..............................

Thursday, October 6, 2011

ပိတ်ဆို့မှု ရုပ်သိမ်းရေး မြန်မာအစိုးရ ထပ်ကြိုးစားပြရန်လို

Wednesday, 05 October 2011

မြန်မာအစိုးရသစ်တက်လာပြီးနောက် အပြုသဘောဆောင် လုပ်ဆောင်မှုများရှိသော်လည်း အမေရိကန်၏ ပိတ်ဆို့ အရေးယူမှု ဖယ်ရှားရန် အတွက်မှု ထပ်မံ လုပ်ဆောင်ပြရန် လိုအပ်သေးကြောင်း အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

“မြန်မာပြည်မှာ တိုးတက်ပြောင်းလဲလာမှုတချို့ကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ပိုပြီး လုပ်ဆောင်ဖို့ လိုအပ် နေသေးတယ်လို့ ကျမတို့ ထင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ယမန်နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဝါရှင်တန်မြို့များသို့ လာရောက်ခဲ့သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန် တာဝန်ရှိသူများ နှစ်ကြိမ် ဆွေးနွေးခဲ့ခြင်းကို ရည်ညွှန်း၍ ဗစ်တိုးရီးယား နုလန်းက သမ္မတ အိုဘားမား အစိုးရ အနေဖြင့် မြန်မာ အစိုးရနှင့် ဆွေးနွေးမှုများ ဆက်လုပ်နေဆဲ ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။

ယင်းဆွေးနွေးမှုများအတွင်း မြန်မာဘက်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့ အရေးယူမှုများကို ရုပ်သိမ်းပေးရန် ပြောဆို တိုက်တွန်းခဲ့သည်။

ဦးဝဏ္ဏမောင်လွင်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၁၆ မှ အောက်တိုဘာ ၃ ရက်နေ့အထိ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် တို့နှင့် တွေ့ဆုံခဲ့သည်။

မကြာသေးမီက အမေရိကန်ဆီးနိတ်လွှတ်တော်၌ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နယ်က မိန့်ခွန်း ပြောရာတွင် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲလာမှုများက ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းချိန်သို့ ရောက်ရှိ လာစေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောဆိုခဲ့သည်။

“မြန်မာအစိုးရအပေါ် ပိတ်ဆိုအရေးယူမှု မလိုအပ်တဲ့အချိန်ကို မကြာခင်ရောက်လာ လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ၁၉၉၀ ဝန်းကျင် အစောပိုင်းတုန်း တောင်အာဖရိကနိုင်ငံ ဥပမာလို မျိုးပေါ့။ မြန်မာပြည်သူတွေဟာ အစိုးရ ထိမ်းချုပ်မှု အောက်ကနေ လွတ်လပ်အောင် လုပ်လာ နိုင်ပါလိမ့်မယ်” ဟု မစ္စတာ မစ်ခ်ျ မက်ကော်နယ်က ဆိုသည်။

၁၉၉၀ တွင် တောင်အာဖရိက အစိုးရသည် အာဖရိကအမျိုးသားကွန်ဂရက်နှင့် တခြား နိုင်ငံရေး အဖွဲ့အစည်း များအား ပိတ်ပင် ထားမှုကို ပယ်ဖျက် လိုက်သည်။ ထောင် ၂၇ နှစ်ချထားသော မစ္စတာ နယ်လ်ဆင် မင်ဒဲလားကို ပြန်လွှတ် ပေးလိုက်ပြီး တွေ့ဆုံ ညှိနှိုင်းရေးကို အကောင်အထည် ဖော်ခဲ့သည်။ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်သည့် ဥပဒေ ပြဌာန်းခြင်း၊ နျူစွမ်းအင် ဆိုင်ရာ လက်နက်များကို ဖျက်ဆီးပစ်ပြီး နျူကလီးယား လက်နက် မပြန့်ပွားရေး စာချုပ်ကို လက်မှတ် ထိုးခြင်းများ ပြုလုပ်ခဲ့သည်။ ၁၉၉၄ တွင် ပထမဆုံး တပြည်လုံးဆိုင်ရာ ရွေးကောက်ပွဲကို ကျင်းပပြီး အာဖရိက အမျိုးသား ကွန်ဂရက်က အနိုင်ရခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်၌ ခိုလှုံခွင့် တောင်းခံခဲ့သော အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲ ဦးကျော်ဝင်းက နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့သောစာကို ကိုးကား၍ မစ္စတာ မက်ခ်ျ ကော်နယ်က အဆိုပါ စာထဲတွင် မြန်မာ အာဏာရှင်များက ပြည်သူလူထုကို ထိန်းချုပ်ရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်းနှင့် အမေရိကန် အကျိုးစီးပွား အတွက် မလိုလား အပ်သော နိုင်ငံခြားရေး မူဝါဒများကို ဖော်ဆောင်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်ဟု ပြောသည်။

“မြန်မာအစိုးရရဲ့ တရားဝင်မှုကို ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းအားဖြင့် ဆက်လက် ငြင်းပယ် ထားရပါမယ်။ မြန်မာ ပြည်သူတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာတဲ့အထိ ပိတ်ဆို့ အရေးယူမှုကို ဆက်ထားရပါမယ်” ဟု မစ္စတာ မက်ခ်ျ မက်ကော်နယ်က ဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့