..............................

Friday, October 7, 2011

ပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ရေး လွှတ်တော်၌ ဆွေးနွေးမည်

ရန်ပိုင်
Thursday, 06 October 2011

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းအား ဆွေးနွေးရန် ယမန်နေ့က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ သဘော တူညီလိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ရေးသား ထားသည်။

အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေးမည့် ကိုယ်စားလှယ်များ အနေဖြင့် လာမည့် အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံး စာရင်းပေး သွင်းရန်လည်း ဖော်ပြထားသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ပြီးခဲ့ သည့် သောကြာနေ့ အစိုးရ ဧည်ဂေဟာတွင် ဆွေးနွေးအပြီး ထိုသို့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် မူ ကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ဥပဒေနှင့် အညီ မှတ်ပုံတင် မည်ဆိုလျှင် ကြိုဆိုကြောင်း၊ ဥပဒေအရ မှတ်ပုံတင်ပြီးလျှင် နှစ်ဦး နှစ်ဘက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က“NLD ရဲ့ အခြေခံမူက တရားဝင်ပါတီအဖြစ်နဲ့ ဆက်လက် သွားဖို့ လိုလားပါတယ်”ဟု ဆို သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်မှ အတည်ပြုပြီး သမ္မတ ထံ တင်သွင်း ရဦးမည်ဖြစ်ကြောင်း၊ ထို့အတွက် အချိန်ကာလများစွာ လိုအပ်သည်ဟု ထင်ကြောင်း၊ ဥပဒေ ပြင်ဆင်ပြီးလျှင် NLD ပါတီ အနေဖြင့် စဉ်းစားကောင်း စဉ်းစားနိုင်ကြောင်း ဦးအုန်းကြိုင်က ပြောဆိုသည်။

ပြီးခဲ့သည့် တနင်္လာနေ့က NLD ပါတီရုံးချုပ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင်များ ပါတီ မှတ်ပုံတင်ရေး ကိစ္စရပ် များကို ဆွေးနွေး ခဲ့ကြသော်လည်း ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေးကြောင်း ဦးအုန်းကြိုင်က ဆက်လက် ရှင်းပြသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ပြစ်ဒဏ် ကျခံနေရသူ များကို ရွေးကောက်ပွဲ ၀င်ခွင့်မပြုကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ၌ ဖော်ပြထားသည်။ NLD ပါတီ အနေဖြင့်လည်း၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံနိုင်ခြင်း စသည့်အချက်များကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သည့် ဦးအေးသာအောင် ကမူ နိုင်ငံရေးပါ တီများ မှတ်ပုံတင် ဥပဒေကို ပြင်ဆင်ရုံမျှဖြင့် ပါတီ မှတ်ပုံတင်ရန် မဖြစ်နိုင်သေးကြောင်း၊ အစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် ပြည်တွင်းစစ် ရပ်စဲရေး ပြုလုပ်ရန်များ လိုအပ်ကြောင်း ဧရာဝတီ သို့ ပြောဆိုသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့