..............................

Wednesday, February 29, 2012

၈၈ အဖွဲ့ကို မန္တလေးဈေးချို သောင်းသောင်းဖြဖြ ကြို

ရန်ပိုင်
February 27, 2012

မန္တလေးမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်ရှိ ဈေးသူဈေးသား များက သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း သတင်းရသည်။

ခွပ်ဒေါင်းအလံကို ကိုင်ဆောင်၍ ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့အား ဈေး အကျိုးဆောင် အဖွဲ့၏ မေတ္တာ ရပ်ခံချက်အရ ဈေးသူ ဈေးသားများကို ကိုမင်းကိုနိုင်က စကားပြောဆိုကြောင်း ဒေသခံ တဦးက ပြောပြသည်။

မြန်မာ လူ့ အဖွဲ့အစည်းအတွင်း အပြောင်းအလဲကာလတခုတွင် တဖက်နှင့်တဖက် ပွင့်ပွင့်လင်းလင်း ဖြစ်သင့်ပြီ ဖြစ်ကြောင်း၊ လက်ရှိ ပကတိ အခြေအနေ အတိုင်း အသိအမှတ်ပြုရန် လိုကြောင်း၊ သို့မှသာလျှင် တဦးနှင့် တဦး ယုံကြည်မှု ခိုင်မာမည့် အကြောင်း ကိုမင်းကိုနိုင် က ပြောဆိုသည်။

“ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ချိန်တန်ပြီ၊ တဖက်နဲ့ တဖက်လည်း အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြ ဆိုကြရမယ်”ဟု ကိုမင်းကိုနိုင်က ဆိုသည်။

ထို့အပြင် မန္တလေးမြို့ ဈေးချိုသည် ခေတ်အဆက်ဆက် အမှန်တရားဘက်က ရပ်တည်ခဲ့ကြောင်း၊ အထူးသဖြင့် နိုင်ငံရေး လှုပ်ရှားမှု၊ ကျောင်းသား လှုပ်ရှားမှုများကို ပံ့ပိုး ကူညီခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ကူညီ စောင့်ရှောက်ခဲ့သည့် အတွက် ကျေးဇူး တင်ကြောင်းလည်း ကိုမင်းကိုနိုင်က ထည့်သွင်း ပြောသည်။

ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်အတွင်းရှိ ရွှေဆိုင်တန်းမှ လက်ဆောင်ပစ္စည်းများ ပေးအပ်သည့် အပြင် ပရိသတ် များကလည်း ကိုမင်းကိုနိုင် ကျန်းမာပါစေ ဆိုသည့် ကြွေးကြော် သံများကို ကြွေးကြော်ကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီကလည်း“ဘယ်မြို့ရောက်ရောက် ပရိသတ်ကတော့ ၈၈ မျိုးဆက် ကျောင်းသား ဆိုရင် အားပေးတယ်၊ ဒါပေမယ့်လည်း တချို့နေရာတွေမှာ အကြောက် တရားတွေ ရှိသေးတယ်”ဟု ပြောဆိုသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ မနီလာသိန်းတို့ ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့သည် မြန်မာ လူ့ အဖွဲ့အစည်းအား ပွင့်လင်း လူ့အဖွဲ့အစည်း တရပ် ဖြစ်ထွန်းပြီး အကြောက်တရား ကင်းဝေးစေရန် အတွက် ယခုကဲ့သို့ သွားရောက်၍ ဟောပြော လှုံ့ဆော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နံနက်ပိုင်းကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များသည် မန္တလေးမြို့ ၀ါဆို ကျောင်းတိုက်၌ ပြုလုပ် သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်း ခံခဲ့ရသော သံဃာ တပါးဖြစ်သည့် အရှင်ကေလာသ ၏ သိက္ခာထပ်ပွဲ သို့ သွားရောက်ခဲ့သေးသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်း ခံခဲ့ရသည့် ဒေသခံ ပြည်သူများ၏ ဖိတ်ကြားချက် အရ ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက် ခဲ့ပြီးနောက် ယမန်နေ့က မန္တလေးမြို့သို့ ရောက်ရှိ လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်များကလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မကွေးတိုင်း သရက်မြို့စသည့် ဒေသများသို့ သွားရောက်၍ လူထုကို ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ မကြာမီ ပဲခူးတိုင်း အရှေ့ခြမ်း ဒေသများသို့လည်း သွားရောက် မည်ဟု သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့