..............................

Thursday, October 14, 2010

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌအား လယ်ယာသိမ်းအမှုမှ ပယ်ဖျက်ကြောင်း အမိန့်ချ

ပေါက်ပေါက်
၁၃ အောက်တိုဘာ ၂၀၁၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဟူးကောင်းချိုင့်ဝှမ်းဒေသမှ လယ်ယာမြေများ သိမ်းယူခဲ့သည့် ယုဇန ကုမ္ပဏီ အပေါ် တရား စွဲဆိုမှုတွင် ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ နာမည်အား ပယ်ဖျက်ကြောင်း ပြည်နယ် တရားရုံးက ယမန်နေ့က ကြားဖြတ်အမိန့် ချမှတ်လိုက်သည်။

ယုဇနကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့်အမည်အား ပယ်ဖျက်ပြီး ၎င်း၏ အစ်ကိုဖြစ်သူ ဦးပုကြည်က တာဝန်ခံ၍ တရား ရင်ဆိုင်သွားရန် ကချင်ပြည်နယ် တရားသူကြီး ဦးတူးဂျာက ကြားဖြတ် အမိန့် ချမှတ်ခဲ့သည့် အတွက် လယ်ယာမြေ သိမ်းသည့်အပေါ် တရားစွဲဆိုရန် ဆောင်ရွက်ပေးနေသည့် ဒေါ်ဘောက်ဂျာက ဆက်လက် အယူခံ သွားရန် ရှိကြောင်း ပြောသည်။

၎င်းက “ဦးပုကြည်ကိုပဲ တာဝန်ခံခိုင်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာလေ။ ကျမတို့က တာဝန်ခံကို တရားစွဲထားတာ မဟုတ်ဘူးလေ။ ကုမ္ပဏီ ဥက္ကဋ္ဌကို တရားစွဲထားတာ။ သူက ညွှန်ကြားမှ ကုမ္ပဏီ တာဝန်ခံက လိုက်လုပ်ရတာ။ ဥက္ကဋ္ဌက ရန်ကုန်မှာ နေတာပေါ့၊ တာဝန်ခံနဲ့ ဖြေရှင်းလို့ ရတယ်ဆိုပြီး အမိန့်ချတယ်” ဟု ပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဝရာဇွပ်၊ ရှဒူးဇွပ်၊ နမ်ဆန်၊ အောင်ရာနှင့် ဘန်ကောက် ကျေးရွာတို့မှ လယ်သမား များ၏ လယ်မြေဧက (၁,ဝဝဝ) ကျော်ကို ယုဇနကုမ္ပဏီက ၂ဝဝ၇ ခုနှစ်၌ သိမ်းယူခဲ့ သဖြင့် လယ် မလုပ်ရသည့် (၃) နှစ်အတွက် နစ်နာကြေး ပေးရန် လယ်သမား (၃၇) ဦးက (၂) သုတ်ခွဲပြီး တရား စွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

၎င်းက “ကုမ္ပဏီက (၁) ဧက ကျပ် (၈) သောင်း နှုန်းနဲ့ အတင်းအကျပ် ဈေးဖြတ်ပြီး လျော်ပေးခဲ့တာ။ မြေရိုင်းကနေ လယ်မြေ ဖြစ်အောင် လုပ်တဲ့ အခတောင် မရှိဘူး။ ကျမတို့က တရားစွဲတာ (၁၇) ယောက်က တသုတ်၊ (၂ဝ) က တသုတ် ဖြစ်နေတယ်။ (၁၅) ရက်နေ့မှာ တောင်သူ (၂ဝ) က ယုဇနကုမ္ပဏီ ဥက္ကဋ္ဌကို တရားစွဲတဲ့ ဟာအတွက် ရက်ချိန်း ပေးထားတာ ရှိသေးတယ်။ တခါတည်း မလုပ်ဘဲ လူများလို့ ဆိုပြီး အဲလို အသုတ်ခွဲ၊ ရက်ချိန်းတွေ ပေးနေတော့ ကျမတို့ အလုပ်အကိုင်တွေ ပျက်နေရတယ်။ နောက်ထပ် တောင်သူ (၅ဝ) လောက်လည်း တရားစွဲဖို့ ပြင်နေကြတယ်” ဟု ပြောသည်။

တနိုင်း-နမ္မတီး-မြစ်ကြီးနား လီဒိုလမ်းပေါ်ရှိ ကျေးရွာများမှ တောင်သူ (၆ဝဝ) ကျော် ပိုင်ဆိုင်သည့် လယ်မြေများ ကို ဒေသခံ စစ်တပ်၊ ရဲနှင့် အာဏာပိုင်များ အကူအညီဖြင့် ယုဇနကုမ္ပဏီက သိမ်းယူကာ ပလောပီနံ စိုက်ပျိုးရေး လုပ်ကိုင်ခဲ့သည်။

ယင်းအပေါ် တောင်သူများက တရားစွဲရန် ပြင်ဆင်ရာမှ ယခုနှစ်အတွင်း (၁) ဧက ကျပ် (၈) သောင်းနှုန်းဖြင့် ယုဇန ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဌေးမြင့် လက်မှတ် ပါရှိသည့် လျော်ကြေး စာချုပ်များဖြင့် တောင်သူများအား ဒေသခံ အာဏာပိုင်များ မှတဆင့် အတင်းအကျပ် လက်မှတ် ထိုးခိုင်းပြီး လျော်ကြေး ပေးခဲ့ရာ တောင်သူအချို့က လက်မှတ် မထိုးဘဲ တရား စွဲဆိုနေခြင်းဖြစ်သည်။

ယုဇနကုမ္ပဏီသည် အဆိုပါ ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ မြေဧက (၄) သိန်းရှိ ပလောပီနံ စိုက်ခင်းများကို မြန်မာပြည် အောက်ပိုင်းမှ အလုပ်သမားများ ထောင်နှင့်ချီ ငှားရမ်း ခေါ်ယူ လုပ်ကိုင်နေပြီး မကြာသေးမီက အဆိုပါ အလုပ် သမားများကို နယ်မြေခံ စစ်တပ်က စစ်သင်တန်းများ ပေးကာ လက်နက်များ ထုတ်ပေးခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့