..............................

Thursday, September 1, 2011

ငွေပြတ်လို့ ရေလှောင်တမံများ ကြန့်ကြာဟု ဝန်ကြီးပြော

ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသကြီးများအတွင်းရှိ ရေလှောင်တမံနှစ်ခုမှာ ငွေကြေး အခက်အခဲကြောင့် တည်ဆောက် ပြီးစီးရန် ကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး ဦးမြင့်လှိုင်က အင်္ဂါနေ့ အထက်လွှတ်တော်တွင် ပြောကြား သွားသည်။ ယခင် စစ်အစိုးရလက်ထက် အထူးစီမံကိန်းများ ကဏ္ဍအောက်ရှိ ၂ဝဝ၅ ခုနှစ်တွင် စတင် တည်ဆောက်သည့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် ရေလှောင်တမံနှင့် ယခုနှစ်ဆန်းမှ စတင်သော မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြစ်သာ ရေလှောင် တမံများသည် ငွေကြေး အခက်အခဲကြောင့် ၃၅ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးသာ ပြီးစီးနေသည်ဟု ဦးမြင့်လှိုင်က ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်များ၏ မေးခွန်းကို ဖြေကြားသွားသည်။

စစ်ကိုင်းတိုင်း မဲဆန္ဒနယ် ၈ အမတ် ဦးသိန်းလှိုင်က မေးမြန်းသော ရာဇဂြိုဟ်ရွာအနီးရှိ နေရဉ္ဇရာချောင်းကို ပိတ်ဆောက်သည့် ယင်းတမံ စီမံကိန်းနှင့် ပတ်သက်၍ အင်ဂျင်နီယာ ဆိုင်ရာနှင့် ဘူမိဗေဒ လေ့လာခြင်း၊ တမံ အုတ်မြစ် ပြင်ခြင်း၊ ကုန်းကြောတမံများ တည်ဆောက်ခြင်းတို့သာ ပြီးသေးသည်ဟု ပါရှိသည်။ ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ ၂ဝ၁၃၊၁၄ တွင် ရာနှုန်းပြည့်ပြီးရန် လျာထားသည်ဟုလည်းဆိုသည်။ စီမံကိန်းပြီးပါက လယ်မြေ ဧက ၆,၅ဝဝ အတွက် ရေပေးနိုင် မည်ဖြစ်ပြီး လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ် ထွက်မည်ဖြစ်သည်။

မြစ်သာရေလှောင်တမံအကြောင်း မကွေးတိုင်း မဲဆန္ဒနယ် ၁၂ အမတ် ဦးလှဆွေက မေးမြန်းခြင်းဖြစ်ပြီး ရေအား လျှပ်စစ် မဂ္ဂါဝပ် ၄ဝ ထုတ်ရန် တည်ဆောက်နေသော တမံ စီမံကိန်းအတွက် လိုအပ်ငွေ စောင့်နေသည်ဟု ဆိုသည်။ သို့သော် ၂ဝ၁၃-၁၄ တွင် အပြီး ဆောင်ရွက်မည်ဟု ဦးမြင့်လှိုင်က ပြောသည်။ ထို့ပြင် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ချောင်းပေါ်ရှိ ရေပမာဏ ၄,၉၁ဝ ဧကပေ သိုလှောင် နိုင်သည့် မြေသား လက်ပန်တမံကို စိုက်ပျိုးဧက ၂,၅ဝဝ ခန့် ရေပေးရန် တည်ဆောက်ခဲ့သော်လည်း ခန့်မှန်းပျှမ်းမျှ စီးဝင်ရေထက် ဧကပေ ၁,၅ဝဝ ကျော် လျော့နည်းဝင်သဖြင့် လျာထားဧက အပြည့် ရေမပေးနိုင်ဘဲ ဖြစ်နေကြောင်း လယ်ဆည် ဝန်ကြီးက ပြောသွားသည်။

လိုအပ်နေသည့် စီးဝင်ရေအတွက် ကူပေးနိုင်ရန် မြင်းမူမြို့နယ်အတွင်း၌ပင် သစ်လိန်ချောင်းမှာ ရေလှောင်တမံ တခု ထပ်မံ တည်ဆောက်ရန် မြေပြင် တိုင်းတာရေး လုပ်ငန်းများကို ၂ဝဝ၈ ခုတွင် စတင် ဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးမြင့်လှိုင်က စစ်ကိုင်း မဲဆန္ဒနယ် ၁ အမတ် ဦးဝင်းတင်ကို ဖြေကြားသွားသည်။ ကရင်ပြည်နယ် ဖာပွန်မြို့တွင်မူ လျှပ်စစ်စက်ရုံကို လုံခြုံရေး မယူပေးနိုင်သဖြင့် တနေ့ ၂ နာရီသာ လျှပ်စစ်ဓာတ် ပေးနိုင်ကြောင်း အမှတ်-၂ လျှပ်စစ် စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ကရင်ပြည်နယ် မဲဆန္ဒနယ် ၅ အမတ် ဦးစောထွန်းမြအောင်ကို ဖြေကြားသွားသည်။ ဖာပွန်မြို့ ရေအားလျှပ်စစ်စက်ရုံရှိ အင်ဂျင်များကို ပြင်ဆင်ပေးမည့် အစီအစဉ်ရှိမရှိ မေးရာ ၂ဝဝ၈ ခု သြဂုတ်လ အတွင်း ဖာပွန် ရေအား လျှပ်စစ်စက်ရုံ၏ ရေစုကန်၊ နုန်းစစ်ကန်၊ ရေသွယ်မြောင်း နုန်း ရှင်းလင်းရေး လုပ်နေစဉ် သူပုန်များ၏ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး နောက်ပိုင်းမှစ၍ ဝန်ထမ်းများ စက်ရုံသို့ မသွားနိုင်တော့ဘဲ လုံခြုံရေးအတွက် စီစဉ်နေ ဆဲဖြစ်ကြောင်း သူက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့