..............................

Wednesday, October 13, 2010

ရှမ်းပြည် မြောက်ပိုင်း၌ စစ်တပ် ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုများ ပြုလုပ်

စိုင်းဇွမ်ဆိုင်း
Tuesday, October 12, 2010

မြန်မာစစ်တပ်က ဖိအားပေးမှုကြောင့် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်မှ ကျေးရွာငယ် များနှင့် ကျောက်မီးသွေး လုပ်ငန်း လုပ်ကိုင်နေသည့် ကုမ္ပဏီများသည် လားရှိုးမြို့ပေါ်သို့ လွန်ခဲ့သည့် နှစ်ပတ်ခန့်က ရွှေ့ပြောင်းခဲ့ရကြောင်း သိရှိရသည်။

လားရှိုးမြို့နယ် နမ္မကျေးရွာတဝိုက်မှ ကျေးရွာ ၃ ရွာ၊ ၄ ရွာခန့်နှင့် ကျောက်မီးသွေး တူးနေကြသည့် ပုဂ္ဂလိက ကုမ္ပဏီများ ဖြစ်သော အေးရှားဝေါလ် ကုမ္ပဏီနှင့် ငွေရည်ပုလဲ ကုမ္ပဏီတို့သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ၏ ညွှန်ကြား ချက်ကြောင့် ပြောင်းရွှေ့ ကြရသည်ဟု စစ်တပ် အသိုင်းအ၀န်းက ပြောသည်။

ယင်းသို့ ရွှေ့ပြောင်းခိုင်းထားခြင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ငြင်းဆန်နေသည့် အပစ်ရပ် ရှမ်းပြည် တပ်မတော်- မြောက်ပိုင်း (SSA- N) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့ကို စစ်ရေးအရ ဖိအား ပေးလိုသောကြောင့် ဖြစ်သည်ဟု စစ်ရေး လေ့လာသူများက ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် မှ အမည်မဖော်လိုသူ အရာရှိတဦးက“ကျောက်မီးသွေး စီမံကိန်း ရှိတဲ့ နေရာတွေက စစ်ဆင် ရေး လုပ်မယ်၊ စစ်ကြောင်း ထိုးမယ်ဆိုရင် အဓိကကျတဲ့ နေရာတွေပါ၊ တန့်ယန်းဘက်ကို ဆက်သွားမယ်ဆိုရင် ဝ နယ်ကို ရောက်မယ်၊ မိုင်းရယ် ကနေ ပြန်ခွဲထွက်လိုက်မယ် ဆိုရင် SSA ရဲ့ စိန်ကျော့ ဝမ်ဟိုင်းဘက်ကို ပေါက်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများဖြစ်လာလျှင် ပြည်သူများကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပြောင်းရွှေ့ခိုင်းထားခြင်းသာ ဖြစ်ကြောင်း၊ အဓိကကျ သည့် စစ်ဆင်ရေးများ စတင်မှု မရှိသေးကြောင်းလည်း ၎င်းအရာရှိက ဆက်လက် ပြောဆိုသည်။

ယခု ပြောင်းရွှေ့ ခိုင်းခြင်းသည် ၎င်းတို့ စီမံကိန်းနယ်မြေများအတွင်း အစိုးရ စစ်ကြောင်းများ လှုပ်ရှားမည်၊ ထိုဒေသ များမှ တဆင့် SSA- N နှင့် UWSA တို့၏ နယ်မြေများကို ချဉ်းကပ်မည်ဟု ကျောက်မီးသွေး စီမံကိန်းတွင် လုပ်ကိုင်ခဲ့ဖူးသည့် အေးရှားဝေါလ် ကုမ္ပဏီမှ ဘူမိဗေဒ ပညာရှင်တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း ဘူမိဗေဒ ပညာရှင်က“ကျောက်မီးသွေး လုပ်ငန်းတွေကိုရပ်ပြီး မြို့ပေါ်ကို ရွှေ့ခိုင်း ထားတာကတော့ နှစ်ပတ် ကျော်ပြီ၊ အခုတော့ ရွာငယ်တွေကို တနေရာတည်းမှာ စုပြီးနေဖို့ ရွှေ့ပြောင်းခိုင်း ထားတယ်လို့ ကြားတယ်”ဟု ပြောသည်။

ထိုဒေသတွင် အစိုးရပိုင် နမ္မ ကျောက်မီးသွေး စီမံကိန်း တည်ရှိသော်လည်း ယင်း စီမံကိန်းကို ရပ်နား ထားခိုင်းခြင်း မရှိဟု လည်း သိရှိရသည်။

နမ္မ ကျေးရွာသည် SSA- N တပ်မဟာ (၁) လှုပ်ရှားမှုရှိနေသော ဒေသဖြစ်ကြောင်း၊ SSA- N ဘက်မှလည်း စစ်ရေး အရ ပြင်ဆင်မှုများ အပြင် တပ်ဖွဲ့ဝင်များ၏ မိသားစုများကို ဘေးလွတ်ရာသို့ ပို့ဆောင် ထားခြင်းများ ရှိကြောင်း ရှမ်းပြည် စစ်ရေး လေ့လာသူ သျှမ်းသံတော်ဆင့် သတင်းဌာနမှ ဦးစိန်ကြည်က ဆိုသည်။

နအဖ စစ်တပ်ဘက်မှလည်း ဒေသအတွင်း တပ်များကို ယခင်လပိုင်း ကတည်းက ဖြန့်ကျက်ထားမှုများ ရှိသည်ဟု ၎င်း က ပြောသည်။

UWSA ၏ ထိန်းချုပ်နယ်မြေဖြစ်သော ပန်ယန်း၊ ပန်ဆန်းမြို့များမှတဆင့် တရုတ်နိုင်ငံဘက်သို့ ယခု လဆန်းပိုင်းမှ စ၍ ကုန်စည် စီးဆင်းမှုများ ကျဆင်းသွားကြောင်းလည်း ဒေသခံ ယာဉ်မောင်း တဦးက ပြောသည်။

၎င်းက“ဝ တပ်တွေနဲ့ ဗမာတပ်တွေကြား အခြေအနေ တင်းမာနေတယ်ဆိုလို့ ဘယ်သူကမှ အဲဒီဘက်ကို သိပ်မသွားကြ တော့ဘူး၊ အခြေအနေ မကောင်းရင် ပေါ်တာပါ အဆွဲ ခံရနိုင်တယ်”ဟု ဆိုသည်။

SSA- N ၏ တပ်မဟာ (၁) နှင့် UWSA တို့သည် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် နေကြပြီး UWSA သည် အင်အား နှစ်သောင်းကျော်နှင့် SSA- N သည် အင်အား သုံးထောင်ကျော် ရှိကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့