..............................

Monday, June 6, 2011

အခိုင်အမာ ခြေလှမ်းများ လှမ်းရန် ဂျွန်မက်ကိန်း တိုက်တွန်း

Thea Forbes | စနေနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၁

ချင်းမိုင် (မဇ္ဈိမ) ။ ။ `စကားအလှများ´ ပြောနေရုံသက်သက်သာ မဟုတ်ဘဲ `အခိုင်အမာ ခြေလှမ်းများ´ လှမ်းပါရန် အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက သူ၏ ၃ ရက်ကြာ မြန်မာခရီးစဉ် အပြီး သောကြာနေ့တွင် မြန်မာ အစိုးရကို တိုက်တွန်း ပြောကြားခဲ့သည်။

အဆိုပါ ၃ ရက်ကြာ ခရီးစဉ်အတွင်း ဂျွန်မက်ကိန်းသည် ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အခြား အရေးပါသော အစိုးရ ခေါင်းဆောင်များ၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး NLD က ရန်ကုန်တွင် ဖွင့်လှစ်ထားသော HIV/AIDS `ကယ်ဆယ်ရေးဂေဟာ´ သို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

`အစိုးရသစ်သည် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်ရန် စိတ်ဆန္ဒရှိနေကြောင်း´ ထင်ရှားသည်ဟု လွန်ခဲ့သော ၁၅ နှစ်လုံးလုံး ဗီဇာ ငြင်းပယ်ခံခဲ့ရသည့် မစ္စတာမက်ကိန်းက တွေ့ဆုံ ဆွေးနွေးပွဲများ အပြီး ပြောကြားခဲ့သည်။

မြန်မာနိုင်ငံကို နောက်တခေါက် လာရောက်ရသည့်အတွက် `အလွန်ဝမ်းမြောက်ကြောင်း´ အနာဂတ် အမေရိကန်-မြန်မာ ဆက်ဆံရေး အတွက်လည်း အကောင်းမြင် မျှော်လင့်ချက် ထားရှိပါကြောင်း သူက ပြောကြားသည်။

အမေရိကန်အနေနှင့် မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံရေး ဆိုးရွားစေလိုသည့် ဆန္ဒမရှိကြောင်း နှစ်နိုင်ငံကြား အလွန်ပင် ဆက်ဆံရေး ဆိုးရွားခဲ့သည့် အိမ်နီးချင်း ဗီယက်နမ်နှင့် သံတမန်ရေး ဆက်ဆံမှု တိုးတက်လာမှုကို ဥပမာပေးကာ သူက အလေးပေး ပြောကြား သွားခဲ့သည်။

`အခု အစိုးရသစ်ဟာ အတိတ်နဲ့နှိုင်းစာရင် အပြောင်းအလဲ တစုံတရာရှိခဲ့တာကို ကျနော် အသိအမှတ် ပြုပါတယ်။ သို့သော် ကျနော် မနေ့က အစိုးရ အရှာရှိတွေနဲ့ တွေ့ဆုံတုန်း ပြောခဲ့သလိုပါဘဲ ဆက်ဆံရေး တိုးတက်လာဖို့ဆိုတာ စကားအလှတွေ ပြောနေရုံနဲ့ မရဘူး၊ အခိုင်အမာ လုပ်ဆောင်ပြဖို့ လိုတယ်´ ဟု အမေရိကန်သံရုံးသို့ လာရောက်သော အကဲခတ်များကို သူက ပြောကြားခဲ့သည်။

`ထိတွေ့ဆက်ဆံရေးမူဝါဒအရ ကြိုးပန်းမှုတွေဟာ ရလဒ်ပြနိုင်ရမယ်၊ အချိန်အကန့် အသတ်ရှိရမယ်´ ဟုလည်း အလျင်အမြန် အပြောင်းအလဲများ ပြုလုပ်ရန် သူက တိုက်တွန်း ပြောကြား သွားသည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ထိတွေ့ဆက်ဆံရေးမူဝါဒသည် အရေးပါသော ခြေလှမ်းများ လှမ်းနိုင်မှု အပေါ်တွင် မူတည်နေပြီး၊ ဤသို့လှမ်းနိုင်မှသာ မြန်မာ အစိုးရသည် ဒီမိုကရေစီရေး အပြောင်းအလဲများ ပြုလုပ်ရန် အမှန်တကယ် ပိုင်းဖြတ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သက်သေ ပြနိုင်မည်ဖြစ်ကာ အမေရိကန် ဘက်ကလည်း အပြန်အလှန် အပြောင်းအလဲများ ပြုလုပ်လိုသည့် ဆန္ဒ ပေါ်လာစေမည်ဖြစ်ကြောင်း သူက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရေးသည်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အပြောင်း အလဲများ ပေါ်ပေါက်ရေး အတွက် အရေးပါသော လိုအပ်ချက်ဟု သူက သာဓက အဖြစ် ပြောခဲ့သည်။

အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုမူဝါဒတွင် လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေမှ ပြောင်းလဲရန် လိုအပ်ပြီး ထိုသို့ အပြောင်းအလဲများ အထင်အရှား ပေါ်ပေါက်လာခြင်း မရှိပါက ပိတ်ဆို့ အရေးယူမှုသည်လည်း ဆက်လက် ရှိနေဦးမည်ဟု သူက ပြောသည်။ `ဒီမိုကရေစီရေး အပြောင်းအလဲ အတွက် နက်နက်ရှိုင်းရှိုင်း စိတ်ဆန္ဒ ရှိနေတယ် ဆိုတာကို သက်သေပြနိုင်တဲ့ အခိုင်အမာ ခြေလှမ်းတွေကို ဒီအစိုးရအနေနဲ့ မလုပ်ဆောင် နိုင်ရင် ပိတ်ဆို့ အရေးယူမှုတွေကို ဖြေလျှော့ပေးနိုင်မယ့် အလားအလာလည်း ရှိမှာမဟုတ်ပါဘူး´ ဟု သူက ဆိုသည်။

ရှိရင်းစွဲ ပိတ်ဆို့အရေးယူမှုများကို ပိုမိုထိရောက်စေရေးအတွက် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ လိုသေးသည်ဟုလည်း သူက ပြောသည်။ `တကယ်တော့ ကျနော်တို့ လုပ်ရမှာ လက်ရှိ ရှိနေတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အကောင်အထည် ဖော်ရာမှာ ပိုမို ထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖို့ပဲ´ ဟုလည်း သူက ပြောသည်။

အမျိုးသား ရင်ကြားစေ့ရေး ဒီမိုကရေစီလုပ်ငန်းစဉ်ဖြင့် တိုင်းပြည်ကို တစည်းတလုံးတည်း ဖြစ်အောင် လုပ်ရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်လည်း မစ္စတာမက်ကိန်းက တောင်းဆို လိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ကြေညာချက်ဖြစ်သည့် `မည်သည့် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် မဆို ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လူနည်းစုများ၊ အခြား အတိုက်အခံ ခေါင်းဆောင်များ၊ NLD တို့ ပါဝင်ရမည်´ ကို သူသဘောတူညီ ကြောင်းနှင့် NLD သည် ယခင်က တရားဝင် ပါတီအဖြစ် အသိအမှတ် ပြုခံခဲ့ရသည့် ပါတီဖြစ်ပြီး ယခုလည်း တရားဝင် နိုင်ငံရေးပါတီ တရပ် အဖြစ် နောက်ထပ် ပြန်လည် အသိအမှတ် ပြုသင့်ကြောင်းလည်း သူက ပြောသည်။

အနုမြူမပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာရန်လည်း သူက မြန်မာ အစိုးရကို တောင်းဆို သွားသည်။ မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ထားပြီး ဖြစ်ကြောင်း အဆိုပါ ခရီးစဉ်အတွင်း ဒုသမ္မတ သီဟသူရ ဦတင်အောင်မြင့်ဦးက သူ့ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။ အစိုးရထုတ် သတင်းစာ မြန်မာ့ အလင်းတွင် ဖော်ပြထားချက် အရ `မြန်မာနိုင်ငံ အနေဖြင့် အနုမြူ လက်နက်များ ထုတ်လုပ်ရန် အခြေအနေ မရှိပါကြောင်း၊ ထိုသို့ ထုတ်လုပ်နိုင်ရန် စီးပွားရေး အင်အားလည်း တောင့်တင်းခြင်း မရှိပါကြောင်း´ ဒုသမ္မတက သူ့ကို ပြောကြားခဲ့သည်။

`မြောက်ကိုရီးယားအစိုးရနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု မှန်သမျှကို ရပ်ဆိုင်းရန်နှင့် နိုင်ငံတကာ ဥပဒေအရ တာဝန် ရှိမှုများကိုလည်း လေးစား လိုက်နာပါရန်´ သူက မြန်မာ အစိုးရကို တောင်းဆို ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပြင်ပသို့ ထွက်ရန် ရည်ရွယ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် မြန်မာ အစိုးရအတွက် အပြောင်းအလဲ များကို အမှန်တကယ် လိုလားကြောင်း ပြသရန် အခွင့်အရေး တရပ်ဟုလည်း သူက ပြောဆိုခဲ့သည်။ ယခင်က ဖြစ်ပွားခဲ့သော NLD ပါတီဝင်များ၏ နိုင်ငံရေး လူထု အစည်းအဝေးကြီးများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်း များကို ရည်ညွှန်း၍ သူက `ယခင်ကကဲ့သို့သော အဖြစ်အပျက်များ ယခုတခါ မဖြစ်ပေါ်စေရေး အတွက် အစိုးရသစ်၏ ဆောင်ရွက်နိုင်စွမ်းနှင့် လိုလိုလားလား ရှိမှုသည် သူတို့၏ အပြောင်း အလဲအပေါ် တကယ် စိတ်ဆန္ဒရှိမှုကို စမ်းသပ်မည့် အရေးကြီးသော စမ်းသပ်ချက် တရပ်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ် ပေးရေးသည် ထင်ရှားသော နိုင်ငံသားတဦးကို ပေးအပ်သည့် အထူး အခွင့်အရေး မျှသာ မဟုတ်ဘဲ လူသား ဂုဏ်သိက္ခာအတွက် တောင်းဆိုမှု တရပ်လည်းဖြစ်ကာ နိုင်ငံသားတိုင်း ရထိုက်သော အခွင့်အရေး တရပ်လည်းဖြစ်သည်ဟု ပြောဆိုသည်။

နအဖ ၏ လူမှုရေးအသင်းဟုဆိုကာ ယခုအခါ အစိုးရရာထူးကြီးမျာကို ရယူထားသည့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့၏ အဖွဲ့ဝင်များနှင့် စစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် NLD ပါတီဝင်များ၏ ယာဉ်တန်းကို ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း၌ တိုက်ခိုက် ခဲ့ရာတွင် စီစဉ် ကြံစည်ခဲ့ကြသည်ဟု စွပ်စွဲ ပြောဆိုမှုများ ရှိသည်။ ယင်းဒီမိုကရေစီ စနစ် ဆန့်ကျင်သည့် လုပ်ရပ်၌ NLD ပါတီဝင် အနည်းဆုံး ၇၀ ကို ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက သတ်ဖြတ် ခဲ့သည်ဟုလည်း ဆိုကြသည်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု များကို စုံစမ်း စစ်ဆေး နိုင်ရန်အတွက် ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် တရပ် ဖွဲ့စည်း စစ်ဆေးရေး ဆက်လက် လုပ်ဆောင် ရန်လည်း မစ္စတာ မက်ကိန်းက ကမ္ဘာ့နိုင်ငံများကို တောင်းဆို ပြောကြားသွားသည်။ သို့သော် ထိုသို့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရေးကို ထောက်ခံ ပြောကြားခြင်းသည် `လက်စားချေရန်နှင့် အပြစ်ပေး ဒဏ်ခတ်ရန်´ တောင်းဆိုခြင်း မဟုတ်ကြောင်းလည်း သူက အလေးပေး ပြောဆိုခဲ့သည်။ `အရာရာကို တာဝန် ခံမှုရှိစေရန်နှင့် မြန်မာ ပြည်သူလူထု အတွက် တရားမျှတမှု ပေါ်ပေါက်ရေး အတွက်သာဖြစ်ကြောင်း´ သူက ပြောဆိုခဲ့သည်။

သူက အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော နွေဦးရာသီ တော်လှန်ရေးများကို ရည်ညွှန်းကာ `ယခုအခါ အပြောင်း အလဲများ ဖြစ်ပေါ်တော့မည့် လက္ခဏာများကို တွေ့မြင် နေကြရပြီဖြစ်သည်။ ထို အပြောင်းအလဲများသည် အာရပ် ကမ္ဘာတွင်သာ ရပ်တန့်နေမည် မဟုတ်ပါ။ တရွေ့ရွေ့ပြောင်းလဲသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အစိုးရများက ရှောင်ဖယ်နေမည် ဆိုလျှင် တော်လှန်ရေး နည်းဖြင့် ဖြစ်ပေါ်မည့် အပြောင်း အလဲများကို သူတို့ ရင်ဆိုင်ကြရမည်။ ထိုသို့ရွေးချယ်ခွင့်ကို ရွှေ့ဆိုင်းထား၍မူ ရနိုင်ကောင်း ရနိုင်ပါသည်၊ အချိန်ဆွဲထား၍ ရကောင်းရနိုင်ပါသည်၊ သို့သော် ငြင်းပယ်၍မူ ရမည်မဟုတ်ပါ´ ဟု သတိပေး ပြောကြား သွားခဲ့သည်။

မြို့တော်သစ် နေပြည်တော်ကို အမေရိကန်ဒေါ်လာ ၃၀ ဘီလျံ အကုန်ခံ၍ တည်ဆောက်ခဲ့သော လက်ရှိ အစိုးရကို ဖွံ့ဖြိုးမှု အတွက် တကယ် လိုအပ်နေသည့် အရာများကိုလည်း ပိုမိုအာရုံစိုက် လုပ်ဆောင် ပါရန်လည်း သူက တိုက်တွန်း ပြောကြား သွားသည်။ `ပြည်သူလူထုအတွက် အကောင်းဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အရာများကို မျက်ခြည် မပြတ်ရန်လည်း လိုပါသည်။ တိုင်းပြည်တွင်းရှိ အရေးတကြီး စိန်ခေါ်နေသည့် ပြဿနာများဖြစ်သော ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ အုပ်ချုပ်မှု စသည်တို့ကိုလည်း အစိုးရသစ်က အလားတူ ကိုင်တွယ် ဆောင်ရွက် သင့်ပါကြောင်း၊ နေပြည်တော် တည်ဆောက်စဉ်က အသုံးပြုခဲ့သော ဇွဲနှင့် အရင်းအမြစ်များ အတိုင်းပင် အသုံးပြု ဆောင်ရွက်သင့်ပါသည်´ ဟု သူက ပြောသည်။

`အစိုးရသစ်က တကယ့်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို စစ်စစ် မှန်မှန် လုပ်ဆောင်လိုစိတ် ရှိသည်ဆိုပါက သူတို့သည် အမေရိကန် ပြည်ထောင်စုဘက်မှ အလားတူ လိုလိုလားလား ဆောင်ရွက်မည့်သူကို တွေ့နိုင်မှာ ဖြစ်ပါသည်´ ဟုလည်း သူက ပြောသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့