..............................

Thursday, January 6, 2011

ညီညွတ်ရေး လိုအပ်ဟု ဒဂုန်တာရာ နှစ်သစ်ကူးစကား ပြော

ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၅ ရက် ၂၀၁၁


နယူးဒေလီ (မဇ္ဈိမ) ။ ။ “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေး တည်ဆောက်ရန် လိုသည်” ဟု စာရေး ဆရာကြီး ဒဂုန်တာရာက ရန်ကုန်တွင် ယမန်နေ့ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် စာရေးဆရာများနှင့် မိတ်ဆုံစားပွဲ၌ ပြောဆိုခဲ့ကြောင်း သတင်းစာ ဆရာကြီး ဦးဝင်းတင် (ဟံသာဝတီ) က ပြောပြသည်။

ပန်းဆိုးတန်းလမ်းရှိ နန်းယု စားသောက်ဆိုင်၌ ညနေပိုင်းတွင် ၂ဝ၁၁ နှစ်သစ်ကူးပွဲနှင့် လွတ်လပ်ရေး မိတ်ဆုံစားပွဲ အဖြစ် စာရေး ဆရာများ စီစဉ် ပြုလုပ်သည့် ယင်းပွဲသို့ ဒဂုန်တာရာ၊ ပါရဂူ၊ ဦးဝင်းတင်၊ မောင်မိုးသူ၊ အံ့မောင် စသည့် စာရေးဆရာကြီးများ အပါအဝင် ကဗျာဆရာနှင့် စာရေးဆရာ ၄ဝ ခန့် တက်ရောက်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဗမာပြည်ရဲ့ ကောင်းကျိုးတွေအတွက် လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရှိမှ ဖြစ်မယ်။ ငြိမ်းချမ်းရေး လိုတယ်။ နိုင်ငံရေး လုပ်တာမှာလည်း ငြိမ်းချမ်းရေး ရှိရမယ်။ ကျန်တဲ့ စာပေ၊ အနုပညာ၊ စီးပွားရေး ဘက်တွေမှာလည်း ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ လုပ်သွားကြဖို့ ပြောတယ်။ ငြိမ်းချမ်းရေး အတွက် အရေးအကြီးဆုံး ကတော့ ညီညွတ်ရေး လိုအပ်တယ်လို့ သူပြောတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။ ရှမ်းပြည်နယ် အောင်ပန်းမြို့သို့ ပြန်မည့် ဆရာကြီး ဒဂုန်တာရာကို လေးစားသူများ ဦးဆောင်၍ အဆိုပါ မိတ်ဆုံစားပွဲကို ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒဂုန်တာရာက စာပေနှင့်ပတ်သက်သည့် သဘောတရားများ အယူအဆများ စာပေဖြတ်သန်းမှု အတွေ့ အကြုံများ ပြောခဲ့သည့် အပြင် စာပေ အနုပညာနှင့် နိုင်ငံရေး လောကတွင် ညီညွတ်ရေးကို ယုံကြည်စွာ လက်ခံကာ၊ အမှန်တကယ် တည်ဆောက်နိုင်ပါက ငြိမ်းချမ်းရေး ရရှိနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေး ရရှိပါက ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့သည်။

လာမည့် မေလ ၁ဝ ရက်နေ့တွင် အသက် ၉၂ နှစ်ပြည့်မည့် ဆရာကြီးသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အထူး လိုအပ်ကြောင်း အစဉ်တစိုက် ပြောကြားခဲ့သူ ဖြစ်သည်။

ဆရာပါရဂူနှင့် ဦးဝင်းတင် အပါအဝင် အခြားစာရေးဆရာ၊ ကဗျာဆရာများက ၎င်းတို့၏ စာပေအမြင် သဘောတရား ယုံကြည်ချက်များ ပြောဆို ဆွေးနွေးခဲ့သော်လည်း လက်ရှိ စာပေလောက အနေအထားနှင့် ပတ်သက်၍မူ ပြောဆိုမှု နည်းပါးခဲ့ကြောင်း သိရသည်။

“လက်ရှိ စာပေလောက အနေအထားတွေက ကျနော်လည်း သိပ်နားမလည်ဘူးလေ။ နားလည်တဲ့ လူတွေကျတော့ သိပ်ပြောလို့ ကောင်းချင်မှ ကောင်းမယ် အဲလိုများ ဖြစ်နေမလား မသိဘူးဗျ။” ဟု ဦးဝင်းတင်က ပြောသည်။

ယခုကဲ့သို့ စာရေးဆရာကြီးများနှင့် တန်းတူ မိတ်ဆုံစားပွဲသို့ ပထမဆုံးအကြိမ် ဖိတ်ကြား ခံခဲ့ရခြင်းနှင့် မိတ်ဆုံ စားပွဲတွင် စကားပြောခွင့် ရခြင်းအတွက် ဂုဏ်ယူမိသည်ဟု သူက ဆိုသည်။

ဆရာကြီး ဒဂုန်တာရာ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေကြောင်း သိရသည်။


Ref: မဇ္ဈိမ

0 comments:

အပေါ်သို့