..............................

Friday, June 4, 2010

ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို အရေးယူပြီ

တက်လူ / ၀၃ ဇွန် ၂၀၁၀

သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုပြုလုပ်ခဲ့သည့် ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်းမြို့နယ် တရားရုံးက ပြစ်မှု ကျင့်ထုံးပုဒ်မ ၂၀၄ (၁) အရ ယနေ့ အရေးယူလိုက်ကြောင်း ဆဲဗင်းဒေး သတင်းဂျာနယ်မှ သတင်းထောက် မအေးသူစံက ပြောသည်။

၎င်းက “အမှုနဲ့ပတ်သက်ပြီးတော့ ဒီနေ့ တရားရုံးက နေပြီးတော့ မြို့နယ်တရားသူကြီး ဦးနေအောင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၂၃ / ၅၀၆) ပထမပိုင်းအရ အရေးယူလိုက်ပြီလို့ ပြောပါတယ်” ဟု ဆိုသည်။

ပုဒ်မ (၃၂၃) သည် နာကျင်စေမှုဖြစ်ပြီး ပုဒ်မ (၅၀၆) ပထမပိုင်းသည် ခြိမ်းခြောက် ပြောဆိုမှုဖြစ်ကြောင်း သိရသည်။

ထက်ထက်မိုးဦးက တရားရုံးသို့ လာရောက်ခြင်း မရှိသည့်အတွက် သမ္မန်စာ ဆင့်ခေါ်ထားကြောင်း၊ (၃) ကြိမ်အထိ မလာရောက်ပါက တရားဥပဒေအတိုင်း ဆက်လုပ်သွားမည် ဖြစ်ကြောင်း မအေးသူစံက ပြောသည်။

အမှုကို ဇွန်လ (၁၇) ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီ မအေးသူစံဘက်မှ အကျိုးဆောင်ရှေ့နေမှာ တရားရုံးချုပ်ရှေ့နေ ဦးသန်းထွန်းအောင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ တရားရုံးရောက်ရသည့်အဖြစ်နှင့်ပတ်သက်၍ မအေးသူစံက “ကျမတသက်နဲ့တကိုယ် ဒီလိုမျိုး ရုံးရောက်လောက်တဲ့ အထိတော့ မမျှော်လင့်မိပါဘူး။ ကျမတို့ သတင်းထောက် အလုပ်ဆိုတာ ဒီလိုရုံးတွေ ဂတ်တွေနဲ့တော့ နီးစပ်တယ် ပြောရမှာပေါ့။ အခုလိုမျိုး တရားရုံးကို ရောက်ရတယ်ဆိုတာလည်း ကျမအနေနဲ့ ကြားထဲက နေပြီးတော့ စာပေနဲ့စာနယ်ဇင်း၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက နေပြီးတော့ သူနဲ့ကျမကို ကြားဝင် ညှိနှိုင်းပေးတယ်။ ကျမဘက်ကလည်း ကျမ လိုက်လျောနိုင်တဲ့ အတိုင်းအတာကို ပြောလိုက်တယ်ပေါ့။ သူ့ဘက်က လိုက်လျောခြင်း မရှိတဲ့အတွက် တရားဥပဒေ လမ်းကြောင်းတခုပဲ ရှိတော့တဲ့အတွက် ဒီလမ်းကြောင်းကိုပဲ ဆက်လုပ်ရမယ့်ပုံစံ ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့်လ (၁၉) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် ဂျွန်ဆင်စ် ဘေဘီ အလှကုန် ပရိုမိုးရှင်းပွဲပြုလုပ်ရာ Ball Room တွင် မင်းသမီး ထက်ထက်မိုးဦးအား 7Day News ဂျာနယ် မှ မအေးသူစံက အင်တာဗျုး ပြုလုပ်ပြီးနောက် မေးသော မေးခွန်းအပေါ် မကျေမနပ် ဖြစ်ကာ ထက်ထက်မိုးဦးက သတင်းထောက်ကို ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့သည့် အပေါ် ရန်ကင်းမြို့နယ်တရားရုံးတွင် သတင်းထောက် မအေးသူစံက ဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

“သူ့ရဲ့ တုံ့ပြန်မှုကတော့ ကျမခံစားရသလောက် အရမ်းကို တာဝန်မဲ့လွန်းတယ်လို့ ထင်ပါတယ်” ဟု မအေးသူစံက ပြောသည်။

ပုဒ်မ (၃၂၃) အရ ထောင်ဒဏ် (၁) နှစ်နှင့် ငွေဒဏ် (၁,၀၀၀) ကျပ်၊ ပုဒ်မ (၅၀၆) အရ ထောင်ဒဏ် (၂) နှစ် ချမှတ်နိုင်ကြောင်း ဥပဒေရေးရာကိုကိုးကားပြီး ရန်ကုန်တိုင်း တရားရုံးချုပ် ရှေ့နေတဦးက ပြောကြားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့