..............................

Monday, July 16, 2012

စစ်ဖက်အရပ်ဖက် ဆက်ဆံရေးနဲ့ မြန်မာ့ခေတ်မီ တပ်မတော်

ဟန်လင်း
ဇူလိုင်လ ၁၆ ရက် ၂၀၁၂

တပ်မတော်တွင်းက အဆင့်မြင့် အရာရှိကြီးတွေကို လက်ရှိခေတ်သစ်နိုင်ငံတော် အစိုးရ အဖွဲ့အတွင်း အရပ်ဖက် စစ်ဖက်နှစ်ဖက် ညီမျှပြီး ဒီမိုကရေစီ လူ့ဘောင်နဲ့ အံဝင် ဂွင်ကျဖြစ်လာနိုင်စေမယ့် သင်တန်း တခု အကြောင်းကို ဒီ တပါတ် ခေတ်မီ တပ်မတော် တရပ်ရဲ့ ရှေ့ခရီး အစီအစဉ်ကနေ မိတ်ဆက် တင်ပြပေးသွားမှာပါ။

အမိန့်၊ ထိန်းချုပ်ကွပ်ကဲမှု၊ ဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး ကဏ္ဍတွေကို ယေဘူယျ အားဖြင် အင်္ဂလိပ်လို( C 3 I ) လို့ အတိုကောက်ခေါ်ပါတယ်။ ဒီအချက်တွေကို တပ်မတော် အဆင်မြင့် အရာရှိတိုင်း သင်ကြားရပြီး လိုက်နာ ကျင့်သုံးလေ့ ရှိပါတယ်။ ဒီကနေ့မှာတော့ သမရိုးကျ စစ်ပွဲ၊ ပြောက်ကျား စစ်ပွဲများမှ ဘက်စုံစစ်ပွဲ (Multi-dimensional Warfare) ဗျူဟာတွေ အထိ စစ်သေနင်္ဂ ဗျူဟာများ တိုးတက် လာခဲ့သလို C 3 I အစား C 5 I S R အဖြစ် ကွန်ပြူတာ၊ တိုက်ပွဲဝင်စနစ်၊ ကြိုတင်စောင့်ကြပ်ခြင်း၊ ဝေဟင်ထောက်လှမ်းမှု၊ တို့ကိုပါ ထပ်မံ တိုးချဲ့ ကျင့် သုံး ကြရပြန်ပါတယ်။

ဒီလိုအဖက်ဖက်က ခေတ်မီလာတဲ့ စစ်ရေးကဏ္ဍမှာ သာမန် စစ်သေနင်္ဂ ဗျူဟာများ သာမက နောင် တိုင်းပြည် အုပ်ချုပ်ရေး ကဏ္ဍအတွက် စစ်ဖက် အရပ်ဖက် ဆက်ဆံရေး ကိစ္စများအတွက် သင်တန်းများ ကလည်း မရှိမဖြစ် ပါပဲ။ မြင်သာပြီးအောင်မြင် ထင်ရှားလှတဲ့ သင်တန်း တခုကတော့ အမေရိကန်က IMET လို့ခေါ်တဲ့ နိုင်ငံတကာ စစ် ပညာပေးနဲ့ လေ့ကျင့် သင်တန်းကျောင်း(သို့) စစ်ဖက်အရပ်ဖက် ဆက်ဆံရေး သင်တန်းပါ။

အဲဒီသင်တန်းကနေပြီး လစ်ဘရယ်ဒီမိုကရက်တစ် အစဉ်အလာတွေကို ရင်းနှီး ကျင့်သုံးစေဖို့ စစ်ဘက်က အရာ ရှိကြီးများ အတွက် စီမံခန့်ခွဲမှု၊ တရားစီရင်ရေး၊ ကိုယ်ကျင့် သိက္ခာနဲ့ လူ့အခွင့်အရေး စတဲ့ ကိစ္စ အ၀၀ကို သင်ကြား ပေးပါတယ်၊ အမေရိကန်တွင် သာမက ကမ္ဘာ အရပ်ရပ် နိုင်ငံများရဲ့ စစ်တပ်ခေါင်းဆောင် အတော်များများလည်း တက်ရောက် သင်ကြားလေ့ရှိပြီး စစ်ခေါင်းဆောင်တွေကို အရပ်ဖက် ဒီမိုကရေစီ ကျင့်စဉ်များနဲ့ ဆက်စပ်ပေးကာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ နည်းပါးလာစေဖို့ ရည်ရွယ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးပေါ်လစီအရ ဒီသင်တန်းတွေဟာ ၁၉၇၆ ခုနှစ်က စတင် သန္ဓေ တည်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အောင်မြင်စွာ အသက်ဝင် လှုပ်ရှား လာနိုင်ခဲ့တာပါ။ ၂၀၀၅ ခုနှစ်အတွင်း အမေရိကန်က နိုင်ငံပေါင်း ၁၅၀ သို့ ပေး တဲ့ ပြည်ပ စစ်ဖက် အကူညီငွေဟာ ဒေါ်လာသန်း (၂၂၀၂.၂) သန်း ရှိပါတယ်။ ဒီထဲမှာ IMET အရပေးခဲ့တာ ဒေါ်လာ(၈၉) သန်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၄၀)ကျော်က သင်တန်းသားပေါင်း တစ်သိန်း တစ်သောင်း ကျော်လောက်ကို လေ့ကျင့်ပေးခဲ့ပြီး ၁၉၈၅ ခုနှစ်က စပြီး လေ့ကျင့်ပေးခဲ့တဲ့ ပြည်ပ အဆင့်မြင့်စစ်ခေါင်းဆောင် သင် တန်းသား (၄၇၁) ဦး အနက် ၂၅ ယောက်ဟာ တိုင်းပြည်ခေါင်းဆောင်တွေ ကာကွယ်ရေး ၀န်ကြီး၊ သံတမန် ကြီးနဲ့ ကုလသမဂ္ဂ ထိပ် တန်း တာဝန်ခံတွေဖြစ်လို့ နေကြပါပြီ။

၁၉၈၈ ခုနှစ်တုံးက ကျနော်တို့ အိမ်နီးချင်း ဘင်္ဂလားဒေ့မှာ IMET သင်တန်းတွေပေးဖို့ အမေရိကန်ဒေါ်လာ ၃ သိန်း သုံးစွဲခဲ့ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ စစ်ဖက် အရပ်ဖက် ဖွံ့ဖြိုး တိုးတက်ရေး သင်တန်းတွေကိုလည်း အမေရိ ကန် IMET ရန်ပုံငွေ ထဲကထောက်ပံ့ ခဲ့သလို ၂၀၀၆ခုနှစ် ထိုင်းမှာ စစ်တပ်က အာဏာသိမ်းတော့ အမေရိကန်တို့ ပေးထားတဲ့ များစွာသော စစ်ရေး အထောက်ကူပြု သင်တန်း ရန်ပုံငွေတွေ ဖြတ် တောက်ပြစ်မယ်လို့ ဆိုပြီး ထိုင်း စစ်အာသိမ်းမှုကို ဟန့်တားပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

အလားတူ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံများက စစ်တပ် အာဏာသိမ်းမှု လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ပေါ် လာတိုင်း IMET ကပေးထားတဲ့ သင်တန်း အကူညီငွေများ ပြန်ရုပ်သိမ်းလေ့ ရှိပါတယ်။

အယ်ဘေးနီးယား ကြည်းတပ် စစ်ဦးစီးချုပ် ကိုယ်တိုင် ဒီလို သင်တန်းမျိုးကို တက်ရောက် ခဲ့ပြီးနောက် ဒီလို သင်တန်းတွေကို သူ့နိုင်ငံ တွင်းမှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့လို့ အယ်ဘေးနီးယား စစ်ခေါင်းဆောင်တွေရဲ့ စစ်အရည် အသွေး မြင့်တက် လာခဲ့သလို အရပ်ဖက်နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုကို လက်ခံနိုင်စွမ်း ပိုမြင့်မား လာခဲ့ကြောင်း အရပ်ဖက် စစ်ဖက် ဆက်ဆံရေး ပိုမိုပြေပြစ်ပြီး တိုင်းပြည် ဖွံ့ဖြိုးခဲ့တဲ့ အကြောင်း နမူနာ အဖြစ် လေ့ လာ တွေ့ရှိရပါတယ်။

အရင်တုံးက လက်တင် အမေရိက နိုင်ငံတွေမှာ အရပ်သား အစိုးရတွေက စီးပွားရေးဖေါ်ဆောင် ကြရာမှာ မ အောင် မမြင်ဖြစ် တိုင်းပြည် မငြိမ်မသက်ဖြစ်တဲ့ အချိန် စစ်တပ်ကိုခေါ် အာဏာသိမ်းခိုင်းလေ့ ရှိပြီး ဒီကနေ့လို စီး ပွားရေး ဖွံ့ဖြိုး တိုးတက်လာချိန် လူ့ အခွင့်အရေးတွေမြင့်မား လာချိန်မှာတော့ နိုင်ငံရေး နယ်ပါယ်ထဲ စစ်တပ်ရဲ့ ပါ ၀င်ပတ်သက်မှုကို ပြန်လည် စမ်းစစ်နေကြပါပြီ။
အစဉ်အဆက် စစ်တပ်သာလျှင် အခရာလို့ ယုံမှတ်ခဲ့တဲ့ ကျနော်တို့မြန်မာ့တပ်မတော် ဗိုလ်ချုပ်များလည်း စစ် တပ်က တိုင်းပြည်ကို စီမံခန့်ခွဲခဲ့ကြတဲ့ သမိုင်း သင်ခန်းစာတွေကို ပြန်ပြီး သုံးသပ်ကြည့်ချိန် တန်ပါပြီ။

ဂျပန်တို့ရဲ့ စစ်ရေးစွမ်းရည် အင်္ဂလိပ် စစ်တပ်ရဲ့ အုပ်ချုပ်မှုနဲ့ စည်းကမ်းများ အရ မြန်မာ့ တပ်မတော်ကြီးကို ပေါင်း စပ် တည်ဆောက် ခဲ့ကြသလို လွတ်လပ်ရေး ရပြီးနောက် ကာလ တချို့အထိလည်း အင်္ဂလိပ်တို့ရဲ့ လေ့ကျင့်ပေးမှု တွေနဲ့ မကင်းခဲ့ကြပါဘူး။ သာမန် စစ်သားလေ့ကျင့်ရေး မှသည် တပ်စု၊ တပ်ခွဲ၊ တပ်ရင်း အဆင့် လေ့ကျင့်ရေးများ သာမက ဗျူဟာမှုး အဆင့်သို့ ရောက်ရှိလာသူတိုင်း အတွက် နောင် တပ်မတော်ရဲ့ အရေးကြီး တာဝန်တွေ ထမ်း ဆောင်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ စစ် အကယ်ဒမီကျောင်း တခုကို ၁၉၅၄ ခုနှစ် အတွင်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါ တယ်။ နောင်မှာ ဒီ စစ်အကယ်ဒမီကျောင်းကိုပဲ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ နှစ် စဉ် တပ်ရင်းမှူး အထက် ဗျူဟာ အဆင့်ရှိ ဗိုလ်မှူးကြီး ၃၀ မှ ၅၀ ဦးတက်ရောက် သင်ကြား ရပါတယ်။ ဒီနိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် အမှတ်စဉ် (၁) ကျောင်းဆင်းတဲ့ အသုတ်ထဲက လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ဦးသူရရွှေမန်း၊ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးကမှ ဒုတိယ သမ္မတ ဟောင်းဖြစ်သွားခဲ့သူ သီဟသူရ ဦးတင် အောင်မြင့်ဦး တို့ဟာ ဒီကနေ့ မြန်မာ့နိုင်ငံမှာ အုပ်ချုပ်ရေးပိုင်းက ရောက်ရှိလာတဲ့သူတွေ ဖြစ်နေကြပါတယ်။

အစောပိုင်းမှာ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကို တက်ရောက်ခွင့် ရတဲ့ သူတွေတိုင်း တိုင်းမှူး တပ်မမှူး များ အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ခွင့် ရခဲ့ကြပေမယ့် နောင်မှာ သင်တန်းသား (၁၃၀)လောက် အထိ တိုးပြီး ခေါ်ယူ ခဲ့တာမို့ ဗိုလ်ချုပ် အဆင့်ပိုင်းဖေါင်းပွမှုဖြစ်ကာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ဆင်းတိုင်း တိုင်းမှူး တပ်မမှူးဖြစ်ခွင့် သိပ်မရကြတော့ဘဲ အရပ်ဖက် ညွှန်ချုပ်များ အဖြစ်သာ သင့်သလို နေရာချထားခြင်းကို ပေးခြင်း ခံရပါတော့တယ်။

ဒါကြောင့်မို့ လက်ရှိနိုင်ငံတော် ဌာနဆိုင်ရာ ယန္တရား တိုင်းမှာ စစ်တပ်က လာသူတွေနဲ့ ပြည့်နေသလို လွှတ်တော် နဲ့ အစိုးရ အဖွဲ့ထဲမှာလည်း ၊ စစ်ဘောင်းဘီဝတ်နဲ့ အရပ်သားဝတ် စစ်ဗိုလ်ချုပ်တွေသာ အများစုပါ။ ဒီအကျိုး သက်ရောက်မှုဟာ လွန်ခဲ့တဲ့ အနှစ် (၂၀)ကျော် အတွင်း သိပ်မမြင်သာပေမယ့် ဒီကနေ့လို ဖွဲ့စည်းပုံနဲ့ အညီ ရွေး ကောက်ခံ အရပ်သား ဒီမိုကရေစီ စနစ် တိုင်းပြည် တခုကို ထူထောင်ကြတဲ့ အခါမှာတော့ သမ္မတကြီး ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌကြီး ဦးရွှေမန်းတို့က ရှေ့က အသွင်ပြောင်းရေး ကြိုးပမ်းနေသလောက် နောက်ဆွယ်က စစ် ဖက်၊ အရပ်ဖက်နဲ့ အစိုးရ လွှတ်တော်တွင်းရှိ စစ်ဗိုလ်ချုပ်တွေက ထင်ရာ စိုင်းနေကြဆဲမို့ ဘက်ပေါင်းစုံမှာ အခက် အခဲ တွေဖြစ်ပေါ်လို့ လာနေရသလားလို့ တွေးစရာတွေ ဖြစ်လာပါတယ်။

အပစ်ရပ်တယ် လို့ဆိုတဲ့ ကချင်ပြည်နယ်အတွင်း သမ္မတနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ကော်မရှင်က စီစဉ်သလို စေ့စပ်ဆွေးနွေး ကြသလို မဖြစ် မြန်မာ စစ်တပ်ဖက်ကနေ ၁၂၀ မမ လက်နက်ကြီးကျည်တွေ နေ့စဉ်ရာနဲ့ချီ ပစ် ခတ်လို့သာ နေကြပါတယ်။ ပြီးတော့လည်း မငြိမ်မသက်ဖြစ် ဆူပူနေတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေး မှာလည်း လုံခြုံရေး ထိန်းသိမ်း သူတွေဟာ နည်းပါးတဲ့ စစ်သည် အင်အားနဲ့ လေ့ကျင့်ရေး ကျည်ဆံတွေကို သုံးပြီး ပစ် ခတ် ထိန်းသိမ်း တာတောင် တည့်တည့် မပစ်ဝံ့တဲ့ အနေအထားရောက်လို့ နေပြန်ပါတယ်။

လက်ရှိအစိုးရသစ်သက်တမ်း တနှစ်လွန်ကာလ အထိ အရပ်ဖက်စစ်ဖက် ဆက်ဆံရေး အာဏာ ထိန်းညှိ ယူကြ ရာမှာ လူများပေမဲ့ ပွဲက မစည် ဆိုသလို စစ်ဖက်နဲ့ အရပ်ဖက်ကြား အာဏာ ခွဲဝေရေးကို မနည်းကြီး အဆင်ပြေ အောင် လုပ်နေရတဲ့ အနေအထားမှာ ပဲ ရှိနေသေးတာ ပြည်သူတိုင်း အသိပါ။ လက်ရှိအနေအထား ကနေပြီး နောက်ကြောင်း မပြန်လှည့်ဖို့ ဆိုတာကလည်း သိပ်မရေရာလှသေးသလိုပါပဲ။

အထက်မှာပြောခဲ့သလို မြန်မာ့ တပ်မတော်ရဲ့ အဆင့်မြင့် စစ်ဖက် အရာရှိကြီးများ ဗိုလ်မှူးကြီးနဲ့ ဗိုလ်ချုပ်များကို လေ့ကျင့် သင်ကြားပေးခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် သင်ခန်းစာတွေ ထဲမှာ နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ဖို့ အခြေခံ တရပ်ဖြစ်တဲ့ အရပ်ဖက်စစ်ဖက် ဆက်ဆံရေး သင်ခန်းစာတွေ ပြီးပြည့်စုံစွာ ပါရှိဟန် မတူပါဘူး။ ဒီလို မြန်မာ့ တပ်မတော် အရာရှိကြီးများ အတွက် အရပ်ဖက် စစ်ဖက် ဆက်ဆံရေးကို အလေးထားတဲ့ သင်တန်း ကောင်းတွေ မရှိဘဲနဲ့တော့ မြန်မာ့ ဒီမိုကရေစီရေး ရှေ့တဆင့် တက်မလှမ်းနိုင်သလို နောက်ကြောင်း မပြန်ရေး ဆိုတဲ့ အာမခံချက်တွေလည်း ရှိနိုင်ဦးမှာ မဟုတ်သေးတဲ့ အကြောင်း မျှဝေ လိုက်ရပါတယ်။

ဟန်လင်း


0 comments:

အပေါ်သို့