..............................

Wednesday, August 17, 2011

နယ်စပ်အရေး ကရင်နယ်ခြားစောင့်တပ်နှင့် ထိုင်းတို့ တွေ့ဆုံ

Tuesday, 16 August 2011

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်း မူးယစ်ဆေးဝါးနှင့် တခြားရာဇ၀တ်မှုဆိုင်ရာ ပြဿနာများကို ပူးတွဲ ဖြေရှင်း နိုင်ရန် တာ့ခ်ခရိုင် အုပ်ချုပ်ရေး အဖွဲ့နှင့် မြ၀တီ ခရိုင် အခြေစိုက် ကရင် နယ်ခြားစောင့် တပ်မှ ခေါင်းဆောင်များ ယမန်နေ့က ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တာ့ခ်ခရိုင် မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်၊ မဲဆောက်မြို့ မြူနီစပယ် ဥက္ကဋ္ဌတို့ ဦးဆောင်သည့် အဖွဲ့နှင့် ကရင် နယ်ခြားစောင့် တပ်မှ အကြံပေး အရာရှိ ဗိုလ်မှူးကြီး စောချစ်သူ၊ တပ်ရင်း ၁၀၀၈ မှ တပ်ရင်းမှူး ဗိုလ်မှူး စောမောင်ဝင်း ဦးဆောင်သည့် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး နယ်စပ်တွင် ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါး ပြဿနာများ၊ တခြားရာဇ၀တ် မှုများနှင့် တရားမ၀င် လူဝင်မှု ပြဿနာများကို ပူးတွဲဖြေရှင်းရေး သဘော တူညီခဲ့ကြသည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် ဗိုလ်မှူးကြီး စောချစ်သူက “ဒီနယ်စပ်ပြဿနာတွေကို ထိုင်းနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားဖို့ ကျနော်တို့ ဘက်က အရံသင့်ပါပဲ” ဟု ဒေသခံ သတင်းထောက် များကို ပြောသည်။

သဘောတူညီချက်များအရ လုပ်ငန်းအကောင်အထည်ဖော်ရာတွင် နှစ်ဖက်ရရှိထားသည့် သတင်းအချက် အလက်များကို အပြန်အလှန် ဖလှယ်သွားမည့် အစီအစဉ် တရပ်လည်း ပါရှိကြောင်း သိရသည်။

ဆွေးနွေးမှုနှင့် ပတ်သက်၍ မဲဆောက်မြို့ဝန် နိုင်ပရီချာကျိုင်ဖက်က “နယ်စပ်မူးယစ်ဆေးဝါး ပြဿနာက ကြီးမား လာတယ်။ ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အတွက် တာ့ခ်ခရိုင်ဝန် နိုင်စာမတ်လွိုင်းဖာရဲ့ လမ်းညွှန်မှုနဲ့ ဒီကိစ္စကို အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်တယ်” ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် မဲဆောက်ဒေသအတွင်း အခြေစိုက် လှုပ်ရှားနေကြသည့် မြန်မာ အတိုက်အခံ အဖွဲ့ အစည်းများနှင့် ပတ်သက်၍ နှစ်ဖက် ကိုယ်စားလှယ်များက ထည့်သွင်းဆွေးခြင်း မရှိကြောင်း ဆွေးနွေးပွဲ တက်ရောက် ခဲ့သူတဦးက ပြောသည်။

တာ့ခ်ခရိုင်အခြေစိုက် ထိုင်း ၀ါရင့်သတင်းထောက်တဦးက “ဒီဆွေးနွေးပွဲက နှစ်ဖက်အစိုးရသစ်တွေ အကြားမှာ အကောင်အထည် ဖော်မှာဖြစ်တော့ ထိုင်းဘက်ခြမ်းမှာ လုပ်ရှားနေတဲ့ မြန်မာ အတိုက်အခံအဖွဲ့တွေ အရင်လိုတော့ မလွယ်တော့ဘူးလို့ ထင်တယ်။ ဆွေးနွေးတဲ့ အချက်တွေမှာ မပါပေမယ့် သူတို့ လုပ်ငန်းစဉ်အဆင့်တွေက ထပ်လာဖို့ ရှိသေးတယ်။ အခု သူတို့ ဆွေးနွေးတာက ပဏာမ အဆင့်ပဲ ရှိသေးတယ်” ဟု သုံးသပ် ပြောဆိုသည်။

ထိုင်းနိုင်ငံ တာ့ခရိုင်တွင် မြို့နယ် ၆ မြို့နယ် ရှိသည့်အနက် အုန်းဖန်၊ ဖုပ္ဖရ၊ မဲဆောက်၊ မယ်လမတ်နှင့် ထာ့ဆောင်ရမ်း ၅ မြို့နယ်မှာ ကရင်ပြည်နယ်မှ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စသည့်မြို့နယ်များနှင့် နယ်နိမိတ်ခြင်း ထိစပ် လျက်ရှိသည်။

မဲဆောက်နှင့် ထိစပ်နေသည့် မြ၀တီခရိုင်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မူးယစ်ဆေးဝါး ဝင်ရောက်လာသည့် လမ်းကြော တခုဖြစ်သကဲ့သို့ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် လာသူများ၏ အဓိက လမ်းကြော တခုလည်းဖြစ်သည်ဟု တာ့ခ်ခရိုင် အာဏာပိုင်များက ပြောသည်။

Ref: ဧရာဝတီ

0 comments:

အပေါ်သို့