..............................

Wednesday, August 31, 2011

အရေးပေါ်စီမံမှု အက်ဥပဒေ ဖျက်ရန်အဆို ပယ်ချခံရ

မျိုးသန့်
အင်္ဂါနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ အတိုက်အခံများကို ထောင်ချရာတွင် သုံးလေ့ရှိသော ဥပဒေတခု ဖြစ်သည့် “၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ” ကို ဖျက်သိမ်းရန် ဒီမိုကရေစီ ပါတီသစ်မှ လွှတ်တော်အမတ် ဦးသိန်းညွန့် ပြည်သူ့ လွှတ်တော်တွင် တင်သွင်းရာ စစ်သား အမတ်များနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအမတ်များ၏ ကန့်ကွက်မှုကြောင့် ပျက်ပြားသွားပြီ ဖြစ်သည်။

ဦးသိန်းညွန့် တင်သွင်းသည့် အဆိုကို ၃၈၅ ယောက်တက်သော အောက်လွှတ်တော်တွင် အင်္ဂါနေ့က ဆွေးနွေးရာ ထောက်ခံသူ အမတ် ၇ ဦးသာ ရှိပြီး တပ်မတော်သား လွှတ်တော်အမတ် အားလုံး ၉၉ ဦး၊ ကြံ့ဖွံ့အမတ် ၂၂ဝ ဦးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ပါတီငယ်များမှ ၁၆ ဦးက ကန့်ကွက်ကာ ကြားနေ ၄၁ ဦး ရှိခဲ့သည်။

တနင်္လာနေ့ကတည်းက တင်သွင်းထားခဲ့သော အဆိုကို ထောက်ခံသူများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါက်တာ သန်းဝင်းနှင့် ဦးခိုင်မောင်ရည်၊ ရှမ်းတိုင်းရင်းသားများ ပါတီမှ ဒေါ်နန်းဝါနု၊ ဒီမိုကရေစီ ပါတီသစ်မှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ချင်းအမျိုးသား ပါတီမှ ဒေါ်ဇာတလဲမ်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မိမြင့်သန်းတို့ ဖြစ်သည်။

အဆိုကို ကန့်ကွက်ဆွေးနွေးသူ အမတ်လေးဦးမှာ ကြံ့ဖွံ့ပါတီမှ ဖြစ်ကြပြီး ယင်းတို့မှာ မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦး၊ နတ်မောက် မဲဆန္ဒနယ်မှ ဦးအောင်ကျော်စိုး၊ ဝန်းသို မဲဆန္ဒနယ်မှ ဦးစိုးပိုင်၊ ဆော့လော် မဲဆန္ဒနယ်မှ ဦးဇောင်းခေါင် တို့က ကန့်ကွက် ဆွေးနွေး ခဲ့ကြသည်။

“ဒီဥပဒေ (၁၉၅ဝ ပြည့်နှစ် အရေးပေါ် စီမံမှုဥပဒေ) က မြန်မာပြည်မှာ ရောင်စုံသူပုန်ထတုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပေဒ ဖြစ်တယ်၊ အခုဟာက ဒီလို အခြေအနေမျိုး မဟုတ်တော့ဘူး အဲဒါကြောင့် ဒီဥပဒေဟာ ဖျက်သိမ်းသင့်တဲ့ ဥပဒေပေါ့” ဟု ဦးသိန်းညွန့်က မဇ္ဈိမနှင့် အစောပိုင်းက အင်တာဗျူးတခုတွင် ပြောကြားဖူးသည်။

မြဝတီ မဲဆန္ဒနယ်မှ ဦးသန်းဦးက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကို ရည်ညွန်းကာ ယင်းအခြေအနေများ ရှိနေခြင်းကြောင့် ၁၉၅ဝ အရေးပေါ် စီမံမှု ဥပဒေသည် ရှိနေသင့်ကြောင်း ဆွေးနွေး သွားသည်ဟု လွှတ်တော်အမတ်များက ပြောသည်။

ထို့အပြင် ဦးဇောင်းခေါင်ကလည်း ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် အစိုးရ တပ်တို့ အကြား ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများကို ရည်ညွှန်းကာ အရေးပေါ် စီမံချက် အက်ဥပဒေ မရှိ၍ မဖြစ်ကြောင်း ဆွေးနွေး သွားသည်။

၁၉၅ဝ အရေးပေါ် စီမံမှုအက် ဥပဒေသည် လွတ်လပ်ရေးရပြီး ၂ နှစ်အကြာ ပြည်တွင်းစစ်ကြောင့် ထိုစဉ်က အာဏာရ ဦးနု အစိုးရက ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ဥပဒေ ပြဋ္ဌာန်းချက်တွင် နိုင်ငံတော် တည်ငြိမ်ရေး အတွက် ကြိုးပမ်းနေကြသည့် စစ်တပ်နှင့် ပြည်သူ့ရဲ တပ်ဖွဲ့ဝင်များ၏ တာဝန်များကို နှောင့်နှေးအောင် သို့မဟုတ် နိုင်ငံတော် တည်ငြိမ်ရေး ပျက်ပြားအောင် ကြံရွယ်ပြုမူသူများကို ထောင်ဒဏ် တသက် သို့မဟုတ် သေဒဏ်အထိ ကျခံနိုင်ရန် ပါရှိသည်။

“အရေးပေါ် အခြေအနေအတွက်ကို ရည်ရွယ်ပြီးတော့မှ ၁၉၅၀ တဝိုက်မှာ တိုင်းပြည်က ဆူပူ သောင်းကျန်းမှုတွေ ဖြစ်နေတဲ့ အချိန်မှာ ထုတ်ခဲ့တဲ့ ဥပဒေဖြစ်တယ်။ အခုဟာက အဲဒီလိုမျိုး အရေးပေါ် ကာလလည်း မဟုတ်တော့ဘူး အခုအချိန်မှာ ဒီအရေးပေါ် ပုဒ်မ ဆိုတာကြီးက မဆီလျှော်တော့ဘူး” ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ချက် အရ လက်ရှိ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ရှိနေသော နိုင်ငံရေး အကျဉ်းသား ၁,၉၉၅ ဦးအနက် ၅၀၀ ဦးမှာ ၁၉၅ဝ အရေးပေါ် စီမံချက် ဥပဒေနှင့် ဆက်နွယ်သော ဥပဒေများချည်း သို့မဟုတ် ဤဥပဒေပါ ပါဝင်စွဲဆို ထောင်ချ ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပထမသက်တမ်း ဒုတိယအကြိမ်မြောက် လွှတ်တော် အစည်းအဝေး ၇ ရက်နေ့မြောက်ဖြစ်သည့် အင်္ဂါနေ့တွင် ပြည်သူ့ လွှတ်တော် အစည်းအဝေး တခုလုံးကို ဦးသိန်းညွန့် တင်ပြချက်အပေါ် အပြန်အလှန် ဆွေးနွေးခြင်းသာ ရှိခဲ့ပြီး နောက်ရက်များ အတွက် ပြင်ဆင်မှုနှင့် အဆုံးသတ်ခဲ့သည်။

လွှတ်တော်၏ ထုံးစံအရ ဆွေးနွေးလိုသော အကြောင်းအရာတွက် အမတ်တဦးက တင်ပြရန်လိုပြီး အနည်းဆုံး ထောက်ခံသူ တဦးရှိမှသာ ဆွေးနွေးရန် အတည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် ကြံ့ဖွံ့ အမတ်ဦးစိုးသာ၏ အမေရိကန် ဒေါ်လာဈေး ကျဆင်း နေမှုကြောင့် အခက်အခဲ ကြုံတွေ့ နေရသည့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်ရေး အတွက် နည်းလမ်း ရှာဖွေရေး အဆိုကို တင်သွင်းခဲ့သည်။ တပါတီထဲမှ ဦးညီညီမှ ထောက်ခံသဖြင့် ဆွေးနွေးရန် သေချာသွား ပြီဖြစ်သော်လည်း ရက်မသတ်မှတ်ရသေးပေ။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဟောင်း ဦးစိုးသာ၏ ပြောကြားချက်တွင် ၂ဝ၁ဝ၊ ၂ဝ၁၁ ခုနှစ်အတွင်း သွင်းကုန်ပမာဏ ၇၈ ရာခိုင်နှုန်း တိုးလာခြင်း၊ ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေ ၇၉၆ သန်းလိုငွေ ပြနေမှုနှင့် ဆန်၊ ပဲအမျိုးမျိုး၊ ငါးပို့ကုန်များ လျော့နေခြင်းတို့ကို အလေးထား ပြောကြားသွားသည်။

ထို့အပြင် နောက်ရက်တွင် ဆွေးနွေးရေး အတွက် ကြိုးပမ်းမှု တခုဖြစ်သော ငွေတိုက်စာချုပ် ဝယ်ယူ စုဆောင်းငွေ အပေါ်မှ ရရှိသည့် အတိုးအပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိရေး အဆိုကို ကြံ့ဖွံ့၏ ခရမ်းမြို့နယ် မဲဆန္ဒနယ်မှ ဦးမောင်မောင်သိန်းက တင်သွင်းခဲ့သည်။ ယင်းကို ကွန်ဟိန်း မဲဆန္ဒနယ် ကျားဖြူပါတီမှ အမတ် ဒေါ်နန်းဝါနုက ထောက်ခံသောကြောင့် ဆွေးနွေးရန် သဘော တူညီချက် ရသွားပြီ ဖြစ်သည်။ သို့သော် လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဘဏ္ဍာခွန်ကြီးဌာန၊ ဥပဒေကြမ်း ကော်မတီတို့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ဖြည့်စွက် ပြောကြားသွားသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့သည် ညနေ ၃ နာရီတွင် ပြီးဆုံးသည်။ ယခု သီးခြား စီကျင်းပနေသည့် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့ကို စက်တင်ဘာလ ၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်အဖြစ် ပေါင်းစည်း ကျင်းပမည် ဟုလည်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့