..............................

Tuesday, December 13, 2011

အစိုးရနှင့် ကလိုထူးဖော အဖွဲ့ ပမာဏငြိမ်းချမ်းရေး လက်မှတ်ထိုး

မင်းသက်
တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းခွဲ ခွဲမထွက်ရန် အပါအ၀င် အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် အဖွဲ့ကွဲ တခုတို့ ပမာဏ ငြိမ်းချမ်းရေး တည်ဆောက်မှု သဘောတူညီချက်ကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားက ကြေညာသွားသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးသော အဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် အမတ် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးနှင့် ကလိုထူးဖောမှ ဦးစောနန်းဖွယ် ဦးဆောင်သော အဖွဲ့ဝင် ၆ ဦးတို့ ဘားအံမြို့တွင် နိုဝင်ဘာ သုံး ရက်နေ့က ပြုလုပ်သော ပြည်နယ်အဆင့် ပမာဏ ဆွေးနွေးပွဲမှ ရရှိသော သဘော တူညီချက်များကို အခြေခံပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထပ်မံ ဆွေးနွေးရာက သဘောတူလက်မှတ် ရေးထိုးနိုင်ခြင်း ဖြစ်သည်ဟု မြန်မာ့ ရုပ်မြင်သံကြား၏ သတင်း တရပ်တွင် ပါရှိသည်။

"ထာဝရ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဆက်ဆွေးနွေးသွားရန် သဘောတူကြပြီး ကရင်ပြည်နယ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ အရေးပါသော အစိတ်အပိုင်းတခု ဖြစ်သည့် ကရင်ပြည်နယ်ကို ပြည်ထောင်စု အတွင်းမှ မည်သည့်အခါမှ ခွဲမထွက်ရန် သဘောတူသည်။” ဟု စာချုပ်၏ အချက်အရ သိရသည်။

ကရင်အဖွဲ့၏ ယာယီအခြေပြုဒေသ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့ဝင်များ လူနေမှု ဘ၀ မြှင့်တင်နိုင်ရန် အလုပ်အကိုင်နှင့် အထောက်အပံ့များ ပေးရေးတို့လည်း သဘော တူထားကြသည်။

ထို့အပြင် ကလိုထူးဖောအဖွဲ့အနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဗဟိုအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန်လည်း သဘော တူလိုက်ကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့