..............................

Wednesday, January 5, 2011

စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်း စုကြည် ပြော

Tuesday, 04 January 2011

မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်သည်။

ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူ လူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေး အကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရား ဖမ်းဆီး ချုပ်နှောင် ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် စစ်မှန်သော လွတ်လပ်ရေး ရရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေ အခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြ နေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။

“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ်များ ပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေး အတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက် ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။

၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ် အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများ အနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ် လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများ အကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ် ဖော်ပြထားသည်။

အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော် အထိ များပြား လာခဲ့သည်ဟု အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက် များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံ အသိုင်းအ၀န်းကို စီးပွားရေး အခွင့် အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြု နေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့ အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံ ရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေး စာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့် မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲ သင့်ကြောင်း အကြံပြုထားသည်။

NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ် ပြုကြောင်း၊ လူသား အရင်း အမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက် လာဘ်စားမှု ကင်းသော၊ ထက်မြက် ထိရောက်သော မျှတပြီး တမျိုးသားလုံး ပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။

ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီများ၊ သတင်း မီဒီယာများ အပါအဝင် အင်အား အင်အား ရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံ ရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင် များအား နိုင်ငံရေး အကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။

ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက် ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီး ရယူခဲ့သည့် ရလဒ် ဖြစ်သဖြင့် ဤ အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း NDF ပါတီ တာဝန် ရှိသူများက ဆိုသည်။

လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင် ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့် အရေးများ ရှိသကဲ့သို့ တာဝန်များလည်း ရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။

လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။

၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက် ခဲ့ကြပြီး သဘာပတိ အဖြစ် နိုင်ငံရေး ဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်း မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့် အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။

ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့် ကာလ အတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက် ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက် ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင် အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများ အပေါ်၌ စေတနာ ကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။

“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန် အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စု ပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန် အတွက် နိုင်ငံရေး သစ္စာတရား နည်းပါးသူ တို့ကို အသိမဲ့ သော်လည်းကောင်း၊ သိပါလျက် သော်လည်းကောင်း စည်းရုံး သိမ်းသွင်း အသုံးချကာ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည် အားထုတ် လုပ်ဆောင် လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်း ပြောဆို ထားသည်။

ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ အတွက် ဂုဏ်ယူ ဖွယ်ရာ အစဉ် အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။

ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့