..............................

Tuesday, July 17, 2012

မထူး - မခြားတဲ့ ပုတ်သင်ညို လွှတ်တော်

မင်းဝဏ်
ဇူလိုင်လ ၁၇ ရက် ၂၀၁၂

ကျင်းပနေဆဲ ပထမအကြိမ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွေက ဆယ်ရက် ခရီးရောက်ရှိလာ ပြီ ဖြစ်ပြီး အဆို တင်ခြင်းနှင့်မေးခွန်းတွေ ၄၀၀ လောက် တန်းစီပြီး ရှိနေတယ်လို့ ကြားသိ ရပါတယ်။ မတ်လက ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေ ဥပဒေကိုပြန်သုံးသပ်ပြီး ဥပဒေတွေ ပြန်လည်ပြင်ဆင် ပြဋ္ဌာန်းဖို့ ရှိတယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း တင်ပြဖို့ရှိတယ် - စတဲ့ ပြည်သူ လူထု တစ်ရပ်လုံး အတွက် အင်မတန် အရေးကြီး တဲ့ ဥပဒေဆွေးနွေးမှုတွေက ဘယ်ဆီနေမှန်း မသိ ဖြစ်နေပြီး အားကစားကွင်း ကိစ္စ၊ လမ်းပြင်ပေးဖို့ ကိစ္စတွေနဲ့ အချိန် အတော်ကုန်နေတာ သတိပြုမိပါတယ်။

ဒီကြားထဲမှာ တနှစ်ကို ရှစ်လလောက် လွှတ်တော် ကျင်းပ သွားနိုင်ဖွယ် ရှိတယ်လို့ သူရ ဦးရွှေမန်းရဲ့ စကား ကြောင့် လွှတ်တော် အမတ်တွေ အနေနဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက လူထုနဲ့ ထိတွေ့ဖို့၊ လူထု အမှန်တကယ် ကြုံတွေ့နေရတဲ့ နေ့စဉ် လူမှုဘဝ ဒုက္ခတွေကို ကူညီဖြေရှင်းဆောင်ရွက်ဖို့တွေ အတွက် အချိန် မရှိတော့ဘဲ လွှတ်တော်အမတ် လစာ သုံးသိန်းယူ၊ လွှတ်တော် တက်တဲ့နေ့တွက် စားရိတ် ယူပြီး အချိန်တွေ ကုန်ရမှာကို စိတ်ပူ လာကြပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့လွှတ်တော်တွေမှာ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အမျိုးသား အကျိုးစီးပွား မူဝါဒတွေ၊ ဥပဒေ တွေကို ဆောင်ရွက်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီ အပြင် ရေးရာကော်မတီ တွေ ၂၃ ခုလောက် ဖွဲ့ထား ပါလျှက်နဲ့ လွှတ်တော် လုပ်ငန်းတွေ မြန်ဆန်ချောမွေ့ရမယ့် အစား စစ်သင်တန်း ကျောင်းမှာ စခန်းသွင်းလေ့ကျင့် သလို လုပ်နေရင်တော့ မြန်မာ့နည်းမြန်မာ့ဟန် လွှတ်တော်တွေဟာ ခုတ်ရာ တခြား ရှရာတလွဲ - ဖြစ်နေတော့မှာကို မြင်ယောင် မိပါတယ်။

ဒီတကြိမ်လွှတ်တော်တွေမှာ လူအများ စိတ်ဝင်စားနေတဲ့ စစ်ဗိုလ် အမတ်တွေက ရွေးချယ် ပေးလိုက်တဲ့ ဒု - သမ္မတ လောင်းကို ပြည်ထောင်စု လွှတ်တော် နာယက-က ထုတ်ပြန်ကြေညာပြီး လွှတ်တော်က အတည်ပြုပေးရမယ့် ကိစ္စ အပြင် ဇူလိုင်လ ၁၃ ရက်က အရေးကြီး အဆိုလို့ခေါင်းစဉ် တပ်ပြီး လွှတ်တော်ကို ကြားဖြတ် တင်သွင်းခဲ့တဲ့ “ ခေတ်မီဖွံ့ဖြိုး တိုးတက်၍ စည်းကမ်းရှိသော ဒီမိုကရေစီနိုင်ငံတော် အဖြစ် ဖေါ်ဆောင်လျှက် ရှိသည့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှု အဟန့်အတားများကို ဆောင်ရွက်နိုင်သူ မည်သူမဆို မည်သည့် နည်းလမ်းမဆို အသုံးပြု၍ ညှိနှိုင်းဆောင်ရွက်ပေးရန် ” ကိစ္စက ပြည်သူ့ လွှတ်တော်ထဲမှာ အုတ်အော် သောင်းနင်း အခြေအနေ ဖြစ်စေခဲ့ပါတယ်။ ဒီကြားဖြတ် အဆိုကို တင်သွင်းသူက ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒ နယ်က ပြည်သူ့ လွှတ်တော်အမတ် နန်းဝါနုဖြစ်ပြီး သူမရဲ့ မိခင်ပါတီ အဖွဲ့အစည်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ဖြစ်ပါတယ်။

စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချက် အမျိုးမျိုး၊ အမြင် ရှုထောင့် အဖုံဖုံနဲ့ အရင်တုန်း ကလည်း ရှိခဲ့ဖူးပေမယ့် အခုတခေါက် ထူးခြားတာက လွှတ်တော်မှာ ကြားဖြတ် အဆိုတင်တာ၊ တင်ပြတဲ့ အမတ်က ရှမ်း ပါတီက တိုင်းရင်းသူ အမျိုးသမီး ကိုယ်စားလှယ်ဖြစ်နေတာ၊ စကားလုံး သုံးတာက အစ - စစ်အုပ်စုရဲ့ တောက် လျှောက် လက်သုံးစကား ခေတ်မီ ဖွံ့ဖြိုး စည်းကမ်းပြည့်ဝ ဆိုတာကို အတိအကျ သုံးထားတာ၊ ကမ္ဘောဒီးယား နိုင်ငံ ဆီရမ်ရိမြို့မှာ ကျင်းပနေတဲ့ အမေရိကန် - အာဆီယံ စီးပွားရေး ဖိုရမ်မှာ သမ္မတ ဦးသိန်းစိန်က မြန်မာပြည်ဆိုင် ရာ မိန့်ခွန်းပြောတဲ့ အချိန်နဲ့ တထပ်တည်းဖြစ်နေတာ၊ အမေရိကန် ကွန်ဂရက်ရဲ့ မြန်မာပြည် ဆိုင်ရာ စီးပွားရေး ဒဏ်ခတ် အရေးယူမှု သက်တမ်း နောက်သုံးနှစ် ထပ်တိုးရေးဆွေးနွေးမယ့် ဇူလိုင်လ ၂၆ ရက် မတိုင်မီ မြန်မာ့ လွှတ်တော်ရဲ့ သဘောထားဆိုပြီး ဆုံးဖြတ်ချက် တခုခု ရယူချင်တာ - တွေဟာ သာမန် တိုက်ဆိုင်မှု မဟုတ် ဘဲ စီမံချက်ချ စံနစ်တကျ လုပ်ဆောင်တယ် ဆိုတာ ထင်ရှားပါတယ်။

- ဒီဇတ်လမ်း၊ ဇတ်ညွှန်းအတိုင်း အသုံးချခံရတဲ့ ပထမ သားကောင် ကတော့ ရှမ်း တိုင်းရင်းသားများ ကိုယ်စားပြု ထားတဲ့ ကျားဖြူ ပါတီက နန်းဝါနုဖြစ်ပြီး သူမကိုယ်တိုင် Sanction နဲ့ ပတ်သက်လို့ ဘယ်လို ယုံကြည် ခံယူထားတယ် ဆိုတာ မသိရပေမဲ့ တင်သွင်းတဲ့ စကားရပ်တွေဟာ စစ်အုပ်စုတောက်လျှောက် ဝါဒဖြန့်ခဲ့တဲ့ အမေရိကန် ရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့် ပြည်သူလူထု ဆင်းရဲမွဲတေ ဒုက္ခရောက်ရတယ် ဆိုတာမျိုးတွေ တွေ့ရလို့ စစ်အုပ်စုရဲ့ ဝါဒမှိုင်း မိနေတဲ့ အမတ်တွေ လွှတ်တော်ထဲမှာ ဘယ်လောက် များနေပြီလဲ တွေးမိပါတယ်။ ရှမ်းပြည် အပါအဝင် တောင်ပေါ်ဒေသနေ တိုင်းရင်းသားပြည်သူ အများ ဆင်းရဲ ဒုက္ခရောက်ရ တာဟာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုကြောင့်လား၊ ပြည်တွင်းစစ်ကြောင့်လား၊ ပြည်တွင်းစစ် တရားခံ စစ်အာဏာရှင် စံနစ်ကလည်း ဘာကြောင့် ဒီတိုင်းပြည်မှာ အမြစ်တွယ်နေရ သလဲ- ဆိုတဲ့ ပြဿနာ ဇစ်မြစ်တွေကို သိသိကြီးနဲ့ ရှမ်းတိုင်းရင်းသူ နန်းဝါနုက လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ ဇတ်တိုက်ပြီး လွှတ်တော်ထဲ ရောက်နေတဲ့ နိုင်ငံ ရေး ပါတီတွေ အားလုံး၊ အထူးသဖြင့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ချောင်ပိတ်ပြီး စီးပွားရေး ပိတ်ဆို့မှု တွေ ရုတ်သိမ်းဖို့ ထောက်ခံလား၊ ကန့်ကွက်လား- အဖြေတောင်းတဲ့ ပုံစံမျိုးကတော့ လွှတ်တော် လုပ်ပိုင်ခွင့် တွေကို အာဏာ အထက်စီး ( Power Over ) လုပ်ရာ ကျပါတယ်။

ဇူလိုင်လ ၁၃ ရက် လွှတ်တော်စည်းဝေး ပြီးပြီးချင်းမှာ သူရ ဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ကို သီး သန့် ခေါ်တွေ့ပြီး မိနစ် ၅၀ လောက် စကားပြောတဲ့ အချိန်မှာလည်း နန်းဝါနုက အတူ ရှိနေခဲ့ပြန်လို့ ဒီကြားဖြတ် အဆို ဟာ နိုင်ငံရေး အရ စီမံချက်ချ လုပ်ကိုင်တဲ့ ဇတ်ညွှန်း တကွက်သာဖြစ်ကြောင်း ပိုထင်ရှားစေပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုကြီးကို စစ်အုပ်စုက အကြမ်းဖက်နှိပ်ကွပ်လို့ ကုလသမဂ္ဂ အထူး ကိုယ်စား လှယ် မစ္စတာ ဂမ်ဘာရီ မြန်မာပြည်ရောက်လာပြီး ဗိုလ်သန်းရွှေနဲ့တွေ့တဲ့ အခါ “ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ထားလို့ ဒါကို သူမကိုယ်တိုင် ရုတ်သိမ်းပေးဖို့ ပြောရင် သူကိုယ်တိုင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေး စကားပြောမယ် ” ဆိုပြီး ကိုယ့်အပြစ်တွေ အကုန် သူတပါးဆီကို လွှဲချ၊ လူထုနဲ့ ရန်တိုက်ပေးတဲ့ လုပ်ရပ်မျိုး လုပ်ခဲ့ပြီးပါပြီ။

ဒီတစ်ခါတော့ လွှတ်တော်နည်းနဲ့ အမေရိကန်ကို မျက်စပစ်တဲ့ နည်းလမ်း အသစ်ကို သုံးကြည့် တာသာ ဖြစ်ပါ တယ်။ သူရ ဦးရွှေမန်း အနေနဲ့ လိပ်ပြာ သန့်တယ် ဆိုရင် ဒီကြားဖြတ် အဆိုကို အရေးကြီး အဆိုအဖြစ် လက်ခံ တင်သွင်းစေတယ် ဆိုပြီး လွှတ်တော် ဥက္ကဋ္ဌရဲ့ ပါဝါ အာဏာနဲ့ ဆွေးနွေး အတည်ပြုချက် ယူပြီးမှ ဒေါ် အောင်ဆန်း စုကြည်ကို သီးသန့်ခေါ်ယူဆွေးနွေးနေစရာ မလိုဘူးလို့ မြင်မိပါတယ်။ မြန်မာ့ လွှတ်တော်တွေကို မောင်ပိုင် စီးထားတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်းများက သူတို့ စစ်အုပ်စု အာဏာ သက်ဆိုးရှည်စေဖို့ အကြောင်း ကိစ္စရပ် မှန်သမျှ တိုင်းရင်းသား အမတ်တွေကို အသုံးချပြီး အရေးကြီး အဆိုအဖြစ် လွှတ်တော်ကို ကြားဖြတ် တင်ခိုင်းတဲ့ ပုတ်သင်ညို လွှတ်တော် ပုံစံမျိုး တွေ ရှေ့လျှောက်တွေ့လာရတော့မှာ မြင်ယောင်နေမိပါတယ်။

မင်းဝဏ်

0 comments:

အပေါ်သို့