွဲ့စည်းဖို့ကိုတောင် စဉ်းစား ခဲ့ကြပါသေးတယ်။ တကယ်တော့ မြန်မာ့ တပ်မတော်ဟာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွား လာတဲ့ တပ်မတော်၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ထူထောင်လာတဲ့ တပ်မတော် ဖြစ်သလို အင်္ဂလိပ်တို့ ဆီက တိုက်ရည် ခိုက်ရည်နဲ့ နည်းစနစ်များ ဂျပန်တို့ထံမှ ရဲစွမ်း သတ္တိတွေနဲ့ ပေါင်းစပ်ပြီး ကျင့်ဝတ် စည်းကမ်းနဲ့ ဥပဒေများ ရေးဆွဲလို့ ဖွဲ့စည်း တည်ဆောက် ထားခဲ့တာပါ။

၁၉၈၈ခုနှစ်မတိုင်မီအထိ မြန်မာ့တပ်မတော်တွင်းမှာ စစ်သည်အင်အား ၂ သိန်းနီးပါး (၁၈၄,၀၂၉) ယောက် ရှိခဲ့သလို တပ်မတော် တခုလုံးနဲ့ စစ်သည်တိုင်းရဲ့ စားဝတ်နေမှု မချို့ငဲ့ခဲ့ပါဘူး။ ထောက်ပံ့ ဖြေရှင်းလို့ ပေးနိုင်ဆဲပါ။ အဲဒီကာလက တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဖက် က စုစုပေါင်း အင်အား ၄ သောင်း ထက် မကျော်ပါဘူး။

မဆလခေတ်နှောင်း ၁၉၈၈မှ ၂၀၀၆ခုနှစ်အထိ တပ်ရင်း ၁၆၈ ရင်းမှ ၅၀၄ ရင်း(ဒါပေမဲ့ တပ်ရင်း ၂၂၀ မှာ လူ ၂၀၀-၃၀၀ ရှိပြီး ကျန် ၂၈၄ ရင်းလောက် လူအင်အား ၂၀၀ တောင် မပြည့်ကြပါဘူး)။ တပ်မတော်တခုလုံးရဲ့ စစ်သည်အင်အား၎သိန်း ကျော် အထိ ဖြစ်လာချိန်မှာ ပုန်ကန်တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့အင်အားက အရင်အတိုင်း ထက် ထူးမများခဲ့တာမို့ ပြည်တွင်းက သောင်းကျန်းသူ နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာ့စစ်တပ်အင်အားတွေတိုးချဲ့နေ တာဟာ သိပ်ပြီးတော့မဆီလျော်ပါဘူး။ ၁၉၉၅ ခုနှစ်မှာ စစ်အင်အား ၄၉၂,၀၀၀ လောက်ရှိပြီး နောင်အင်အား ၅သိန်းထိ တိုးချဲ့မယ်လို့တောင် စစ်အုပ်စုထိပ်သီးတွေက ကြေညာခဲ့ဖူးသေးတာပါ။

နအဖတို့ပြောနေကျ ပြည်ပရန်ကာကွယ်ဖို့ရာ ဆိုရင်လည်း ဗီယက်နမ်နိုင်ငံလို ပြည်ပ ကျူးကျော် လာသူ ကမ္ဘာ့ ထိပ်သီး အမေ ရိကန် ပြင်သစ်တို့နဲ့ နှစ်ရှည်စစ်ပွဲကြီးမျိုး ဆင်နွှဲနိုင်ပါ့မလားဆိုတာ တွေးကြည့် ကြရအောင်ပါ။

မြန်မာ့မြေပေါ်ကို တရုပ်ဖြူကျူးကျော်ခံရတဲ့ ကာလ ၁၉၄၉မှသည် ၁၉၆၀ ခုနှစ် ပိုင်းတွေ အထိ မြန်မာ့ စစ်တပ်မတော် အနေနဲ့ ပြည်သူ့စစ်ပွဲ မဟာဗျူဟာ တခုကို စတင်ချမှတ် ကျင့်သုံး ခဲ့ဖူးပါတယ်။ ကျူးကျော်လာသူတွေကို နယ်စပ်မှာတင် လူထု ပူး ပေါင်း ပါဝင်မှုနဲ့ အချိန်ကာလ တခု ၃-၄ လလောက် ဟန့်တားထားပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂရဲ့ အကူအညီယူ ဖြေရှင်းကြ မယ်ဆိုတဲ့ စဉ်းစားချက်ပါ။ ဂျာမဏီ ကျူးကျော်စစ်ကို ဟန့်တား အောင်မြင့်ခဲ့တဲ့ ဆွစ်ဇာလန်၊ ယူဂိုစလားဗီးယား၊ ချက်၊ အရှေ့ ဂျာမဏီ စတဲ့ နိုင်ငံက အတွေ့အကြုံတွေပေါ် အခြေတည်ပြီး ၁၉၅၀ခုနှစ် နောက်ပိုင်းမှာ စစ်ရုံးချုပ်က ဒုဗိုလ်မှူကြီး မောင် မောင် ဦးစီးရေးဆွဲခဲ့တဲ့ သေနင်္ဂဗျူဟာပါ။ ဒီသေနင်္ဂဗျူဟာအတိုင်း တရုပ်ဖြူ ကျူးကျော်မှု ခုခံရေးမှာ နဂါးနိုင် စစ်ဆင်ရေး အဖြစ် စသုံးခဲ့ပေမဲ့ အဆင်မပြေဖြစ်ပြီး နဂါးရှုံး စစ်ဆင်ရေးလို့သာ နံမည် တွင်ခဲ့ရပါတယ်။

ကိုယ့်နံဘေးကတရုပ်၊အိန္ဒိယလို အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးတွေ အပေါ် လုံးဝ အပြတ်အသတ် အနိုင်ယူနိုင်မှာ မဟုတ် မှန်း သိပေမဲ့ အဲဒီ သေနင်္ဂ ဗျူဟာကိုပဲ ကနေ့အထိ မြန်မာ့ တပ်မတော်မှာ အဖန်ဖန် ပြန်လည်ပြုပြင် စိုက်ထူ ကျင့်သုံးခဲ့ကြ ပါတယ်။ မြန်မာ့ စစ်ခေါင်းဆောင်တို့ရဲ့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာ ထိထိရောက်ရောက် အသုံးချနိုင်တဲ့ အောင်မြင်ခဲ့ချက် ကိုတော့ ဧရာဝတီတိုင်းနဲ့ ပဲခူးရိုးမ နေရာ ၂ ခုလောက်မှာပဲ တွေ့ရပါတယ်။ ဒါကလည်း တဖက် အဖွဲ့အစည်း တွေရဲ့ စစ်ရေး နိုင်ငံရေး လမ်းစဉ်မှားတွေ အောက်မှာ လူထုနဲ့ကင်းကွာ အင်အား ချိနဲ့နေတုန်း စာမျက်နှာ(၁၂၄) မျက်နှာပါ ဗိုလ်မှူးကြီး ကြည်ဝင်း တင်ပြတဲ့ သောင်းကျန်းသူ ချေမှုန်းရေး ပြည်သူ့စစ် မဟာဗျူဟာ စာတမ်းပါ အတိုင်း ကျင့်သုံးနိုင်ခဲ့လို့ပါ။

ရေနဲ့ငါး ပမာလို ဖြစ်နေတဲ့ တော်လှန်သူပုန်တပ်တွေကို ပြည်သူက မထောက်ပံ့ နိုင်အောင် ကျေးလက်က လူထုနဲ့ ရွာတွေ ရွှေ့ခိုင်းတဲ့ စီမံချက်မို့ ဖြတ်လေးဖြတ်လို့ အမည် တွင်ခဲ့ဖူးပါတယ်။ ဒီသေနင်္ဂ ဗျူဟာအတိုင်း ၁၉၈၈ လွန် ဒီဖက်ခေတ်တွေ အထိ နယ်စပ်ရှိ တိုင်းရင်းသား ဒေသတွေမှာ မြန်မာ စစ်အုပ်စု ဆက်လက် စွဲကိုင် ကျင့်သုံးကြတဲ့ အခါမှာတော့ တခြား နိုင်ငံတွေဖက် ၀င်ရောက် ခိုလှုံခဲ့တဲ့ ပြည်တွင်းစစ်ဘေး ဒုက္ခသည်တွေ၊ ပြည်တွင်းစစ်မီး (၆၃) နှစ်ကာလနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု တွေ သာ မြန်မာ့ သမိုင်းမှာ အဖတ်တင်ခဲ့ပြီး မြန်မာ့ တပ်မတော်လည်း နံမည်ပျက် ကျန်ခဲ့ပါတယ်။

၁၉၆၇ခုနှစ် တရုပ်-မြန်မာ အဓိကရုဏ်း ဖြစ်တုန်းကလည်း မြန်မာစစ်တပ် တုပ်တုပ်မှ မလှုပ်ဝံ့ခဲ့ သလို အနောက် အုပ်စုရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ထူပြောလာတဲ့ ဒီဘက်ခေတ် ထဲမှာလည်း စစ်အမိန့်ပေး ကွပ်ကဲမှု ဌာနချုပ်ရုံးနဲ့ အစိုးရ ရုံးတွေကို မြန် မာပြည်အလယ်ပိုင်း တောင်တန်းတွေ ဖက်နား ကပ်နေတဲ့ ကြပ်ပြေးကို ရွှေ့ပြစ်ခဲ့တာ ဒီသေနင်္ဂဗျူဟာထဲက စီမံချက်အတိုင်း အကောင်အထည် ဖေါ်ခဲ့ကြတာပါ။ ပြည်ပရန်ကို ဘယ်တုံးကမှ လုံးဝ ချေမှုန်း တိုက်ခိုက်နိုင်တဲ့ အစွမ်းအစ မရှိခဲ့ဘူး ဆိုတာ ကို မြန်မာ စစ်ဗိုလ်ချုပ်တိုင်း ကိုယ့်အကြောင်းကိုယ် သိနေကြပါတယ်။ ပြည်ပ အန္တရာယ် ပြည်ပ ကျူးကျော်ရေး သမားနဲ့ နယ်ချဲ့တွေလို့ မီဒီယာနဲ့ လေလှိုင်းထဲမှာ တောက်လျှောက် အသံကောင်းဟစ်ခဲ့ပြီး တကယ်လို့များ ပြည်ပရန် တစုံတရာ ဖြစ်လာခဲ့ ရင်တောင် ခုခံစစ်ပဲ ဆင်ဖို့ ဗိုလ်ချုပ်တွေ စိတ်ကူး ခဲ့ကြတယ်ဆိုတာ တွေ့ရပါတယ်။

ဒါကြောင့်လည်း သောင်းကျန်းသူချေမှုန်းဖို့ တပ်မတော်တင်အားကြီးထွားအောင် တည်ဆောက် ရတာပါလို့ ဆိုခဲ့ရင် အလုပ် မဖြစ်ခဲ့ပုံတွေကို အောက်ခြေရဲဘော် စစ်သား အဆင့်လောက်ကတောင် သိကြပါတယ်။ မအောင်မြင်ခဲ့ လို့လည်း ငြိမ်းချမ်း ရေး၊ အပစ်ရပ်ရေး ဆိုတာမျိုးကို ဒီကနေ့ထိ အထပ်ထပ် လုပ်ဆောင် နေရတာပါ။ စစ်ရေးနည်းနဲ့ ဖြေရှင်းလို့သာ ပြီးခဲ့မယ် ဆို ရင် နှစ်(၂၀)ကျော် အချိန်ယူပြီး ဆွေးနွေး နေစရာ ဘယ်လိုပါ့မလဲ။ န၀တ-နအဖ စစ်အုပ်စုရဲ့ သက်တမ်း (၂၃ )နှစ်တာ ကာ လ အတွင်း ဒီကနေ့အထိ ဆို အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ ၂ ကြိမ် ရှိခဲ့ပါပြီ။ ၁၉၉၀အလွန်က အပစ်ရပ် ငြိမ်း ၁၃ ဖွဲ့နဲ့တကြိမ်။ အခု ၂၀၁၀-၂၀၁၂ တွေထိ လက်ဟောင်း/လက်ကျန် အပစ်ရပ်၊ ခွဲထွက် လက်နက်ချ စတဲ့အဖွဲ့ပေါင်း ၃၀ နီးပါး လောက်နဲ့လည်း ထပ်ပြီး ဆက်ဆွေးနွေး နေရတုန်းပါပဲ။

တကယ်တော့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာဆိုတာမျိုးဟာ ပြည်သူ တွေကို ကိုယ်စားပြု နိုင်တဲ့ အစိုးရတွေ သာလျှင် ဖေါ် ဆောင်နိုင်တဲ့ သေနင်္ဂဗျူဟာတခုပါပဲ။ ပြည်သူ မထောက်ခံတဲ့ အစိုးရ၊ ပြည်တွင်း လူထု ကိုယ်တိုင်လည်း ရှစ်လေးလုံးလို လူထု အုံကြွမှုတွေ ၊၂၀၀၇ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုတွေ ဖြစ်လာတဲ့ အခါမှာတော့ စစ်အုပ်စုက ကျင့်သုံးတဲ့ ပြည်သူ့ စစ်ပွဲ သေနင်္ဂဗျူကြီးဟာ ဘယ်လိုနည်းနဲ့မှ အလုပ် မဖြစ်နိုင်တော့ပါဘူး။ နိုင်ငံရေး ပြဿနာကြောင့် ပေါ်ပေါက်လာရတဲ့ တိုင်းရင်းသား တော်လှန် ပုန်ကန်မှုတွေကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေး သက်သက် အမြင်နဲ့ ပြည်တွင်းက လူထုကို လူထုအားနဲ့ ပြန်ဆန့်ကျင်ခိုင်းလို့ ရနိုင်ပါ့မလား။ စစ်ဗိုလ်ချုပ်ကြီးတွေက ပြည်သူကို ယုံယုံကြည်ကြည် လက်နက် တပ်ဆင် ပေးရဲ ပါ့မလား၊ တွေးတောင် မတွေးဝံ့စရာပါ။

ဒီတော့ ဆန့်ကျင်ဖက်လူထုကို တပ်အင်အားနဲ့ မြို့ရွာတိုင်းမှာ ထာဝရ ထိန်းချုပ်ထားဖို့ အတွက် စစ်အုပ်စုက အဓိကထားပြီး စဉ်းစား ရပါတော့တယ်။ ဒါကြောင့်မို့လည်း နကိုရှိနေတဲ့ တပ်ရင်းတွေထဲက လူ ၃၀ လောက် ဆွဲထုတ်။ ဒီလူအင်အား ၃၀ လောက်ကိုပဲ တပ်ရင်းအမှတ်တခု အသစ်တပ်ပေး။ အဲဒီလူတွေနဲ့ တပ်ရင်းစခန်းသစ်တခု ထပ်တည်ဆောက်ခိုင်း၊ နောက် တဖက်ကလည်း လူအင်အားအသစ်တွေကို အတင်း ဖမ်းဆီးစုဆောင်းပြီး ဒီတပ်သစ်တွေ အသက်ဝင်လာအောင် လုပ်ရပါ တော့တယ်။ ဒါကြောင့် န၀တ-နအဖ ခေတ် တပ်ရင်းတရင်းကို ရှိရင်း လူအင်အား(၃၀၀)လောက်နဲ့ ဖွဲ့စည်းဖို့ ဖြစ်ပေါ်လာ တာပါ။ လက်တွေ့မှာတော့ တပ်ရင်းတခု လူ ၃-၄ ရာ မဆိုထားနဲ့ (၁၅၀ ) လောက် ဖြစ်အောင်တောင် မနည်းကြီး ရှာကြံပြီး စု နေရတဲ့ အဖြစ်ပါ။ ဒီကြားထဲ တပ်ပြေးလို ကိစ္စများကလည်း တမှောင့်ပါ။

အရေအတွက်အင်အား ဖေါင်းပွနေရုံနဲ့ တဖက်ရန်သူကို ခြိမ်းခြောက်လို့ မရပါဘူး။ ပြည်တွင်းက လက်နက်မဲ့ ပြည်တွေကိုသာ အနိုင်ကျင့် ခြောက်လှန့် လို့ပဲ ရပါလိမ့်မယ်။ ဒါကြောင့်မို့ မြန်မာ့ တပ်မတော်ကြီးကို ဖွဲ့စည်း တည်ဆောက်နေတာလား၊၊ ပြည် သူ အပေါ် စိုးမိုးချုပ်ကိုင်နိုင်ဖို့ ပဲလား၊ ဆိုတာ ပြန်တွေး မြင်ကြည့်ကြပါအုန်း၊ တပ်တွေ တိုးချဲ့ခဲ့တဲ့ မြန်မာ့ စစ်အုပ်စုရဲ့စဉ်းစား ချက်တွေနဲ့ တပ်မတော်က အစဉ်အဆက် စွဲကိုင်လာတဲ့ ပြည်သူ့စစ်ပွဲ သေနင်္ဂဗျူဟာတွေ အလုပ်မဖြစ်တာကို လက်ရှိ စစ် ဗိုလ်ချုပ်သစ်တိုင်း ကောင်းကောင်းကြီး နမူနာ ယူသင့်ကြပါပြီ။ တိုက်ပွဲ နိဂုံးချုပ်တွေကြည့်ပြီး ရန်/ငါ ၂ ဖက် ထိခိုက်ကျဆုံးမှု တွေလောက်နဲ့ မဟာဗျူဟာတွေ အောင်မြင်နေတယ်လို့ ယူဆနေသမျှ တိုင်းပြည်နဲ့လူထု စစ်နွံထဲ ဘယ်လောက်နစ်နေ သလဲဆိုတဲ့ အမှန်တရားကို သိမြင်လာနိုင်မှာ မဟုတ်ပါဘူး။

ဒီကနေ့ စစ်ဆင်ရေးပုံစံတွေ၊ စစ်နည်းပညာတွေနဲ့ စစ်ရေးအမြင်တွေက ပြောင်းလဲ နေပါပြီ။ လူလှိုင်း သဏ္ဍန် စစ်ဆင်ရေးမျိုးနဲ့ အင်အားသုံးပြီး စစ်တိုက်ဖို့ကို တရုပ်တို့တောင် မစဉ်းစား ကြတော့ပါဘူး။ အာဖဂန်နဲ့ အီရတ် စစ်ပွဲတွေမှာဆို မောင်းသူမဲ့ လေယာဉ်နဲ့ ခရုစ် ဒုံးကျည်တွေကိုပဲ သုံးခဲ့တာ လူစွမ်းအား ရင်းမြစ် မဆုံးရှုံးစေဖို့ပါ။ မြန်မာပြည်မှာ မနေ့တနေ့က ဖြစ်ပွားတဲ့ ငြိမ်းအဖွဲ့တွေနဲ့စစ်ပွဲမှာ ၂၀၁၁ ခုနှစ် တနှစ်ထဲနဲ့ စစ်သည် သောင်းချီ အဆုံးရှုံးခံပြီး စစ်ဆင်ခဲ့တာဟာ ခေတ်သစ် ဗမာ့ တပ်မတော် စစ်ဗိုလ်ချုပ် ကြီး
တွေရဲ့ တကိုယ်ကောင်းဆန် ရူးမိုက်မှု သက်သက်မျှသာ ဖြစ်ပါတယ်။

တကယ်တော့ ဦးနေ၀င်းရဲ့ မဆလခေတ်မှသည် န၀တ-နအဖတို့ခေတ် တလျောက်လုံး ပြည်သူ့ စစ်ပွဲ သေနင်္ဂဗျူဟာကို စွဲကိုင် ကျင့်သုံး ခဲ့ကြတယ်လို့ပဲ ပြောရမှာပါ။ သေနင်္ဂဗျူဟာ အလွဲတခုကို စုံကိုင်ပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေးနဲ့ ပြည်ပရန်ကို အကြောင်းပြလို့ မြန်မာ့ တပ်မတော်အတွင်း လူအင်အားသစ်တွေ အဓမ္မ စုဆောင်းလိုက်တဲ့ အခါ တကယ်တန်း ဖြစ်လာတာ ကတော့ ပြည်သူတွေကို ဖိနှိပ် အနိုင်ကျင့်ဖို့ တပ်အင်အားကြီး တခုကို တမင်သက်သက် တည်ဆောက်ခဲ့တာပဲ ဖြစ်နေပါ တော့တယ်။


0 comments:

အပေါ်သို့