..............................

Tuesday, February 28, 2012

ဖွဲ့စည်းပုံခြေခံဥပဒေကို ပြင်ရမည်ဟု RNDP ပြော

February 27, 2012

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လျှင် ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်ရေး အလှမ်းဝေးနေ ဦးမည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင်တွင် ယမန်နေ့က ကျင်းပသော “ရခိုင်သယံဇာတ ရွှေသဘာဝ ဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ် တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး အဖွဲ့၏ စာတမ်းဖတ်ပွဲ” တွင် RNDP အထွေထွေ အတွင်းရေးမှူး ဦးလှစောက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လိုအပ်ချက်အရ ပြုပြင်ရမည်ဖြစ်ကြောင်း၊ ဥပဒေပြင်ဆင်ခြင်းသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု တခုအဖြစ် RNDP က ခံယူကြောင်း၊ တိုင်းရင်းသားများအားလုံး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရေးနှင့် ဒေသထွက် သယံ ဇာတများကို ဒေသ ဖွံ့ဖြိုး တိုးတက်ရေးတွင် အသုံးပြုခွင့်ရှိရေး အပါအ၀င် တန်းတူ အခွင့်အရေးများ ရရှိစေရေး အတွက် အခြေခံ ဥပဒေကို ပြင်ဆင် သွားရမည်ဖြစ်ကြောင်း ဦးလှစောက ပြောသည်။

ဦးလှစောက “ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ဘူး။ ဒါပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ရခိုင် ပြည်သူတွေက ကျနော်တို့ကို မဲပေးခဲ့တယ်။ တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အသိအမှတ် ပြုရမယ်၊ ပြဋ္ဌာန်းပေးရမယ်။ ဒီနေရာမှာ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာ ပြည်ထောင်စုထဲက သီးခြား ခွဲထွက်ပြီးတော့ ရခိုင်သမ္မတနိုင်ငံ၊ ရှမ်း သမ္မတနိုင်ငံ ထူထောင်ဖို့ ပြောတာ မဟုတ်ဘူး။ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်တဲ့၊ စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ပြည်ထောင်စု သစ်ကြီးကို မျှော်မှန်းပါတယ်” ဟု ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးသည် NLD ၏ မူဝါဒ တခုဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းအစိုးရ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားများ ဘဝသည် နိမ့်ကျလျက်ရှိကြောင်း လွတ်လပ်ရေး အရစောသော်လည်း အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့် ယခုကဲ့သို့ နိုင်ငံ ဆင်းရဲ နေရခြင်းဖြစ်ကြောင်း ထုတ်ဖော်ဝေဖန်လိုက်သည်။

“လွတ်လပ်ရေးရရင် ပိုပြီးချမ်းသာလာရမယ်၊ ပိုပြီး တိုးတက်လာရမယ်၊ ပိုပြီးအောင်မြင်လာရမယ်၊ ဒါလေးတွေက အင်မတန် သုံးသပ် စရာလေးတွေ ဖြစ်ပါတယ်။ လွတ်လပ်ရေးအပြစ် မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့သူ စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ပဲ ကျနော် ခံယူပါတယ်။ အခုဟာက ကောင်းမွန်တဲ့ စနစ်တခုကို Democratization သွားနေပါပြီ။ ဒီ Democratization ကို ကျနော်တို့တွေက မှန်ကန်တဲ့ လမ်းကြောင်းကို ရောက်ရှိအောင် အားလုံးက ၀ိုင်းဝန်းပြီးတော့ တွန်းအားပေး ဆောင်ရွက်ဖို့လိုနေ ပါပြီ” ဟု ဦးဇော်အေးမောင်က ပြောသည်။

RNDP မှ ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ရခိုင်ပြည်နယ်သည် သဘာဝသယံ ဇာတများစွာ ပိုင်ဆိုင် ထားသော်လည်း မြန်မာ နိုင်ငံတွင် ချင်းပြည်နယ် ပြီးလျှင် ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တခုဖြစ်နေကြောင်း၊ ရခိုင်ကမ်းလွန်မှ ထွက်ရှိသော ရေနံနှင့် သဘာဝ ဓာတ်ငွေ့မှ နှစ်စဉ် အမေရိကန် ဒေါ်လာ ဘီလီယံချီ ၀င်ငွေ ရရှိသော်လည်း ပြည်နယ်ဖွံ့ဖြိုးရေး မဆောင်ရွက်ပေးကြောင်း၊ အထူးသဖြင့် လျှပ်စစ်မီး ရရှိရေးအတွက် လွှတ်တော်တွင် အဆိုများတင်သွင်း ခဲ့သော်လည်း အစိုးရ ၀န်ကြီးများက ပြည်နယ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းများ ပြီးမှသာ မီးရရှိရေး ဖြစ်နိုင်မည်ဟု ပြောဆိုကြောင်း၊ ရေအားလျှပ်စစ် စီမံကိန်းများသည် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စစ်တမ်းများ ပြုလုပ်ရသည့်အပြင် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နိုင်သည့် အတွက် ယင်းစီမံကိန်းများကို အယုံအကြည် မရှိကြောင်း ပြောဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်တခုလုံး မီးလင်းနိုင်ရေးအတွက် ရွှေသဘာဝဓာတ်ငွေ့သုံး ၁၅၃.၃ မီဂါဝပ် လျှပ်စစ် ဓာတ်အား ထုတ်လုပ် နိုင်သော ကျောက်ဖြူ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် တောင်းဆိုကြောင်း၊ ယင်းစက်ရုံအတွက် ကုန်ကျစရိတ်၊ ဓာတ်အားလိုင်းများ သွယ်တန်းခ စရိတ် အပါအ၀င် စုစုပေါင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၁၀ ကုန်ကျမည် ဖြစ်ကြောင်း၊ ရခိုင် တပြည်နယ်လုံး မီးလင်းအောင် ပြည်ထောင်စု အသီးသီးရှိ အဖွဲ့အစည်းများ အားလုံး စုစည်း ညီညွတ်စွာ ပူးပေါင်း တောင်းဆို ပေးကြလိုကြောင်း ဦးတင်ဝင်းက ဆက်လက်ပြောသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းသည် ရခိုင်ပြည်နယ် ကမ်းလွန်လုပ်ကွက် A1 နှင့် A3 မှထွက်ရှိသော ဓာတ်ငွေ့ဖြစ်ပြီး လေ့လာချက်များ အရ သဘာဝဓာတ်ငွေ့ ခိုအောင်းမှု ပမာဏ စုစုပေါင်း ၅ ထရီလီယံ ကုဗပေမှ ၉ ထရီလီယံကုဗပေ ရှိကြောင်း၊ ယင်းစီမံကိန်းတွင် တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၊ တောင်ကိုရီးယား Daewoo International, အိန္ဒိယ Oil & Natural Gas Corp ကုမ္ပဏီ၊ မြန်မာရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား Korean Gas Corporation, အိန္ဒိယ Gas Authority of India Limited တို့က ရင်းနှီး မြုပ်နှံထားကြောင်း၊ ၂၀၁၃ ခုနှစ် မေလမှ စတင်ကာ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ကွေ့ကျိုးနှင့် ကွမ်းရှီး ပြည်နယ်များ အထိ သွယ်တန်း ထားသော ပိုက်လိုင်းများမှ တဆင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ပုံမှန် ရောင်းချ သွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ချက်များ အရ သိရသည်။

ရခိုင်သယံဇာတ ရွှေသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ရခိုင်ပြည်နယ်တခုလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိရေး စာတမ်းကို RNDP ဒု ဥက္ကဋ္ဌ ဦးတင်ဝင်းက ဖတ်ကြားပြီး ပရိသတ် ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့