..............................

Friday, June 10, 2011

ကချင်မှာ သေနတ်ပေါက်ပြီ

Thursday, 09 June 2011

ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေး တင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင် ဖြစ်ပွားကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ် ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ် ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြား နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိ ပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုး စမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက် ပြောသည်။

မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။

KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက် စာရင်းကို မသိရ သေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက် များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေး ခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲ ဖြစ်ခဲ့ပြီး ကတည်းက အစိုးရ တပ်များနှင့် စစ်ရေး တင်းမာ နေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရ တပ်များနှင့် တိုက်ပွဲ ဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင် သတင်းရပ်ကွက်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအား ပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ် ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှု အောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရ တပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်း ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘော တူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ် တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ် ခဲ့သေးကြောင်း သိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့