..............................

Friday, July 22, 2011

နယ်စပ်တွင် ပျက်ကျသည့် ထိုင်း ဘလက်ဟော့ခ် ရှာဖွေနေဆဲ

သန်းထိုက်ဦး
Thursday, 21 July 2011

ထိုင်း-မြန်မာနယ်စပ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က ပျက်ကျခဲ့သော ထိုင်းစစ်တပ်မှ ဘလက်ဟော့ခ် ရဟတ်ယာဉ်မှ အသက်ရှင် ကျန်ဖွယ် ရှိသူများကို မြန်မာစစ်တပ် အကူအညီဖြင့် ထိုင်းစစ်တပ်က ယမန်နေ့မှ စတင်၍ သွားရောက် ရှာဖွေနေဆဲ ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဖက်ချဘူရီ ခရိုင်ရှိ ကန်ကရာချန် အမျိုးသား ဥယျာဉ်တွင် ပျက်ကျသွားသော စစ်ရဟတ်ယာဉ်မှ သေဆုံးသွားသူ ၅ ဦး၏ ရုပ်အလောင်းကို သယ်ယူရန် အသွားတွင် လူ ၉ ဦးပါ ယင်း ဘလက်ဟော့ခ် ရဟတ်ယာဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ပထမ ပျက်ကျသော ရဟတ်ယာဉ်သည် နယ်စပ်အနီး သစ်ခိုးခုတ်မှု သတင်းကြောင့် သွားရောက် စစ်ဆေးစဉ် ပျက်ကျခြင်း ဖြစ်သည်။

ပထမ စစ်ရဟတ်ယဉ်နှင့် လိုက်ပါသွားသော စစ်အရာရှိ ၅ ဦး၏ ရုပ်အလောင်းကို ယခု ပြန်လည် သယ်ဆောင်ခဲ့ပြီး ဖြစ်သည်။

ထိုင်းစစ်တပ်မှ အဖွဲ့ ၂ ဖွဲ့သည် မြန်မာစစ်တပ်၏ အကူအညီဖြင့် ဘလက်ဟော့ခ် ပျက်ကျသည့် နေရာသို့ သွားရောက် နေကြောင်း၊ ဘလက်ဟော့ခ် ရဟတ်ယဉ်ဖြင့် လိုက်ပါသွားသည့် ၉ ဦးကိုမူ လိုက်လံ ရှာဖွေဆဲ ဖြစ်ကြောင်း၊ ရှာဖွေရန် ၃ ရက် ၄ ရက်ခန့် ကြာနိုင်ကြောင်း ယနေ့ ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ်က ထိုင်းမီဒီယာများသို့ ပြောရာတွင် ဘလက်ဟော့ခ်သည် မြန်မာ ပိုက်နက်ထဲသို့ ပျက်ကျခြင်း ဟုတ်မဟုတ် အတည် မပြုနိုင်သေးကြောင်း၊ ထိုင်း-မြန်မာ နယ်စပ် အနီး ဖြစ်နိုင်ကြောင်း၊ ဘလက်ဟော့ခ် အရေးပေါ် နေရာပြ အချက်ပေး ကိရိယာ အလုပ် မလုပ်တော့သော်လည်း အသက်ရှင် ကျန်သူများ ရှိမည်ဟု မျှော်လင့်ကြောင်း ဆိုသည်။

ယမန်နေ့က ဘန်ကောက်ပို့စ် သတင်းတွင်မှု ဘလက်ဟော့ခ် ပျက်ကျဖွယ် ရှိသည့်နေရာကို မြန်မာ စစ်သားများက ခန့်မှန်း နိုင်ခဲ့ပြီး ယင်း စစ်သားများက ပျက်ကျရာနေရာကို ထိုင်းစစ်တပ်သို့ အကြောင်းကြား ခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ထိုင်းစစ်တပ် သတင်းရပ်ကွက်ကမူ ရာသီဥတုကြောင့် ဖြစ်နိုင်သည်ဟု ပြောဆိုထားပြီး ဘလက်ဟော့ခ် ပျက်ကျသည့် အချိန်တွင် မိုးသည်းထန် နေပြီး လေပြင်းများ တိုက်နေသည်ဟု ဆိုသည်။

ဘလက်ဟော့ခ် ရဟတ်ယာဉ်သည် တနင်္သာရီတိုင်း မြိတ်မြို့အနီးသို့ ပျံသန်းခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက် သွားသည်ဟု ထိုင်းစစ်တပ်၏ ကမ္ဘာ့ မြေပုံနေရာပြ စနစ် (GPS) က ဖော်ပြနေကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ရေးသား ထားသည်။

ထိုင်းသတင်းများအရ မြန်မာအစိုးရတပ်က ရှာဖွေမည့်လမ်းကြောင်းတွင် မိုင်းအများအပြား ထောင်ထားသောကြောင့် သတိထား သွားလာရန် ထိုင်းစစ်သားများကို အသိပေးထားကြောင်း သိရသည်။

ထိုင်းစစ်တပ်မှ အရာရှိတဦးကလည်း “ရဟတ်ယာဉ် ပျက်ကျတဲ့ နေရာကို သွားနေတာ မရောက်သေးဘူး၊ နောက်ပြီး အဲဒီဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့မိုင်းတွေ ရှိတယ် ဆိုတော့ သတိထားပြီးတော့ သွားရမှာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပျက်ကျဖွယ်ရှိသည့် နေရာသို့ ခြေလျင်သွားပါက အနည်းဆုံး ၂ ရက်ခန့် ကြာနိုင်ကြောင်းနှင့် ယင်းနေရာသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များနှင့် အစိုးရတပ်များ လှုပ်ရှား ဒေသဖြစ်ကြောင်း သိရသည်။

၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ထိုင်းစစ်တပ်မှ ဂျက် ရိန်းဂျား ရဟတ်ယာဉ်တစီး ထိုင်း-မြန်မာ နယ်စပ်တွင် ပျက်ကျ ခဲ့ဖူးပြီး သတင်းဌာနများနှင့် မြန်မာ အတိုက်အခံများက မြန်မာစစ်တပ်က ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ထိုင်းစစ်တပ်ကမူ ရာသီဥတု အခြေအနေ ဆိုးသောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။ ထိုစဉ်က ရဟတ်ယာဉ် မောင်းသူ ၂ ဦးအပါအဝင် ထိုင်းစစ်သား ၄ ဦး သေဆုံးသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့