..............................

Wednesday, December 14, 2011

ဘိုကလေး မတော်တဆ ပေါက်ကွဲမှု ၅ ဦး ဒဏ်ရာရ

သဲသဲ
အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁

နယူးဒေလီ(မဇ္ဈိမ) ။ ။ ရေနံရှာဖွေရေးလုပ်ငန်းတွင် အသုံးပြုသည့် ဖောက်ခွဲရေးမိုင်း၏ အစိတ်အပိုင်း တခု (Detonator) အား ကလေးငယ် တဦး ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖခင်နှင့် ကလေးငယ်တဦး ပြင်းထန်စွာ ဒဏ်ရာရှိခဲ့သည့် ဖြစ်ရပ်တခု ဘိုကလေးမြို့နယ် အုန်းဘိုင်းကျေးရွာ၌ ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ယင်းပေါက်ကွဲမှုကြောင့် နေအိမ်ရှိ မိသားစု ၅ ဦး ဒဏ်ရာ ရရှိ သွားပြီး ဖခင်ဖြစ်သူမှာ ဘယ်ဘက် လက်ချောင်း သုံးချောင်း ပြတ်သွားခဲ့ပြီး သားဖြစ်သူ ဆယ်နှစ်အရွယ် မောင်ကောင်းလမ်းမှာ ပေါက်ကွဲမှုကြောင့် လွင့်စင်လာသည့် သတ္တုစများ ဝမ်းဗိုက်၌ ထိမှန်ခဲ့သည်။

“နှစ်ယောက်က အခြေအနေဆိုးတယ်။ အဲဒီမှာ တယောက်က လက်ဖြတ် ပစ်ရတယ်၊ ကလေးတယောက်က ဗိုက်ခွဲ ပြီးတော့ ကျည်ဖူးလို ဟာလေး ခွဲထုတ် ထားရတာပေါ့” ဟု ဘိုကလေးမြို့ ကုတင် ၁ဝဝ ဆေးရုံမှ ဆေးရုံဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအားလုံးမှာလည်း ဆေးရုံတွင်း ကုသမှု ခံယူနေသည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားမှုနှင့် ပတ်သက်၍ “ဘယ်ကနေ ဘယ်လို ရလာလဲ မသိဘူး။ မိဘတွေလည်း မသိဘူး။ ညကျတော့ အဲဒါကို ဓါတ်မီးနဲ့ ထိုးကြည့်တာ အဲဒီအစလေးနဲ့ ဓါတ်မီးနဲ့ သွားတေ့မိတာကနေ ထပေါက်တာပဲ” ဟု ဒဏ်ရာရှိသွား သူ ဖခင်ဖြစ်သူ ဦးအောင်မျိုးဆန်း ပြန်ပြောပြသည်။

အခင်းဖြစ်ပွားရာသို့ ဒေသအာဏာပိုင် ရဲတပ်ဖွဲ့ဝင်များနှင့် အထူးသတင်းတပ်ဖွဲ့မှ ရဲအရာရှိများ လာရောက်ခဲ့ပြီး ရေနံ ရှာဖွေရန် အသုံးပြုပြီးနောက် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် မိုင်း၏ အစိတ်အပိုင်းကြောင့် ပေါက်ကွဲမှုဖြစ်ကြောင်းနှင့် ကျန်ရှိခဲ့သည့် မိုင်းသီး အစိတ် အပိုင်းများအား သိမ်းဆည်းသွားခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။

ယင်းပေါက်ကွဲမှုနှင့် ပတ်သတ်၍ ဘိုကလေးမြို့နယ် ရဲစခန်းနှင့် အထူးသတင်းတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်း သော် လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပေ။

၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာအတွင်းက ဘိုကလေးမြို့နယ် အုန်းဘိုင်းကျေးရွာအနီး၌ ကုမ္ပဏီတချို့မှ မြေကြီးတွင်း မိုင်းခွဲ စမ်းသပ်၍ ရေနံ ရှာဖွေမှုများ ရှိခဲ့ပြီး မည်သည့် ကုမ္ပဏီဖြစ်သည်ကိုမူ မသိရပေ။ ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ထိခိုက်သူများ အနေဖြင့် လျော်ကြေး တစုံတရာ မရရှိနိုင်တော့ကြောင်း ယင်းဒေသသို့ ရောက်ရှိနေသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ - PDP ဥက္ကဋ္ဌက သုံးသပ်သည်။

“ဒေသအာဏာပိုင်တွေကလည်း မြန်မာ့ရေနံနဲ့ ဘသာဝ ဓါတ်ငွေ့ဝန်ကြီး ဌာနကို ဆက်သွယ်ပြီး cooperation လုပ်ရမှာ။ လှမ်းလက်ပြောပြီး လာတွေ့ရမှာပေါ့။ အခုထိ ဘာမှ လာလုပ်မပေးဘူး။ လက်နဲ့ လုပ်စားတာ လက်ပြတ် သွားတော့ ဘာလုပ်စားမတုန်း” ဟု အုန်းဘိုင်းရွာသို့ သွားရောက်ကြည့်ရှုခဲ့သူ PDP ဥက္ကဋ္ဌ ဦးနေမျိုးဝေက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့သော မပေါက်ကွဲသေးသည့် မိုင်းတချို့ကိုလည်း ဘိုကလေးမြို့နယ် ဆူးပဒိုင်းကုန်း ကျေးရွာအုပ်စု အနီး တဝိုက်ရှိ လယ်ကွင်းနှင့် ချောင်းစပ်တချို့တွင် တွေ့ရှိနေသဖြင့် ရွာသားများ စိုးရိမ်မကင်း ဖြစ်နေကြသည်

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့