..............................

Friday, July 20, 2012

မွန်စာပေ သင်ကြားရေး ဒေါ်လာတသန်း အစိုးရထောက်ပံ့မည်ဟုဆို

ကွန်းချမ်း
ကြာသပတေးနေ့၊ ဇူလိုင်လ ၁၉ ရက် ၂၀၁၂

စံခလပူရီ (မဇ္ဈိမ) ။ ။ ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသား စာပေကို သင်ကြားခွင့် ပြုမည် ဖြစ်ပြီး မွန်စာပေ သင်ကြားရေး အတွက် တနှစ်လျှင် ဒေါ်လာတသန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီ မိတ်ဆွေများ ပါတီများမှ ခေါင်းဆောင်များ ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ကျောင်းချိန်အတွင်း သင်ခန်းစာများကို တိုင်းရင်းသား ဘာသာနှင့် တွဲ၍ သင်ကြားပေးရန် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဒု-ဥက္ကဌ ဒေါက်တာနိုင်လှအောင်၏ တင်ပြချက်နှင့် ပတ်သက်ပြီး ပြည်ထောင်စု ဝန်ကြီးက သမ္မတ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖြေကြား လိုက်ခြင်း ဖြစ်သည်ဟု တွေ့ဆုံရာတွင် ပါဝင်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

“မွန်ပြည်သစ်ပါတီက နေပြီးတော့ မွန်ဒေသမှာ တိုင်းရင်းသားဘာသာ စာသင်ကျောင်းတွေ အတွက် တင်ပြထားတာ ရှိတယ်။ အလှူရှင်များ ကလည်း လှူထားတာ ရှိတယ်။ ငြိမ်းချမ်းရေး ဖြစ်မြောက်လို့ရှိရင် အဲဒီလှူထားတာကို ငြိမ်းချမ်းရေး ဒေသတွေမှာ ပြန်အသုံးချမှာ ဖြစ်တယ်။ မွန်စာသင်ကျောင်းတွေ အတွက် တနှစ်ကို ဒေါ်လာတသန်း ပေးမယ်လို့ သူတို့ စီစဉ်ထားတဲ့ အကြောင်းကို ဦးအောင်မင်းက ပြောတာပါ” ဟု မဇ္ဈိမကို ပြောသည်။

AMDP မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဝန်ကြီး၏ ပြောဆိုချက်ကို စဉ်းစား သုံးသပ်ရန် လိုကြောင်းနှင့် နိုင်ငံတော် အစိုးရ အနေနှင့် တိုင်းရင်းသားတိုင်း၏ ပညာရေးဌာနကို ဖွင့်လှစ်ပေးပြီး စာပေ ယဉ်ကျေးမှု ရေရှည် တည်တံ့အောင် တာဝန်ယူရန် လိုကြောင်း ပြောသည်။

“အခုပေးပါတယ် ဆိုတဲ့ ဥစ္စာကလည်း စနစ်တကျ ရေရှည်ပုံစံနဲ့ ပေးတာ မဟုတ်ဘူး။ ဒီနှစ် ရပြီး နောင်နှစ် မရရင် မရဘူး။ ဒါက လတ်တလော တောင်းဆိုမှုကို ဖြေသိမ့်တာများ ဖြစ်နေမလား။ ဒါက ကျနော်တို့ စဉ်းစားစရာ။ နိုင်ငံတော် အစိုးရအနေနဲ့ ရိုးရိုးသားသားနဲ့ ဒီလောက် ပွင့်လင်းလာတယ်၊ ဒီလောက် စေတနာ ထားလာတယ် ဆိုရင်တော့ အများကြီး ဝမ်းသာပါတယ်” ဟု ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

ကျောင်းချိန် ပြင်ပတွင်သာ အတန်းတင် စာမေးပွဲအတွက် အကြုံး မဝင်သည့် မိခင်စာပေ သင်ကြားခြင်းမှာ တိုင်းရင်းသား ကလေးငယ်များ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာစေနိုင်သည်သာမက ရေရှည် အကျိုးဖြစ်ထွန်းမှု နည်းပါးသည့် အတွက် ကျောင်းချိန် တွင်းတွင်သာ စာမေးပွဲစနစ်ဖြင့် သင်ကြား လိုကြောင်း တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များက ပြောသည်။

“ကျောင်းပြင်ပဆိုတာ ကလေး ကစားချိန်၊ မလေးနက်တဲ့အချိန်။ အဲဒီတော့ ကျောင်းပြင်ပချိန်ကို စာသင်ခွင့် ပေးတယ် ဆိုတာ တိုင်းရင်းသားတွေကို လုံးဝ ဂရုမစိုက်တဲ့ သဘောမျိုးလို့ မြင်ပါတယ်။ ဒါက ကောင်းစေချင်တဲ့ သဘောမျိုး မဟုတ်ဘူး။ ဝတ်ကျေ တန်းကျေ လုပ်တဲ့သဘောမျိုး။ ဒါ့ကြောင့် ကျနော်တို့ပါတီက ကျောင်းပြင်ပချိန်ကို လက်မခံတာ” ဟု ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ကျောင်းချိန် အတွင်း ကာယ အချိန်မှာပဲ ဖြစ်ဖြစ် ထည့်သွင်းပြီး သင်ကြားစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ အတန်းတင် စာမေးပွဲမှာ လည်း ဖြေစေချင်တာပေါ့နော်။ အဲဒီတော့မှ ကျမတို့ အတွက်လည်း ပိုပြီးတော့ အဓိပ္ပါယ် ရှိလာမယ်။ ကျမတို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက်ကော အဓိပ္ပါယ် ရှိလာမယ်” ဟု ဆိုသည်။

တိုင်းရင်းသားစာပေကို လွတ်လပ်ရေး အကြိုခေတ်တွင် စိတ်ကြိုက် ဘာသာရပ်အဖြစ် လည်းကောင်း၊ ပါလီမန် ဒီမိုကရေစီခေတ်တွင် မူလတန်း အောက်အဆင့်၌ လည်းကောင်း၊ မဆလ အစိုးရလက်ထက်တွင် ပညာရေး လက်တွေ့ ဖွံ့ဖြိုးရေး အချိန်၌လည်းကောင်း သင်ကြားခွင့် ရခဲ့သော်လည်း အတန်းတင် အစီအစဉ်တွင် ပါဝင်ခြင်း မရှိသည့်အတွက် ထိုက်သင့်သလောက် အကျိုး မရှိခဲ့ကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပြောသည်။

ကျောင်းချိန်ပြင်ပတွင်သာ တိုင်းရင်းဘာသာကို သင်ကြားပေးရန် လျာထားကြောင်းကို ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြအေးကလည်း ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသား ဘာသာ သင်ကြားရေး အစည်းအဝေးတွင် ပြောကြား ခဲ့ဖူးသည်။

မိခင်ဘာသာ သင်ခန်းစာများကို တိုင်းရင်းသားဆရာ/ဆရာမများ၊ တိုင်းရင်းဘာသာ ကျွမ်းကျင် သူများ ဝိုင်းဝန်းစုပေါင်း
ပြုစုရမည် ဖြစ်ပြီး သင်ခန်းစာနှင့် ဆရာ့ လက်စွဲများကို အခြေခံပညာ သင်ရိုးညွှန်းတမ်း၊ သင်ရိုး မာတိကာနှင့် ကျောင်းသုံး စာအုပ် ကော်မတီက ဦးဆောင်၍ တိုင်းရင်သားစာပေနှင့် ယဉ်ကျေးမှုအသင်း (သို့မဟုတ်) တိုင်းရင်းသား စာပေ ပြန့်ပွားရေး အဖွဲ့တို့မှ ပူးပေါင်းရေးဆွဲမည် ဖြစ်ကြောင်း ဒေါက်တာမြအေးက ပြောဆိုသွားသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့