..............................

Friday, October 7, 2011

CPI တရားစွဲလျှင် စာချုပ်ပါအချက်များ အများပြည်သူကို ထုတ်ပြန်ရန်လို

ကိုဝိုင်း
ကြာသပတေးနေ့၊ အောက်တိုဘာလ ၀၆ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သဖြင့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှ တရားစွဲလာပါက မြန်မာအစိုးရ အနေဖြင့် စီမံကိန်း စာချုပ်ပါ အချက်များကို အများပြည်သူ သိအောင် ထုတ်ပြန်ရန် လိုလိမ့်မည်ဟု တရားလွှတ်တော် ရှေ့နေကြီး တဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

တရားလွှတ်တော်ချုပ်တွင် ၂၅ နှစ်ခန့် တာဝန် ထမ်းနေဆဲဖြစ်သည့် ရှေ့နေကြီး ဦးရန်နောင်က တရုတ်ဘက်မှ တရားစွဲဆို လာပါက အသင်းအဖွဲ့ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအရ ဝိုင်းဝန်း ဖြေရှင်းပေး နိုင်ရန်အတွက် ကိုယ်တိုင် သိရှိထားရန် လိုအပ်သည်ဟု ဆိုသည်။

“အဲဒီလိုပြောတော့မှ ကျနော်တို့က ဝိုင်းဝန်းဝေဖန်နိုင်မယ်။ အကြံဉာာဏ်ပေးနိုင်မယ်ပေါ့။ တကယ်လို့ ဟိုဘက်က နေပြီးတော့ အရေးဆိုလာမယ် ဆိုရင်လည်း ကျနော်တို့က ဝိုင်းကူဖို့ဆိုတာ ကျနော် တို့ ကိုယ်တိုင်က သိတော့မှ ကျနော်တို့ နိုင်ငံတော် ဘက်ကနေပြီး ဝိုင်းကူလို့ရမှာပေါ့” ဦးရန်နောင်က မဇ္ဈိမကို ပြောသည်။

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများကို သူ၏ သက်တမ်းတွင် ရပ်ဆိုင်း ထားမည်ဟု ကြေညာသဖြင့် ဥပဒေကြောင်း အရ ရင်ဆိုင်ရမည်ဟု ရင်းနှီးငွေအများစု ထည့်ဝင်ထားသည့် CPI က တနင်္လာနေ့တွင် ပြောဆို ထားသည်။

အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ တန် စီမံကိန်း၏ ၁ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု မြန်မာအစိုးရ တရားဝင် ပြောဆို ထားပြီး CPI ကလည်း ဧရိယာအတွင်းမှ ကျေးရွာအချို့ ရွှေ့ပြောင်း နေရာချထားခြင်း၊ ဧရိယာအတွင်း လမ်းဖောက်ခြင်း၊ သောက်သုံးရေ ဖြန့်ဖြူးရေး၊ လုပ်ငန်းခွင် လျှပ်စစ်ရရှိရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးလုဖြစ်နေပြီး မြစ်ကူးတံတား၊ လောင်ဆာဆီ သိုလှောင်ရေး လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂ဝဝ၆ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပြီး မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံ အကြား ရေးထိုးခဲ့ကြသည်။

စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုတ်နှံမှု တန်ဖိုးထက် အကုန် အကျ ပိုလာမည် ဖြစ်ပြီး မြန်မာ အစိုးရက စီမံကိန်းမှ ရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ်နိုင်ငံထံမှ ချေးငွေ သဘော တူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက တနင်္လာနေ့တွင် ထည့်သွင်း ပြောဆိုထားသည်။

မြစ်ဆုံစီမံကိန်းဆိုင်ရာ အချက်အလက်များကို နိုင်ငံတော် စီးပွားရေး လုံခြုံမှုအဆင့် ‘Trade Secret’ အဖြစ် လျို့ဝှက် ထားသည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ အတွင်းက သတင်းထောက်များကို နေပြည်တော်၌ ပြောကြားခဲ့သည်။

ရှေ့နေကြီး ဦးရန်နောင်ကလည်း မြန်မာအစိုးရဌာနနှင့် တဘက်ကုမ္ပဏီ၊ နှစ်ဘက် အစိုးရတို့ ချုပ်ဆိုထားခြင်း ဖြစ်သောကြောင့် အစိုးရ သဘောမတူလျင် နိုင်ငံတော် လုံခြုံရေး အက်ဥပဒေ Official Secret Act နှင့် ငြိစွန်းနိုင်ကြောင်း ပြောသည်။

“အဲဒီဝန်ကြီးက သူ့ဟာသူပဲ လျော်မယ်ဆိုရင်တော့ ချမပြနဲ့ပေါ့။ ပြည်သူ့ပိုက်ဆံနဲ့ လျော်မယ် ဆိုရင်တော့ ချပြရမယ်လေ။ မချပြဘူးဆိုရင် ကျနော်တို့ ငွေတွေကို miss-use ပေါ့ဗျာ။ မှန်မှန်ကန်ကန် အသုံးမပြုဘူး ဆိုရင် နောင် သူ့မှာ တာဝန်ရှိလိမ့်မယ်” ဟု ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်းကို ကိုယ်တိုင်လည်း ဆန့်ကျင်နေသူ ဦးရန်နောင်က အငြင်းပွားနေသည့် နှစ်ဘက် အကြား ဥပဒေကြောင်း အရ ဆက်သွားလျင် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ထိခိုက်နိုင်သဖြင့် ညှိနှိုင်းပြီး ဖြေရှင်းသင့်သည်ဟု ယူဆသည်။

နှစ်ဘက်အစိုးရများအကြား အပြန်အလှန် လိုအပ်မှုများရှိနေသဖြင့် ညှိနှိုင်းသည့်နည်းဖြင့်သာ ဖြေရှင်း ကြလိမ့်မည်ဟု တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ဟောင်း ဝါရင့်နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပြောသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများက နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာ အစိုးရသည် တရုတ်ကို ပိုမှီ ခိုလာရသကဲ့သို့ တရုတ်ကလည်း ယူနန်ပြည်နယ်မှ ရခိုင်ပြည်နယ် စစ်တွေကိုဖြတ်၍ အိန္ဒိယ သမုဒ္ဒရာဘက်သို့ စီးပွားရေး၊ စစ်ရေး လမ်းကြောင်းသစ် ဖောက်လိုမှုကို ထောက်ပြသည်။

“တရုတ်မှာလည်း အမေရိကန်၊ အိန္ဒိယနဲ့ အပြိုင်ဖြစ်နေတော့ ဘယ်လိုဖြစ်ဖြစ် သိပ်ပြီးတော့ ပစ်ပယ်ရဲမယ် မထင်ဘူး။ ပြင်းပြင်း ထန်ထန် လုပ်ရဲလိမ့်မယ်လို့ မထင်ဘူး။ နှစ်ဘက် ညှိနှိုင်းပြီးတော့ ဆောင်ရွက် သွားလိမ့်မယ်လို့ ယူဆပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိခိုက်မည့် အန္တရာယ်အပြင် မြစ်ဆုံ အနောက်ဘက် မိုင် ၃ဝ ကျော် အကွာ တွင်ရှိသည့် စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်မည့် ငလျင်ဘေးကိုလည်း စိုးရိမ်မှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူးဟောင်း ဘူမိ အင်ဂျင်နီယာ ဦးတင့်လွင်ဆွေက ပြောသည်။

CIP ဥက္ကဋ္ဌ LU Qizhou က ဆင်ဝှာသတင်းဌာနသို့ ပြောကြားမှုတခုတွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် အတွင်း ဝမ်ချွမ် ငလျင် လှုပ်စဉ်က မပျက်စီးဘဲ ကျန်ခဲ့ သည့် Zipingbu ရေအားလျှပ်စစ် စက်ရုံသည် Intensity အရှိန်ပြင်းအား ၇ အထိသာ ခံနိုင်ရှိပြီး မြစ်ဆုံဆည်မှာ အရှိန်ပြင်းအား ၉ အထိ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။

ဦးတင့်လွင်ဆွေ ကမူ Intensity အရှိန်ပြင်းအား ဆိုသည်မှာ ငလျင်ဗဟိုနှင့် အကွာအဝေးပေါ် မူတည်၍ အနည်း အများရှိပြီး CPI က မည်သည့် ငလျင်ဗဟိုကို တည်ပြီး တွက်ချက်ကြောင်း မသိဟု ပြောသည်။

“ငလျင်အရွယ်အစားပမာဏ Magnitude ဘယ်လောက်လို့ ပြောတာ။ တကမ္ဘာလုံး ဘယ်က တိုင်းတိုင်း မပြောင်းဘူး။ Intensity ကျတော့ ငလျင်ဗဟိုချက်နဲ့ နီးရင် အရှိန်ပြင်းပြင်း ခံရမယ်။ ဝေးရင် အရှိန် လျော့သွားမယ်” ဟု ဆိုသည်။

ဦးတင့်လွင်ဆွေသည် ငလျင်ကော်မတီတွင် ၂ဝဝ၄-ဝ၈ ထိ လေးနှစ်ကြာ တာဝန်ယူခဲ့ပြီး ၂ဝဝ၅ ခုတွင် ငလျင်ဇုံ အခြေပြ မြန်မာပြည် မြေပုံကို ဘူမိဗေဒပညာရှင် ဒေါက်တာ ဦးသိန်းနှင့်အတူ လေ့လာ ရေး ဆွဲခဲ့သူဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ရှင်သည် ရန်ကုန်တိုင်း သုံးခွမြို့မှ ပဲခူးရိုးမ အရှေ့ဘက်အတိုင်း စစ်ကိုင်းမြို့ကို ဖြတ်ကာ ကချင်ပြည်နယ် အင်းတော်ကြီး အထိ တောင်-မြောက် တန်းနေရာမှ အင်းတော်ကြီး အထက်တွင် အရှေ့ဘက်သို့ ဖြာထွက် သွားသည့် ပြတ်ရွေ့ခွဲ လေးခု အနက်မှ တခုသည် ကူမွန်တောင်တန်း အရှေ့ဘက်မှဖြတ်၍ မေခမြစ်နှင့် အပြိုင် ပူတာအိုသို့ တက်သွားပြီး အိန္ဒိယနှင့် တိဘက် မြေထုချင်း တိုက်သည့် နေရာနှင့် သွားဆုံသည်။

အင်းတော်ကြီးကန်သည်ပင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်လာရသည့် ဂျိုမ့်ကြီးဖြစ်သည်ဟု ဆိုသည်။

တရုတ် ယူနန်ပြည်နယ်နှင့် မြန်မာနယ်စပ်၊ တရုတ်နိုင်ငံအတွင်း သံလွင်မြစ်၏ မြစ်ဖျားပိုင်း တွင်လည်း စစ်ကိုင်း ပြတ်ရွေ့ ကဲ့သို့ ပြတ်ရွေ့ အရှင်များ ရှိကြောင်းနှင့် နာဂတောင်-ချင်းတောင် အလွန်ရှိ အိန္ဒိယတိုက်နှင့် တိဘက်တိုက် မြေထုချပ် အချင်းချင်း တွန်းနေသည့် နေရာများကိုလည်း CPI က ထည့်တွက်၊ မတွက် သံသယ ရှိသည်ဟု ဦးတင့်လွင်ဆွေ က ပြောသည်။

ထို့ပြင် သူတို့၏ ခန့်မှန်းတွက်ချက်မှုများအရ အင်းတော်ကြီးအနီးရှိ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပမာဏ ရစ်ချတ်တာ စကေး ၉ ရှိခဲ့လျင် မိုင် ၃ဝ ကျော်သာ ဝေးသော မြစ်ဆုံဆည် နေရာသည် ပြင်းအား ၉ အထက် ကျရောက် နိုင်သဖြင့် အန္တရာယ် ရှိနိုင်သည်ဟု သုံးသပ်သည်။

၁၉၉၄ ခု မြစ်ကြီးနားအောက်ဘက် ကီလိုမီတာ ၂ဝ ခန့်တွင် ငလျင်တခု လှုပ်ခဲ့ဖူးပြီး မြစ်ဆုံအထက် မေခမြစ်ပေါ် တွင်လည်း ငလျင် အသေးစားများ လှုပ်ခဲ့ဖူးကြောင်း၊ မေခမြစ်ကိုလည်း ပြတ်ရွေ့အရှင် တခုဟု ယူဆကြောင်း ဦးတင့်လွင်ဆွေက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့