..............................

Wednesday, October 13, 2010

နအဖစစ်တပ်က ဓားပြတိုက်၍ အဘွားအိုတဦးကို ပစ်သတ်

ဝီရ
၁၂ အောက်တိုဘာ ၂၀၁၀

မြန်မာနိုင်ငံတောင်ပိုင်း မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကျေးရွာတရွာကို နအဖစစ်တပ် တပ်ဖွဲ့ ဝင်တို့က ဓားပြ တိုက်ခဲ့ပြီး အသက် (၆၈) နှစ်အရွယ် အဘွားအို တဦးကိုလည်း သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တခု ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ၌ လှုပ်ရှားနေသော စကခ (၈) လက်အောက်ခံ ခလရ (၁၀၃) တပ်ရင်းမှ ဗိုလ်ကျော်ညွန့်နှင့် တပည့် (၃) ဦးတို့က ယင်းဖြစ်ရပ်ကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ (၁) ရက်နေ့ည (၁၀) နာရီက အခင်း ဖြစ်ပွားခဲ့သည့် ကျောက်ကဒင်ရွာမှ ရွာသားတဦးက ပြောကြားသည်။

၎င်းက “အသတ်ခံရတဲ့ အဘွားအိုဆီက နားကပ်တရံရယ်၊ လက်စွပ် (၂) ကွင်း၊ ပိုက်ဆံ (၁) သောင်းလောက် ဗိုလ်ကျော်ညွန့်က ယူသွားတယ်။ ပြီးတော့ အဲဒီလို အသတ်ခံရတာကို ရွာဥက္ကဋ္ဌ ကိုယ်တိုင်က စစ်တပ်ကို ကြောက်ပြီး အဘွားအိုက လေဖြတ်ခံရပြီး သေတာလို့ သတင်း လွှင့်ခိုင်းနေတော့ ဒီကိစ္စကို ဘယ်သူမှ တိုင်ကြားတာ မလုပ်ရဲဘူး။ ဒါပေမယ့် ခလရ (၁၀၃) လှုပ်ရှား တပ်ရင်းက ဗိုလ်ကျော်ညွန့်တို့ အဖွဲ့က သတ်သွားတယ် ဆိုတာကိုတော့ ရွာသားတိုင်းက သိနေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ (၉) ရက်နေ့ ညပိုင်းကလည်း အလားတူ ဖြစ်ရပ်အချို့ကို ခလရ (၁၀၃) တပ်ရင်းက ထပ်မံ ကျူးလွန် ခဲ့ကြောင်း သိရသည်။

“(၉) ရက်နေ့ည အဘွားအို ရက်လည်ဆွမ်းအတွက် ချက်ပြုတ်နေတဲ့ညပိုင်းမှာ ကျောက်ကဒင် ရွာက မိအွန် အိမ်ကို ခလရ (၁၀၃) တပ်ဖွဲ့ တချို့က တက်သွားတယ်။ အဲဒီမှာ မိအွန်က အကူအညီတောင်း၊ အော်ဟစ်တော့ လာကူညီတဲ့ နိုင်မွန်ထော ဆိုသူကို သူတို့က ဖမ်းလိုက်ပြီး ထုထောင်း ရိုက်နှက်သေးတယ်။ လူတွေ ဝိုင်းအုံ များလာတာကို အခွင့်ကောင်းယူပြီး နိုင်မွန်ထောက ထွက်ပြေးတော့ သေနတ်နဲ့ ပစ်သေးတယ်။ လူတော့ မထိခဲ့ဘူး။ အခု နိုင်မွန်ထောလည်း ရွာကနေ ထွက်ပြေး နေရတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ရွာသားတွေက ဒီဒေသမှာ လှုပ်ရှားနေတဲ့ ခလရ (၁၀၃) က စစ်တပ်တွေမှန်း သိသွားကြတယ်” ဟု အခြား ကျောက်ကဒင် ရွာသားက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့် ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင်ရွာသည် မွန်ခွဲထွက် အဖွဲ့တို့ လှုပ်ရှားရာ ဒေသလည်း ဖြစ်ကြောင်း၊ နအဖ စစ်တပ်က ဓားပြတိုက်၍ ရွာသား တဦးအား သတ်ဖြတ် ခဲ့သည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် ပါတီက အတည်ပြု ပြောကြားသည်။

မွန်ပြည်သစ် မဟာမိတ်ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်းက “ဒီကိစ္စကို ကျနော်တို့လည်း ကြားထား ပါတယ်။ ဆက်ပြီး စုံစမ်း နေဆဲပါ။ အုပ်ချုပ်သူ အစိုးရတပ် ကိုယ်တိုင်က သူတို့ လုပ်ချင်သလို လုပ်နေတဲ့ နယ်မြေဒေသတွေ ဆိုတော့ အဲဒီလို လက်ရဲဇက်ရဲ ဓားပြ တိုက်တာတို့၊ ရွာသားတွေကို နှိပ်စက် ညှဉ်းပန်းတာတို့ အမြဲ ဖြစ်ပေါ်နေတဲ့ ဒေသဖြစ်တယ်။ အဲဒီဒေသဟာ အညိုရောင် နယ်မြေ အဖြစ် စစ်အစိုးရ တပ်တွေက သတ်မှတ် ထားတဲ့ အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အဆိုးဝါးဆုံး ဒေသတခု ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် အစပ်ဖြစ်သော အဆိုပါ နယ်မြေသည် မြန်မာ စစ်အစိုးရနှင့် အပစ် ရပ်စဲခဲ့သည့် နောက်ပိုင်းမှ မွန်ပြည်သစ် ပါတီက လက်လွှတ် ဆုံးရှုံးခဲ့ရသည့် နယ်မြေလည်း ဖြစ်ကြောင်း နိုင်ဟံသာဗွန်ခိုင်းက ပြောသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့