..............................

Tuesday, August 16, 2011

အစိုးရတပ်နှင့် ရှမ်းတပ် တိုက်ပွဲဖြစ် နှစ်ဘက်လုံး အထိနာ


ကျော်ခ
တနင်္လာနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၁


ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း တပ်စခန်းချနေသည့် ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း SSA-N တပ်ရင်း ၂ ရင်းနှင့် အစိုးရ တပ်များအကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ပွဲ ပြင်းထန် ခဲ့ရာတွင် နှစ်ဖက် ထိခိုက် ကျဆုံးမှုများ ရှိသည်ဟု SSA-N ကပြောသည်။

တပ်အင်အား ၁၀၀ ခန့်ရှိသည့် SSA-N တပ်မဟာ ၂၇ လက်အောက်ခံ တပ်ရင်း ၅၇၆ နှင့် ၇၆၂ တို့သည် ကျေးသီးမြို့၏ အရှေ့ မြောက်ဘက် ၇ မိုင်ခန့်ကွာဝေးသည့် ဝမ့်ဖွီး ရွာအနီးတောထဲရှိ ရှမ်းတပ်စခန်း နေရာများကို တောနင်း ဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ရှိ ကျောက်မဲ အခြေစိုက် စကခ ၁ လက်အောက်ခံ ခလရ ၅၀၃ နှင့် ရင်ဆိုင် တိုးမိပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့ စနေနေ့ နေ့လည် ၂ နာရီမှ ည ၈ နာရီထိ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲတွင် တပ်စခန်းများကို အကာ အကွယ် ယူကာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ပစ်ခတ်ကြသည့် အတွက် အစိုးရတပ်မှ ၁ ဦးကျဆုံး၊ ၈ ဦး ဒဏ်ရာရ သလို ရှမ်းတပ် ဘက်ကလည်း လက်နက်ကြီး ထိမှန်မှုကြောင့် ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ တပ်တွင်း၌ ဆေးကုသမှု ခံယူနေရကြောင်း SSA-N ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းလှ က ပြောသည်။

“သူတို့လည်း ဒဏ်ရာရတဲ့လူတွေ ပြန်သယ်သွားတယ်။ အင်အားချင်က တူနေတော့ နောက်ဆုံး သူတို့လည်း ပြန်ဆုတ် သွားတယ်။ ကျနော်တို့လည်း ပြန်ဆုတ်ခဲ့တယ်။ ဒဏ်ရာရတဲ့ ကျနော်တို့ လူတွေကိုတော့ စခန်းမှာ ဆေးမှူးတွေနဲ့ ဆေးကုနေတယ်” ဟု ဗိုလ်မှူး စိုင်းလှ က မဇ္ဈိမကိုပြောသည်။

ယင်းနောက် သြဂုတ်လ ၁၄ ရက် တနင်္ဂနွေနေ့ မနက် ၉ နာရီအချိန်တွင် ခလရ ၅၀၃ က စစ်ကား ၂ စီးဖြင့် ၈၁ မမ လက်နက်ကြီးများ တင်ဆောင် လာကာ SSA-N တပ်ဖွဲ့များ စခန်းချသွားရာ တောတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း ရှမ်းတပ် ဘက်က ပြောသည်။ သို့သော်လည်း လာရောက် ပစ်ခတ်ချိန်တွင် ရှမ်းတပ်များက နေရာရွှေ့ပြောင်းပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုတိုက်ခိုက်မှုများ မတိုင်မီ သြဂုတ်လ ၁၁ ရက်နေ့တွင်လည်း အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လှုပ်ရှား စစ်ဗျူဟာ ၁ လက်အောက်ခံ ဗိုလ်မှူး မျိုးစောမောင် ဦးစီးသည့် ခလရ ၃၅ တပ်ရင်းက မိုင်းရယ်မြို့နယ် ဝမ်စန့် ကျေးရွာတွင် ရှမ်း လက်နက်ကိုင် တပ်များနှင့် ဆက်နွယ်သူများ ရှိသည်ဟု ယူဆ၍ ရွာတွင်းသို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူး စိုင်းလှကပြောသည်။

ယင်းပစ်ခတ်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား ၃ ဦးနှင့် လူကြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သလို ကျေးရွာ အုပ်ချုပ်ရေးမှူး အိမ်နှင့် အတွင်းရေးမှူး အိမ်တို့မှာ လက်နက်ကြီး လက်နက်ငယ် များဖြင့် ဆက်တိုက် ပစ်ခတ်ခံရသဖြင့် မီးကျွမ်း လောင်ခဲ့ကြောင်း သူကဆက်ပြော သည်။ လောလောဆယ် SSA-N ထိန်းချုပ် နယ်မြေများ အတွင် အစိုးရတပ်များ စစ်လက်နက် ခဲယမ်းများနှင့် ရိက္ခာ ဖြည့်တင်းမှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ အရှိန်မြင့် လာဖွယ်ရှိကြောင် ဗိုလ်မှူး စိုင်းလှ ကပြောသည်။

ယခုနှစ်အတွင်း ဖြစ်ပွားနေသည့် SSA-N နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်း မြို့နယ် ၉ ခုရှိ ကျေးရွာမှ ဒုက္ခသည် ၃၁၇၀၀ ခန့် တောတောင်များ အတွင်း ပုန်းအောင်း နေရသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှား ဆောင်ရွက်ရေး အသင်း - Shan Women's Action Network (SWAN) နှင့် ရှမ်းလူ့ အခွင့်အရေး မဏ္ဍိုင် Shan Human Rights Foundation (SHRF) တို့က ကြေငြာချက်တစောင် သြဂုတ်လ ၁၀ ရက်နေ့က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

တိုက်ပွဲများကြောင့် တောတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒုက္ခသည်များ အနက် အချို့မှာ ဝမ်ဟိုင်းဌာနချုပ် အနီး တဝိုက်ရှိ ကျေးရွာများသို့ ပြန်လည် ဝင်နေကြောင်း SSA-N က ပြောဆိုသော်လည်း၊ တန့်ယန်း မြို့နယ်ဆေးရုံမှ ဆရာဝန် တဦးကမူ ဒေသခံတို့ အနေဖြင့် နယ်မြေတည်ငြိမ်မှု မရရှိသေးသ၍ အိမ်ပြန်ရောက်နိုင်မှု နည်းပါး နေနိုင်သည်ဟု မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန် ကချင်ပြည်နယ်တွင်လည်း ကချင် လွတ်လပ်ရေးတပ်- KIA နှင့် အစိုးရ တပ်တို့အကြား သြဂုတ်လ ၁၄ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ-၃၇ နှင့် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ တို့ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO ပြောရေးဆိုခွင့် ရှိသူ ဦးလနန် က ပြောသည်။

တနာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် တိုက်ပွဲကြောင့် အစိုးရ တပ်မှ တဦး ကျဆုံးကာ ပျောက်ကျား စနစ်ကို အားယူသုံးခဲ့သည့် KIA ဘက်ကမှ ကျဆုံး၊ ဒဏ်ရာမရှိဟု သူက ဆိုသည်။ သြဂုတ်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့များတွင် KIO နှင့် အစိုးရ တာဝန်ရှိသူများ အပစ်ရပ်ရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း အပစ်ခတ် ရပ်စဲရန် သဘောတူညီမှု မရရှိသေးဟု သူကပြောသည်။ “ကျနော်တို့က အပစ်ရပ်ဖို့ သဘော တူညီမှု ရထားတာ မဟုတ်ဘူး။ ရန်စတာတော့ မဟုတ်ဘူး။ ရင်ဆိုင် တွေ့တဲ့ အခါတော့ ပစ်တာခတ်တာတော့ ရှိကြမှာပဲ.. ဒီအေခြေအနေမှာ..” ဟု ဦးလန် က မဇ္ဈိမကိုပြောသည်။

လောလောဆယ် အစိုးရဘက်မှ ပြောဆိုပုံအရ ငြိမ်းချမ်းရေး အလားအလာ နည်းပါးနေသည် ဟုလည်း သူက ဆက်ပြောသည်။

“အစိုးရက ပြောဆိုနေတဲ့ပုံစံ ထုတ်ပြန်ကြေငြာချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ အရဆိုရင် တွေ့ဆုံ ဆွေးနွေးရေး ကတော့ မှေးမှိန် သွားပြီလို့ ထင်တယ်ခင်ဗျ။ တွေ့ဆုံ ဆွေးနွေးမှု မှေးမှိန် သွားရင်တော့ တိုက်ပွဲတွေ အရှိန်က မြင့်လာမှာပါ။ အစိုးရက စေတနာ မှန်နဲ့ နိုင်ငံရေး ဆွေးနွေးမှုကို လုပ်ဆောင် စေချင်တယ် ဆိုရင်တော့ စေ့စပ် ညှိနိုင်ရေးကတော့ အကောင်းဘက်ကို ဦးတည် သွားမှာပါ” ဟု ဦးလနန် က ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း ဇွန်လ ၉ ရက်မှစ၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေး ခိုလှုံလိုကြသည့် ဒေသခံ ပြည်သူ ၁၅၀၀၀ ကျော်အတွက် KIO က လိုင်ဇာ၊ ဝိုင်းမော်နှင့် မိုးမောက်မြို့နယ် တို့တွင် ဒုက္ခသည် ကယ်ဆယ်ရေး စခန်းများ ဖွင့်ထားပေးသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့