..............................

Friday, March 2, 2012

ကန့်သတ်နှောက်ယှက်မှုများ ရှိနေသေးကြောင်း NLD ပြော

ဖနိဒါ
ကြာသပတေးနေ့၊ မတ်လ ၀၁ ရက် ၂၀၁၂

ချင်းမိုင်(မဇ္စျိမ) ။ ။ စည်းရုံးရေး နှင့် မဲဆွယ်ရေး လုပ်ငန်းများတွင် ကန့်သတ်မှုများနှင့် နှောင့်ယှက်မှုများ ရှိနေသေး သဖြင့် ကြားဖြတ် ရွေးကောက်ပွဲ၏ တရားမျှတမှုစွာ ယှဉ်ပြိုင်မှုကို ထိခိုက်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ပါတီ၏ ပြောကြား လိုက်သည်။

မတ်လ ၆ ရက်နေ့၌ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ရှိ ဒက္ခိဏသီရိ၊ ဥတ္တရသီရိ၊ ဇဗ္ဗူသီရိ၊ ပုဗ္ဗသီရိ မြို့နယ်တို့တွင် စည်းရုံး ဟောပြောရန် စီစဉ်ထားရာ နှစ်နေရာ အတွက် ခွင့်ပြုချက် မရသေးဘဲ ကန့်ကွန့်မှုများနှင့် ကြုံနေရသည်ဟု NLD ဗဟိုအောင်နိုင်ရေး အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောသည်။

“ဒီနေ့ပဲ အဖွဲ့ဝင်တွေထဲက အကြောင်းကြားလာတယ်။ လေးမြို့နယ်မှာ နှစ်မြို့နယ်က ခွင့်ပြုချက် မရဘူး။ ထပ်တင် ထားတယ်။ ကျနော်တို့ ဒီအတွက် စိုးရိမ်တယ်။ ကျနော်တို့ဘက်က မျှတတဲ့ ယှဉ်ပြိုင်မှုကိုဘဲ ကျနော်တို့ လိုလား တယ်”ဟု ဦးဥာဏ်ဝင်းက ပြောသည်။

NLD ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် အဆိုတော် (ဦး)ဇေယျာသော် ဝင်ရောက်ယှဉ်ပြိုင်မည့် ပုဗ္ဗသီရိမြို့နယ် နှင့် ဒေါ်စန္ဒာမင်း ဝင်ပြိုင်မည့် ဇဗ္ဗူသီရီ မြို့နယ်တို့တွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီစည်းရုံးရေး ဟောပြောလိုသော် လည်း ဟောပြောရန် နေရာများ ယခုထိ မရနိုင်သေးခြင်း ဖြစ်သည်။

ပုဗ္ဗသီရိမြို့နယ်မှ လယ်ကွက်တခုတွင် ဟောပြောရန် ပြင်ဆင်ထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးက ကန့်ကွက် ထားကြောင်း ခရိုင် ကော်မရှင်မှ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က ထပ်မံ အကြောင်းကြားလာသည်ဟု ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ပြောသည်။

“ခွင့်မပြုဘူးဆိုတဲ့သဘော သက်ရောက်နေတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက စာအရ အဲဒီနေရာက သာသနိကပိုင် ကျောင်းနဲ့ နီးတဲ့ အချက်တချက်၊ စာသင်ကျောင်းနဲ့ နီးတယ်လို့ ပြောထားတယ်”ဟု ပြောသည်။

ယင်းကိစ္စကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အထိ ဆက်လက် တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ကြိုတင်အကြောင်းမကြားဘဲ ပါတီစည်းရုံးရေးဆင်းသည်ဟု ဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြား လာသည်ဟုလည်း ဦးဇေယျာသော်က ဆိုသည်။

နိုင်ငံပိုင် သတင်းစာများတွင် ‘ငါးမင်းဆွေ’ ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားသော ဦးမင်းဆွေ က ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု နှင့်ပတ်သက်၍ မိမိအမှားကို ဝန်ခံရမည်ဟု ရေးသား ထားသော စာများကို ရန်ကုန်တိုင်း သုံးခွမြို့နယ်တွင် ဖြန့်ဝေခဲ့သဖြင့် NLD က ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ ရဲစခန်းများက အရေးယူ ပေးပါရန် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က အကြောင်းထားသည်ဟုလည်း ဦးဉာဏ်ဝင်းက ပြောသည်။

ဖေဖေါ်ဝါရီလ အတွင်းက နေပြည်တော်တွင် NLD ပါတီ၏ ဆိုင်းဘုတ်နှစ်ခုအား ဖျက်ဆီး ခံခဲ့ရခြင်း ကိုလည်း ကော်မရှင်နှင့် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြား ထားသည့်တိုင် ယခုထိ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီစည်းရုံးရေးများ ဆက်လက် ပြုလုပ်လျက်ရှိရာ ကြာသပတေးနေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း ကလော၊ အောင်ပန်း၊ ဟဲဟိုးမြို့များသို့ နေ့ချင်းပြန် သွားရောက်စည်းရုံး ဟောပြောခဲ့ရာ လူထုပရိသတ် ထောင်ပေါင်းများစွာ တက်ရောက် ခဲ့ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့