..............................

Wednesday, August 31, 2011

မန္တလေး ရေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းတွင် နေရဆဲ

ဇွဲခန့်
အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁

နယူးဒေလီ (မဇ္စျိမ) ။ ။ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး တပတ် ကျော်လာသည့်တိုင် ရေမကျဘဲ ရှိနေသေးသည့် အတွက် ရာပေါင်းများစွာသော ဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများတွင် နေထိုင် နေကြရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်ထိ အောင်ချမ်းသာရပ်ကွက်ရှိ ပညာပါရမီ ကျောင်းတိုက်တွင် အိမ်ထောင်စု ၆၆ စု လူဦးရေ ၃၅၇ ယောက်၊ ကုသိုလ်တော် ဘုရားဝင်း အတွင်းတွင် အိမ်ထောင်စု ၁၃၄ စု လူဦးရေ ၅၅ဝ ဝန်းကျင်နှင့် ၁၂ လမ်း အနောက်ဘက်လမ်း ၈၈ နှင့် လမ်း ၉ဝ ကြားရှိ ယာယီ ကယ်ဆယ်ရေး တဲအိမ်များတွင် အိမ်ထောင်စု ၆ဝ ကျော်နှင့် လူဦးရေ ၂၅ဝ ဝန်းကျင် ရှိနေသည်။

ဘဝ အလင်းရောင်အသင်းမှာ ကယ်ဆယ်ရေး စခန်းများသို့ မသွားရောက်နိုင်သည့် ညောင်ကွဲ ရပ်ကွက်ရှိ ရေဘေး ဒုက္ခသည်များ အတွက် အဓိက ကူညီပေးနေခြင်း ဖြစ်ပြီး အဆိုပါရပ်ကွက်တွင် လူဦးရေ ၁ဝ,ဝဝဝ ကျော် ရှိနေကာ ရေဘေးဒဏ်ကို ခံစားနေရ သော လူဦးရေ ၇,ဝဝဝ ကျော်ခန့် ရှိကြောင်း အသင်းဝင် ဆရာတော်ဦးဥတ္တမသာရက အမိန့်ရှိသည်။

“ရေကမရှိဘူးဆိုရင် တချို့နေရာတွေမှာတင် ရင်ညွန့်လောက်ထိ ရှိတယ်ဗျာ့။ ဒီအတိုင်းပဲ သွားလာ နေကြတာပဲ။ ငါးဖမ်းတဲ့ လူလဲ ဖမ်းဗျာ။” ဟုလည်း ဆရာတော်က မိန့်ဆိုသည်။

ရေဘေးဒုက္ခသည်များကို အစိုးရ တာဝန်ရှိဌာနဆိုင်ရာများမှလည်း ထမင်းထုပ်များ လိုက်လံ ဝေငှပေးနေပြီး၊ မြို့ခံ ပရဟိတ အသင်းများ၊ ပုဂ္ဂလိက စေတနာရှင်များ၊ သွေးလှူရှင် အသင်းနှင့် စိမ်းရောင်စို အသင်းတို့မှလဲ ထမင်းထုတ်၊ ဘီစကစ် မှုန့်များနှင့် သောက်ရေသန့်ဗူးများ ဝေငှ ပေးနေကြောင်းသိရသည်။

“ဆေးခန်း ဖွင့်ပြီးဆိုရင် နေ့တိုင်းလိုလို ၁ဝဝ ကျော် ၂ဝဝ လောက်ကတော့ ရှိတယ်။ ကလေးတွေကတော့ ဝမ်းပျော့၊ ဝမ်းလျော ဖြစ်တာများတယ်” ဟု ဆရာတော် ဦးဥတ္တမသာရက အမိန့်ရှိသည်။

ဆရာဝန် ၈ ယောက်၊ သူနာပြုအကူများနှင့် စုစုပေါင်း ၁၆ ယောက်ခန့်ပါဝင်သည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ကို ဘဝ အလင်းရောင် အသင်းမှ ရေဘေး ဒုက္ခသည်များ၏ ကျန်းမာရေးကို လိုက်လံ ကြည့်ရှုပေးနေသည်။

တိုင်းဒေသ ကျန်းမာရေးဌာနမှလည်း ကြက်ခြေနီအဖွဲ့များဖြင့် ကယ်ဆယ်ရေးစခန်းများအတွင်း လိုက်လံပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်။

သြဂုတ်လ တတိယပတ် အတွင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတင်ခဲ့ခြင်းက အချို့ နေရာများတွင် ဆက်လက် ရေဝပ်နေဆဲ ဖြစ်ပြီး စည်ပင်သာယာမှ ရေစုပ်စက် ၁၁ လုံးဖြင့် ညောင်ကွဲ ရပ်ကွက် အတွင်းရှိ ရေများကို ဧရာဝတီမြစ် အတွင်းသို့ စုပ်ထုတ် ပေးနေသော်လည်း အစိုးရပိုင်းမှ စက်မောင်းဆီ မပေးဘဲ အလှူရှင်များမှ လှူသည့် ဆီများဖြင့်သာ စုပ်ထုတ် ပေးခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဆီကိုတော့ ဟိုလူလာလှူ၊ ဒီလူလာလှူပေါ့။ တဂါလံ နှစ်ဂါလံ လှူတာတွေရော ဘာတွေရော အဲဒီလိုရတဲ့ ဆီနဲ့ လည်တာပေါ့။ ဆီပြတ်သွားတဲ့ အချိန် ရပ်တာပဲ။” ဟု ညောင်ကွဲရပ်ကွက်မှ ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

၂ဝ၁ဝ ခုနှစ်တွင်လည်း မိုးကြီးပြီးနောက် ရေကြီးမှုများရှိခဲ့ပြီး နှစ်စဉ်မိုးရာသီကာလအတွင်း ရေကြီးမှုများ မန္တလေးမြို့ တဝိုက်တွင် မကြာခဏ ကြုံတွေ့ရလေ့ ရှိသည်။

ယခုနှစ်တွင် သြဂုတ်လအတွင်း မိုးရွာသွန်းမှုမှာ လွန်ခဲ့သည့် ၂၄ နှစ်အတွင်း ရွာသွန်းခဲ့သည့် မိုးရေချိန်ထက် ၁ လက်မခန့် ပိုကာ သြဂုတ်လ ၂၃ ရက်နေ့တွင် ရွာသွန်းခဲ့သော မိုးရေချိန်မှာ အထက်မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ တိုင်းထွာချက်များအရ ၇ ဒသမ ၉၉ ရာခိုင်နှုန်းရှိသည်ဟု မန္တလေး အသင်းသတင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့