..............................

Wednesday, August 31, 2011

နိုင်ငံရေး အလုပ်ရုံဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပရန် အစီအစဉ်ရှိ


လင်းသန့်
Tuesday, 30 August 2011

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားရေး ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်နိုင်ရန် အတွက် ပြည်တွင်း ပြည်ပမှ ကျွမ်းကျင်သူများ ပါဝင်မည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို နေပြည်တော်တွင် ကျင်းပရန် သမ္မတရုံးမှ စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“နိုင်ငံရေးဖိုရမ်နဲ့ ပတ်သက်လို့ မူအားဖြင့်တော့ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်တော့၊ ဘယ်လို ကျင်းပမယ် ဆိုတာတော့ မသိပါဘူး” ဟု သမ္မတ အကြံပေးအဖွဲ့ဝင် တဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်က ဧရာဝတီကို ပြောသည်။

အဆိုပါ နိုင်ငံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာ့နိုင်ငံရေးတွင် ပါဝင် ပတ်သက် နေကြသူများနှင့် ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော နိုင်ငံရေး လှုပ်ရှား သူများကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေပြီး လာမည့် နိုဝင်ဘာလတွင် ကျင်းပနိုင်ရန် ပြင်ဆင် နေသည်ဟု နေပြည်တော် သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

“တကယ်လို့ ဒီနိုင်ငံရေး ဖိုရမ်ကို ဖိတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူ လူထု အကျိုးအတွက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတာ စိတ်ပိုင်းဖြတ်ပြီးသား ဖြစ်လို့ တက်လိမ့်မယ်လို့ ကျနော်ထင်တယ်” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD) ပါတီက ကိုင်စွဲထားသည့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ် ပြုကာ ပါတီ တရားဝင် တည်ရှိခွင့် ရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပမည် ဆိုလျှင် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက် အာဃာတ မထားကြဘဲ အားလုံးက အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ တိုင်းပြည် အမြန်ဆုံး ငြိမ်းချမ်းစွာ အသွင်ကူးပြောင်း နိုင်ရေးအတွက် အတူလက်တွဲ ဖော်ဆောင်သင့်ကြောင်း ဦးဝင်းတင်က ဆိုသည်။

ယခုကဲ့သို့ ကျင်းပရန်ရှိသည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အကျဉ်းကျ နေကြသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ဦးခွန်ထွန်းဦး အစရှိသည့် တိုင်းရင်းသား ခေါင်းဆောင်များ အပြင် လက်နက်ကိုင် တိုက်ပွဲ ၀င်နေကြသည့် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ ပါဝင် ဆွေးနွေးနိုင်ခြင်း ရှိ၊ မရှိ မရှင်းလင်းပေ။

ကျယ်ပြန့်သည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရန်အတွက် ပြည်ပရောက် မြန်မာနိုင်ငံအရေး လှုပ်ရှား သူများကို ဖိတ်ကြားမည် ဆိုလျှင် ၎င်းတို့ မြန်မာနိုင်ငံသို့ ပြန်လာ နိုင်ရေးအတွက် ခိုင်မာသည့် အာမခံချက်ရှိရန် လိုအပ်ကြောင်း ဝေဖန်သူများက ထောက်ပြသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ကျင်းပမည့် နိုင်ငံရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် နိုင်ငံရေး ဟောပြောပွဲမျှသာ ဆိုလျှင် မသွားလိုကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း၊ တန်းတူရည်တူ ဖြစ်သည့် ဆွေးနွေးမှုနှင့် ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်မည့် အခြေအနေများ ရှိသင့်ပြီး ပါဝင်သင့် ပါဝင် ထိုက်သည့် လူပုဂ္ဂိုလ် အားလုံးပါဝင်မည့် ဆွေးနွေးပွဲဖြစ်ခဲ့လျှင် သွားရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွတ်နေရမယ်။ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်ပြီး ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်း ထားဖို့လိုမယ်။ ထစ်ကနဲရှိ ဖမ်းမယ်၊ ၅ (ည) နဲ့ ထောင်ချမယ် ဆိုတာမျိုးတွေလည်း ပယ်ဖျက် ထားဖို့ လိုတာပေါ့။ အခု အကျဉ်းထောင် ထဲမှာ ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့လို တကယ် အရေးပါတဲ့ လူတွေက ဒီလို ဆွေးနွေးပွဲမှာ တန်းတူဆွေးနွေးခွင့် ရှိနေရမယ်” ဟု သူကဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်က စတင် တာဝန်ယူထားသည့် မြန်မာအစိုးရသစ်အနေဖြင့် အချိန်တိုအတွင်း ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် တချို့ကို လုပ်ဆောင်လာခဲ့ရာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ ၂ ကြိမ်တွေ့ဆုံခဲ့ပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထို့နောက် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နေပြည်တော် သမ္မတ ဧည့်ခန်းမ ဆောင်တွင် တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထု အကျိုးအတွက် တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကာ မတူ ကွဲလွဲသည့် အရာများကို ရှောင်ရှားပြီး တူညီသည့် ကိစ္စရပ်များကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို ခဲ့သည်။

အာဏာရပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဌေးဦး ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အလေးအနက် ထားပါကြောင်း မကြာသေးမီက သတင်းထောက် များ၏ အမေးကို ဖြေကြားခဲ့သည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့