..............................

Wednesday, July 18, 2012

သမ္မတနဲ့ နိုင်ငံရေးဆယ်ပါတီ တွေ့ဆုံမည်

အင်္ဂါ, 17 ဇူလိုင် 2012

ဒီမိုကရေစီ မိတ်ဆွေပါတီများ ဆယ်ပါတီအဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန် တို့ဟာ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံကြဖို့ ရှိနေပါတယ်။

သမ္မတနဲ့ အတိုက်အခံနိုင်ငံရေးပါတီတွေ ပထမဆုံး အကြိမ်တွေ့ဆုံ ကြမယ့် ဒီတွေ့ဆုံမှုမှာ စီးပွားရေး၊ နိုင်ငံရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေကို တင်ပြ သွားမယ်လို့ တွေ့ဆုံမယ့် အထဲမှာ ပါဝင်တဲ့ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပြပါတယ်။

“ဆယ်ပါတီအစည်းအဝေးမှာတော့ မူအားဖြင့်ကတော့ ခေါင်းစဉ်တမျိုးစီ၊ တပါတီ တမျိုးစီ တင်ပြမယ်ပေါ့နော်။ နားလည်မှု ရအောင်ပေါ့။ ကျနော်တို့က ပြီးခဲ့တဲ့ ၈ ရက်နေ့က ဝန်ကြီး ဦးအောင်မင်းရယ်၊ ဦးစိုးသိမ်းရယ်နဲ့တွေ့ တယ်လေ။ တွေ့ပြီးတော့မှ သူတို့က စီစဉ်ပေးတာပါ။ လိုအပ်တာလေးတွေ တင်ပြမှာပေါ့။ အများအားဖြင့် ကတော့ ကျနော်တို့က သမ္မတကြီးပြောတာကို နားထောင်မှာပေါ့ဗျာ။”

ဒီတွေ့ဆုံပွဲကိုတက်ရောက်မယ့် ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီ ကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေ အတွက် အကြံပြု တင်ပြဖို့ စီစဉ်ထားသလို စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ အလုပ်သမား၊ လယ်သမား ပြဿနာတွေကိုလည်း ကဏ္ဍအလိုက် တင်ပြကြမှာဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပါတီ က အထွေထွေ အတွင်းရေးမှူး ဦးမျိုးညွန့်က ပြောပါတယ်။

“ကျနော်တို့တင်ပြမယ့်ဟာက ဆယ်မျိုးလောက် ရှိတာပေါ့လေ။ ဒါပေမဲ့လို့ အရေးကြီးတာလေး ပြောရရင်တော့ စီးပွားရေးနဲ့ ပတ်သက်လာလို့ရှိရင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး များကဖြင့်ရင် ဦးသိန်းစိန်တို့ ဗဟိုအစိုးရ ကဖြင့် အားကျိုး မာန်တက်နဲ့ ဆောင်ရွက်နေတာတော့ ရှိတယ်။ သို့သော် စီးပွားရေးမှာ Monopoly economy က ရှိနေတုန်းပဲ။ အဲဒီလို မိုနိုပိုလီ အီကော်နော်မီက ရှိနေတဲ့ အတွက်ကြောင့် အဲဒါကို ဖယ်ရှားနိုင်ဖို့အတွက် ကျနော်တို့ ဟောဒါ-ဟောဒါတွေတော့ အကြံပြုလိုပါတယ်။ ဒီလို တင်ပြဖို့ အကြောင်းတွေရှိပါတယ်။”

ဒီမိုကရေစီမိတ်ဆွေ ပါတီများ ဆယ်ပါတီအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေဖြစ်ပြီး ဒီအဖွဲ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် ပါတီတော့ မပါဝင်ပါဘူး။

Ref: VOA News

0 comments:

အပေါ်သို့