..............................

Monday, February 27, 2012

နယ်စပ်ဒေသ ငြိမ်းချမ်းရေး အလေးအနက်ထားရန် တရုတ် ပြော

February 24, 2012

မြန်မာ-တရုတ် နှစ်နိုင်ငံ ရေရှည် အကျိုးစီးပွားကို ထိမ်းသိမ်း ကာကွယ်ရေး အတွက် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး တို့ကို အလေးအနက်ထား လုပ်ဆောင်ရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ပြောဆိုလိုက်ကြောင်း သိရှိရသည်။

၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၂ နေ့က ရောက်ရှိနေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒု ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်နိုင်ငံ ပေါလစ်ဗျူရို အကြီးတန်း အဖွဲ့ဝင် တဦးဖြစ်သည့် Jia Qinglin တို့ တွေ့ဆုံစဉ် ထိုသို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး အဖြေရှာတဲ့နေရာမှာ ငြိမ်းချမ်းတဲ့ နည်းလမ်းကို မြန်မာအနေနဲ့ ရှာဖွေ နိုင်မယ်လို့ တရုတ်နိုင်ငံ အနေနဲ့ ယုံကြည်စွာ မျှော်လင့်တယ်။ ဒါဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသရဲ့ ရေရှည် တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကာအကွယ် ပေးနိုင်လိမ့်မယ်” ဟု Jia Qinglin က ပြောကြောင်း တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြသည်။

မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ယမန်နှစ် ဇွန်လမှစတင်၍ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထောင်နှင့်ချီသည့် ဒုက္ခသည်များ တရုတ်-မြန်မာနယ်စပ် တလျှောက်သို့ ထွက်ပြေး ခဲ့ရသည်။

KIA ထိန်းချုပ်ရာ လိုင်ဇာဒေသ တ၀ိုက်ရှိ ဒုက္ခသည်စခန်းများ၌ စစ်ပြေး ဒုက္ခသည် ၃ သောင်းကျော်နှင့် မန်စီ၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ မိုင်ဂျာယန် စသည်တို့တွင်လည်း ဒုက္ခသည်များ ရှိပြီး စုစုပေါင်း ၅ သောင်းဝန်းကျင် ရှိကြောင်း ဒုက္ခသည် ကူညီ ကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

သူရဦးရွှေမန်းနှင့် အဖွဲ့သည် တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Wu Bangguo ၏ ဖိတ်ကြားမှုဖြင့် သွားရောက်ခြင်း ဖြစ်သည်။

သူရဦးရွှေမန်း၏ တရုတ်ခရီးစဉ်သည် စစ်အစိုးရလက်ထက် ခရီးစဉ်များနှင့်ပါဆိုလျှင် ၇ ကြိမ်မြောက် ဖြစ်ကြောင်း တရုတ် သံရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

“မိမိတို့ နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို တိုးမြင့်စေရေး အတွက် ရည်ရွယ်ပါတယ်” ဟု တရုတ်ပြည်သို့ မထွက်ခွာမီ သတင်းထောက်များကို သူရ ဦးရွှေမန်းက ပြောခဲ့ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့