..............................

Friday, June 4, 2010

ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံကော်ပိုရေးရှင်း ဖွဲ့ပေးမည်

မြတ်ခိုင်ဦး / ၀၃ ဇွန် ၂၀၁၀

ထိုင်းအလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများအတွက် အသက်အာမခံ လျော်ကြေးငွေ ပေးအပ်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခု တည်ထောင်ခွင့် ပြုတော့မည်ဖြစ်သည်။

ယမန်နေ့က ပြုလုပ်သော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် ထိုင်း အလုပ်သမား ဝန်ကြီး ဌာနက ယင်းသို့ ချမှတ် လိုက်ခြင်းဖြစ်ကြောင်း အစိုးရ သတင်းအေဂျင်စီတွင် ဖော်ပြသည်။

အလုပ်သမားလစာ၏ (၀.၂) ရာခိုင်နှုန်းမှ (၁) ရာခိုင်နှုန်းအထိ အလုပ်ရှင်က ပေးအပ်ရမည်ဖြစ်သော အသက်အာမခံ ငွေကြေးဖြင့် ရွှေ့ပြောင်း အလုပ်သမားများ အတွက် အာမခံ လျော်ကြေးငွေ ပေးအပ်နိုင်ရန် တသီးပုဂ္ဂလ ကော်ပိုရေးရှင်း တခုကို မကြာခင် ခွင့်ပြု ဖွင့်လှစ် ပေးသွားတော့မည်ဖြစ်သည်။

အစီအစဉ်အရ ကော်မတီခွဲများသည် တပတ်အတွင်း အာမခံကုမ္ပဏီတခုခုကို ရှာဖွေ၍ လိုအပ်သော အချက်အလက် မှတ်တမ်းများကို နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ၏ နောက်အပတ် အစည်းအဝေးတွင် တင်ပြရမည် ဖြစ်သည်။

ဤအာမခံလျော်ကြေးငွေသည် ထိုင်းအလုပ်သမားများ ရရှိခံစားရသော လူမှုဖူလုံရေး ရန်ပုံငွေနှင့် သက်ဆိုင်ခြင်း မရှိဘဲ ရွှေ့ပြောင်း အလုပ်သမားများ အတွက် တသီးပုဂ္ဂလ ကော်ပိုရေးရှင်းတခုမှ သီးခြားတာဝန်ယူ လုပ်ကိုင်ရမည်ဖြစ်ကာ လျော်ကြေး ပေးအပ်မည် မပေးအပ်မည် ဆိုသည်ကို အဆိုပါ ကော်ပိုရေးရှင်းမှ ဆုံးဖြတ်ပိုင်ခွင့် ရှိမည် ဖြစ်သည်။

အလုပ်သမားမှ တောင်းခံလာလျှင် ပေးအပ်မည့် စံချိန်စံညွှန်း ကိုက်မကိုက် ဆိုသည့် ကိစ္စအတွက်မူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးက “ပြီးခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေလည်း ထိခိုက် နစ်နာတယ် ဆိုတာကို မီဒီယာတွေက တော်တော် ကျယ်ကျယ်ပြန့်ပြန့် တင်ပြတာတွေ ရှိတော့ ဒါကို အရေးတယူ စဉ်းစားလာရတာ ဖြစ်မယ်” ဟု ဆိုသည်။

တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံလျော်ကြေးငွေ ပေးအပ်ရေး ကော်ပိုရေးရှင်းတခု ထူထောင်ပေးမည်ဟု ထိုင်း အစိုးရက ဆုံးဖြတ်လိုက်သည့် တချိန်တည်းတွင်ပင် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများကို တိုင်းပြည်အတွင်းမှ ဖမ်းဆီးပြန်ပို့ရေး အစီအစဉ်ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထား လုပ်ဆောင် သွားမည်ဟု သိရသည်။

တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးပြန်ပို့ရေးအတွက် ထိုင်း ဒု-၀န်ကြီးချုပ်က အထူးတပ်ဖွဲ့များ ဖွဲ့စည်းရန် သဘော တူခဲ့ပြီးဖြစ်ကာ အဆိုပါ ဖမ်းဆီးရေး လုပ်ငန်းစဉ်အတွက် သုံးစွဲရန် အလုပ်ရှင်ထံမှ အလုပ်သမားခွန် အဖြစ် တရားဝင် အလုပ်သမား တဦးလျှင် ဘတ်ငွေ (၂,၄၀၀) ကောက်ခံသွားမည် ဖြစ်သည်။

စာရင်းဇယားများအရ ၂၀၀၉ ခုနှစ်အတွင်း တရားမဝင်အလုပ်သမား ခန့်ထားမှုအတွက် အလုပ်ရှင်ပေါင်း (၁,၅၁၈) ဦးကို ဖမ်းဆီးခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီး ခံရသူပေါင်းမှာ (၁၁,၄၃၆) ဦးရှိသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန် နောက်ဆုံးထား၍ အလုပ်လုပ်ခွင့် ဘတ်သက်တမ်း ဆက်ရမည်ဖြစ်သော ရွှေ့ပြောင်း အလုပ်သမားများ အနက် ဦးရေ (၃၀၀,၀၀၀) ကျော်သည် တရားမဝင် အလုပ်သမားများ အဖြစ်သို့ ကူးပြောင်း ရောက်ရှိ သွားကြသည်။

ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်၏ ကုန်ကျငွေစရိတ်ကို မတတ်နိုင်ခြင်းနှင့် အဆိုပါ လုပ်ငန်းစဉ်အား ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိမှုများကြောင့် ဖြစ်သည်ဟု အလုပ်သမားရေး အဖွဲ့များမှ ထုတ်ဖော်ပြောဆိုသည်။

အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား နိုင်ငံသား စိစစ်မှုခံယူပြီး ယာယီ နိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရမည်ဟု ဆိုသော်လည်း ၎င်းတို့ အများစုသည် အကြောင်း အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဆက်လက် ၀င်ရောက် နေကြဆဲဖြစ်ကာ ယမန်နေ့ကပင် မြန်မာအမျိုးသမီး (၄၆) ဦးအား ရနောင်းမြို့အနီး ထိုင်းရေပိုင်နက် ပင်လယ်ပြင်တွင် ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့